အရိုးတီဘီ
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးကို ပြောပါဆိုရင် တီဘီက ရှေ့ဆုံးကပေါ့။ တီဘီရောဂါတွေထဲကမှ အရိုးတီဘီအကြောင်းလေး ပြောချင်ပါတယ်။
တီဘီဆိုတာ Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး အရမ်းကူးစက်မြန်တာပေါ့။ တစ်ကမ်ဘာလုံးမှာ သေဆုံးမှုအများဆုံးရောဂါ ၁၀ မျိုးထဲမှာလည်း သူက ပါနေသေးတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလွန်အဖြစ်များပါတယ်။ ဒါပေမဲ့ စောစောစီးစီးသိပြီး သေချာကုသနိုင်မယ်ဆိုရင် အင်မတန် ကုရလွယ်ပါတယ်။
တီဘီဆိုတာ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပေမယ့်လည်း တခြားခန္ဓာအစိတ်အပိုင်းတွေကိုလည်း ပြန့်နှံ့နိုင်ပါတယ်။ ပြန့်သွားပြီဆိုရင် အဆုတ်ပြင်ပတီဘီလို့ ခေါ်တွင်ပါတယ်။ အဆုတ်ပြင်ပတီဘီတွေထဲက တစ်မျိုးကတော့ အရိုးနဲ့အဆစ်အမြစ်တီဘီပါ။ အထူးသဖြင့် ကျောရိုး၊ အရိုးရှည်တွေနဲ့ အဆစ်အမြစ်တွေကို ထိတတ်ပါတယ်။
အမေရိကန်နိုင်ငံမှာ တီဘီအားလုံးရဲ့ ၃% ဟာ အရိုးနဲ့ အဆစ်အမြစ်တီဘီဖြစ်ပြီး အရိုးအဆစ်အမြစ်အားလုံးကို ထိနိုင်ပေမယ့် ကျောရိုးကို အဓိက ထိတတ်ပါတယ်။ ကျောရိုးတီဘီရောဂါကို Pott’s spine လို့ ခေါ်ပါတယ်။
>> အရိုးတီဘီကို ဖြစ်စေတဲ့ အကြောင်းရင်း
တီဘီကူးစက်ခံရပြီး အဆုတ်ပြင်ပကို ပြန့်သွားတဲ့အခါ အရိုးတီဘီ ဖြစ်လာနိုင်ပါတယ်။ တီဘီပိုးဟာ လူတစ်ယောက်ကနေတစ်ယောက်ကို လေထဲကနေ ပြန့်တတ်ပါတယ်။ တီဘီကူးစက်ပြီးနောက်မှာ အဆုတ်ကနေ ဒါမှမဟုတ် လင့်ပြန်ကျိတ်ကနေ သွေးထဲကတစ်ဆင့် အရိုး၊ ကျောရိုး၊ အဆစ်အမြစ်တွေကို ပြန့်နိုင်ပါတယ်။ အထူးသဖြင့် သွေးအစီးများတဲ့ အရိုးရှည်အလယ်ပိုင်းနဲ့ ကျောရိုးဆစ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။
အရိုးတီဘီဆိုတာ ရှားတော့ ရှားပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာစုပိုင်းနှောင်းပိုင်းတွေမှာ အေအိုင်ဒီအက်စ် ကူးစက်နှုန်း များလာတာကြောင့် အတွေ့များလာပါတယ်။ ရှားပေမယ့် ရောဂါရှာဖွေရခက်သလို မကုဘဲထားမိရင်လည်း ပြဿနာပေါင်းစုံ ဖြစ်လာတတ်ပါတယ်။
>> အရိုးတီဘီဟာ ဘာနဲ့ တူတတ်သလဲ?
ရောဂါမရင့်ခင်မှာ အရိုးတီဘီလက္ခဏာတွေကို ရှာဖွေဖို့ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် ကျောရိုးဆစ်တီဘီဟာ အစောပိုင်းကာလတွေမှာ နာတာကျင်တာနဲ့ တခြားလက္ခဏာရပ်တွေ မရှိတတ်ပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာတွေတွေ့လို့ သိတဲ့အချိန်မှာ ရောဂါရင့်နေတတ်ပါတယ်။
ဒါ့အပြင် အဆုတ်တီဘီလက္ခဏာတွေကလည်း မြုံနေတတ်တော့ တီဘီ ရှိလို့ရှိနေမှန်းလည်း မသိတတ်ပါဘူး။
>> အရိုးတီဘီ ဖြစ်ပြီဆိုရင် -
● ခါးအရမ်းနာတာ
● ရောင်ရမ်းလာတာ
● တောင့်တင်းလာတာ
● ပြည်တည်နာ ဖြစ်တာတွေ ဖြစ်တတ်ပြီး
>> ပိုပြီးရင့်လာတဲ့အခါ -
● အာရုံကြောပြဿနာတွေ
● အောက်ပိုင်းသေတာ
● ကလေးတွေမှာ ခြေထောက်လေးတွေ တိုသွားတာ
● အရိုးပုံသဏ္ဌာန် ပြောင်းလဲတာတွေအထိကို ဖြစ်လာနိုင်ပါတယ်။
>> အရိုးတီဘီ ဖြစ်တဲ့သူတွေမှာ ပုံမှန်တီဘီရဲ့လက္ခဏာတွေဖြစ်တဲ့ -
● နုံးနေတာ
● ဖျားနာတာ
● ညဘက် ချွေးစေးတွေပြန်တာ
● ကိုယ်အလေးချိန် ကျတာတွေ ရှိချင်မှလည်း ရှိမှာပါ။
>> အရိုးတီဘီကို ကုသမယ်ဆိုရင် -
အရိုးတီဘီကြောင့် နောက်ဆက်တွဲတွေ ဆိုးတယ်ဆိုပေမယ့် စောစောစီးစီး မှန်မှန်ကန်ကန် ကုသမယ်ဆိုရင် ပြင်ရလွယ်ပါတယ်။ များသောအားဖြင့် ကျောရိုးဆစ် ခွဲစိတ်မှုလုပ်ဖို့ လိုတတ်ပါတယ်။ ဥပမာအားဖြင့် ကျောရိုးဆစ်ကြားအပြား ဖြတ်ထုတ်တာလိုမျိုးပေါ့။
တီဘီဆေး သောက်တာကတော့ ပထမဆုံးကုထုံးပါပဲ။ ၆ လကနေ ၁၈ လအထိ သောက်ဖို့ လိုနိုင်ပါတယ်။
ကုသနည်းတွေအနေနဲ့ -
● Rifampicin, isoniazid, ethambutol, pyrazinamideစတဲ့ တီဘီသောက်ဆေးတွေ သောက်တာ
● ခွဲစိတ်တာ စသဖြင့် ၂ မျိုး ရှိပါတယ်။
>> နောက်ဆုံးအကျဉ်းချုပ်အနေနဲ့ -
အရိုးတီဘီဆိုတာ မြန်မာနိုင်ငံလိုမျိုးမှာ သတိထားရမယ့် ရောဂါတစ်ခုပါပဲ။ သိပြီဆိုရင်လည်း ဆေးတွေနဲ့ သေချာ ပုံမှန်ကုသဖို့လိုပြီး ရောဂါရင့်နေသူတွေမှာ ခွဲစိတ်ကုသမှုပါ လိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















