/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရပ်ရှည်ချင်တဲ့-မောင်လေး၊-ညီမလေးတွေအတွက်

အရပ်ရှည်ချင်တဲ့ မောင်လေး၊ ညီမလေးတွေအတွက် ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သူငယ်ချင်းတွေကြားထဲ ဂျပု အခေါ်ခံနေရလား? မိသားစုထဲ လူစဉ်မမှီ ဖြစ်နေလား?စိတ်မပူနဲ့နော်။ အရပ်ရှည်စေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်။

 

၁။     ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားပေးပါ။

          ကြွက်သားတွေ သန်မာဖို့နဲ့ အရိုးတွေ ခိုင်ခံ့ဖို့ ပဲမျိုးစုံ ပရိုတင်း အသားဓာတ်တွေ၊ ကယ်ဆီယမ် ကြွယ်ဝတဲ့ ဟင်းနုနွယ်လို အစိမ်းရောင် အသီးအရွက်တွေ၊ ဇင့်ဓာတ်ပါတဲ့ မြေပဲ၊ ရွှေဖရုံတွေ၊ ဗီတာမင်ဒီ ကြွယ်ဝတဲ့ မှိုတွေ စားပေးသင့်တဲ့အပြင် ဗီတာမင်ဒီ ရအောင် တစ်နေ့ ၁၅ မိနစ်လောက် နေရောင်ခံသင့်တယ်။

 

၂။     ဆယ်ကျော်သက်အရွယ် အပျို၊ လူပျိုဖော် ဝင်ချိန်မှာ လေ့ကျင့်ခန်း များများလုပ်ပေးနော်။

          တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင်ခန်း လုပ်ပေးတာက ဆယ်ကျော်သက်အရွယ်မှာ အရပ် ရှည်ထွက်လာစေတယ်။

          Gym မှာပဲဖြစ်ဖြစ်၊ အားကစားအသင်းအဖွဲ့နဲ့ပဲဖြစ်ဖြစ် လုပ်လို့ရတယ်။

          ဘာမှမလုပ်ဖြစ်ရင်တောင် လမ်းများများ လျှောက်ပေးနော်။ ဟိုနားဒီနားပေါ့။

 

၃။     ညဘက်ကို အိပ်ရေးဝဝ အိပ်ပေးပါ။

          အသက် ၂၀ အောက် အရွယ်တွေမှာ တစ်နေ့ကို ၉ နာရီကနေ ၁၁နာရီလောက် အိပ်ပေးတာက ကြီးထွားမှုဟော်မုန်း ထုတ်တာကို အားပေးတယ်။

 

၄။     အရပ်ဆိုတာ မျိုးရိုးနဲ့လည်း ဆိုင်သေးတာကို မမေ့နဲ့နော်။

          မျိုးရိုးဗီဇက အရပ် ရှည်၊ မရှည်ကို ၆၀ ကနေ ၈၀ ရာနှုန်းလောက် ဆုံးဖြတ်တယ်လို့ ပြောကြတယ်။ မိဘတွေ အရပ်ပုတိုင်း သားသမီး အရပ်မရှည်နိုင်ဘူးလို့တော့ မပြောဘူးနော်။ အရပ်ပုဖို့ အခွင်အလမ်းတော့ ပိုများတာပေါ့။

 

၅။     ကိုယ့်အရပ်ကို ကိုယ်မလျှော့ချလိုက်နဲ့။

          အရပ်ဟာ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်သေးတယ်။ အရက်နဲ့ မူးယစ်ဆေးတွေက အရပ်ရှည် ကြီးထွားနှုန်းကို ကျစေတယ်။

          ကဖိန်းသောက်ရင် အရပ် ပုတတ်တယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ဘာသက်ရောက်မှုမှ မရှိပါဘူးတဲ့။

          ဆေးလိပ်ကို ကိုယ်တိုင်ပဲသောက်သောက်၊ သူများသောက်တာကိုပဲ တစ်ဆင့်ရှူရရ အရပ်ရှည်ထွက်နှုန်းကို နှေးစေတယ်။

          ပြီးတော့ စတီးရွိုက်ကို ပန်းနာရင်ကြပ်လိုမျိုး ရောဂါတွေကြောင့် သောက်နေရသူတွေလည်း အရပ် အနည်းငယ်ပုတတ်တာကို တွေ့ရတယ်။

 

၆။     အသက် ၂၀ မပြည့်မချင်း အရပ်ရှည်နိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့နော်။ ဒါကြောင့် အားမလျှော့ပါနဲ့။

          အရပ် ပိုရှည်ထွက်သယောင် ထင်ရစေဖို့အတွက် -

●        ခါးကို မတ်မတ်နေပါ။

●        ကိုယ်ခန္ဓာနဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားကို ဝတ်ပေးပါ။

●        ဖိနပ်အမြင့်တွေလည်း စီးလို့ရသေးတယ်။

●        ခြေထောက် ပိုရှည်သွယ်တယ် ထင်ရအောင် စကပ်အတို၊ ဘောင်းဘီအတိုလေးတွေ ဝတ်ပေးပါ။

●        အရောင်ရင့်ရင့်တွေ ဝတ်ပေးတာက ပိုပြီးတော့ ပိန်သွယ်သွားသယောင် ဖြစ်စေတယ်။

●        ထောင်လိုက်အစင်းတွေပါတဲ့ အဝတ်အစားတွေက လူကို ပုရှည်တယ်လို့ ထင်ရစေတယ်နော်။

●        အမြဲတမ်း အကောင်းမြင်ပါ။

●        အစားအသောက်၊ အနေအထိုင် ဆင်ခြင်ပြီးတော့ အရပ် နည်းနည်းလောက်ဖြစ်ဖြစ် ပိုရှည်အောင် ကြိုးစားသင့်တယ်နော်။

●        ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ဟန်ပန်က တကယ်တော့ အရပ်မရှည်ပေမယ့် အရပ်ရှည်ပြီး ခန့်ညားတဲ့ပုံစံ ထွက်စေပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)