အရိုးမြန်မြန် ပြန်ဆက်စေဖို့
အရိုးအဆစ်ပြဿနာနဲ့ပတ်သတ်ပြီး လတ်တလော မေးထားတဲ့မေးခွန်းလေးတစ်ခုကို ဖြေပေးပါမယ်နော်။ အမေဖြစ်သူရဲ့ အရိုးကျိုးပြီးပြန်ဆက်တဲ့အကြောင်းကို သမီးဖြစ်သူကမေးမြန်းတာပါ။
“ကျွန်မအမေဟာ အသက်၉၀ရှိပါပြီ။ လွန်ခဲ့တဲ့နိုဝင်ဘာလတုန်းက ခါးနာတယ်လို့ပြောတယ်။ ဆရာဝန်နဲ့သွားပြတယ်။ နာတာက တစ်ဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ နမိုးနီးယားအဆုတ်ရောင်ရောဂါအတွက် ဓာတ်မှန်ရိုက်တော့မှ ကျောရိုးဆစ်၁၁နေရာမှာ ကျိုးနေတာကို တွေ့ရတယ်။ အရိုးကျိုးလောက်အောင် ချော်လည်းမလဲ၊ ဘာမှလည်းမဖြစ်၊ အရင်ကလည်းမကျိုးဖူးတော့ အံ့သြမိတယ်။
ဆရာဝန်က အနာကျက်ဖို့ ၂လနဲ့အထက်လိုတယ်လို့ ပြောတယ်။ ခုထိတော့ နာကျင်နေပြီး အိပ်ရာထဲပဲလဲနေတယ်။ တစ်ခါတစ်လေလောက်မှပဲ သိပ်မနာဘဲ ထထိုင်နိုင်တယ်။” ဒီအသက်အရွယ်မှာ အရိုးပြန်ဆက်ပါ့မလား၊ အရိုးမြန်မြန်ပြန်ဆက်အောင် ဘာတွေလုပ်ပေးသင့်ပါသလဲ
အသက်ကြီးသူအမျိုးသမီးတွေမှာ အရိုးကျိုးခြင်းဟာ ကြောက်ရတဲ့ပြဿနာတစ်ခုပါပဲ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။ မလွှဲမရှောင်သာ အရိုးကျိုးပြီဆိုရင်တော့
** အရိုးပြန်ဆက်ချိန်မြန်အောင်လုပ်နိုင်မယ့် ၆ချက် **
• ဗီတာမင်အစုံနဲ့သတ္တုဓာတ်တွေပြည့်ဝအောင် သောက်ပေးပါ။
အရိုးအလေးချိန်ရဲ့၇၀%လောက်ဟာ သတ္တုဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ အထူးသဖြင့် ဇင့်၊ ကော်ပါး၊ ကယ်လ်ဆီယမ်၊ ဖော့စ်ဖရတ်စ်၊ ဆီလီကွန်တွေ အဓိကပါတယ်။ အသက်ကြီးသူအမျိုးသမီးတွေမှာဆိုရင် အရိုးပြန်ဆက်ဖို့အချိန်ကြာတတ်တာမို့ အရိုးအာဟာရဓာတ်အမျိုး၂၀လုံး ဖြည့်တင်းပေးထားဖို့လိုတယ်။
• ပရိုတင်းအသားဓာတ်များများစားပါ။
စားသောက်တဲ့အထဲမှာ ပရိုတင်းအသားဓာတ် ၂၀ဂရမ်လောက် ပိုထည့်စားပေးခြင်းဖြင့် အရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲတွေကိုလျော့ချပေးခြင်း၊ အရိုးဆက်ချိန်ကို မြန်စေခြင်း၊ အရိုးကျိုးတဲ့နေရာမှာ နောက်ထပ်အရိုးဆုံးရှုံးမှုမဖြစ်စေခြင်း စတဲ့အကျိုးတွေ ရရှိနိုင်တယ်။ အသက်ကြီးလာတာနဲ့အမျှ သိပ်ပြီးတော့ မစားနိုင်တော့တာမို့ ပရိုတင်းပေါင်ဒါမှုန့်ရှိတ်သောက်ပေးပါ။
• ရောင်ရမ်းတာတွေကို သဘာဝအတိုင်း ကျစေတယ်။
ရောင်ရမ်းတာတွေ၊ နာကျင်တာတွေ ကျစေဖို့ အက်စပရင်တို့ အိုင်ဗျူ ပရိုဖန်စတဲ့ အကိုက်အခဲပျောက်ဆေးတွေမသောက်ဘဲ ရေထဲပျော်ဝင်နိုင်တဲ့ quercetin dehydrate တစ်နေ့၂-၃ဂရမ်လောက်ကို ဗီတာမင်စီလေးနဲ့ ရောသောက်ပေးပါ။
• သွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပါ။
သွေးလှည့်ပတ်မှုကောင်းပြီး ကျိုးထားတဲ့နေရာကို အာဟာရဓာတ်ပြည့်ဝတဲ့သွေးတွေရောက်လာတာက အရိုးပြန်ဆက်နှုန်းမြန်စေတယ်။ ဖြစ်နိုင်ရင် ပြန်လည်သန်စွမ်းရေးဆရာဝန်နဲ့ တိုင်ပင်ပြီး အကောင်းဆုံးလေ့ကျင့်ခန်းကို ရွေးချယ်ပါ။ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့ သက်ကြီးရွယ်အို အမျိုးသမီးတွေဆိုရင်တေ့ာ ဖြည်းဖြည်းလေးနှိပ်နယ်ပေးတာက ကောင်းတယ်။ နှမ်းဆီနွေးနွေးလေးနဲ့ နှိပ်နယ်ပေးတာကလည်း အနာကျက်တာမြန်စေတယ်။
• အယ်ကာလိုင်းအစားအသောက်စားပါ။
အသီးအရွက်နဲ့ ဟင်းဥကို ဟင်းချိုပဲလုပ်သောက်သောက်၊ ဟင်းပဲချက်စားစား အစာကြေလွယ်တယ်။ အသားတို့၊ ပဲတို့ထည့်ချက်ခြငး်ဖြင့်လည်း အသားပရိုတင်းဓာတ်ကို ရစေနိုင်ပါတယ်။
• စိတ်ဓာတ်ခွန်အားမြှင့်တင်ပါ။
အနာကျက်မြန်စေဖို့ စိတ်ဝင်စားဖို့ကောင်းပြီး စိတ်အားတက်ကြွစရာ ရုပ်ရှင်၊ မဂ္ဂဇင်း၊ တရားစာအုပ်၊ အခွေတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ဘေးမှာရှိပါစေ။ စိတ်ဓာတ်ခွန်အားဟာ ဘယ်ရောဂါအတွက်မဆို အဓိက လိုအပ်တဲ့ အရာပါ။
အားပေးချင်တာတစ်ခုက ဘယ်အသက်အရွယ်မှာမဆို ကိုယ်ခန္ဓာကို ကောင်းကောင်းထောက်ပံ့ပေးထားမယ်ဆိုရင် အနာကျက်မြန်ပြီး အရိုးမြန်မြန်ဆက်ပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)














