/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးအတက်ထွက်ခြင်း

အရိုးအတက်ထွက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ခြေထောက်နာစေတဲ့ အခြေအနေတွေထဲက တစ်ခုကတော့ အရိုးအတက်ထွက်တာပါပဲ။ အရိုးအတက်ဆိုတာ ခြေမအဆစ်မှာ ပုံမမှန်အရိုးအတက်ထွက်ပြီး ရောင်ရမ်းတဲ့ အခြေအနေတစ်ခုပါ။

 

>>    သူ့ရဲ့လက္ခဏာတွေကတော့ -

●        ခြေမအဆစ်ရောင်ရမ်းပြီး အတက်ထွက်တာ

●        ခြေမက တခြားခြေချောင်းတွေဘက်ကို ကွေးနေတာ၊ တစ်ခါတလေ ခြေညှိုးက ခြေခလယ်ပေါ် ထပ်သွားတာ

●        ခြေမဆစ်နားတစ်ဝိုက် အရေပြားတွေ နီရဲပြီး နာနေတာ

●        ခြေမဆစ်အောက်ခြေနားမှာ အရေပြားထူနေတာ

●        ခြေမ ဒါမှမဟုတ် ခြေထောက်တွေ နာတာ

●        ဖိနပ်စီးရင် နာတာ

●        လမ်းလျှောက်ရင် နာတာ၊ လမ်းလျှောက်ရ ခက်တာတွေ ဖြစ်တတ်တယ်။

 

>>    ဖြစ်စေတဲ့အကြောင်းရင်းတွေ

          တစ်ခါတလေ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှာရခက်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ -

●        မိသားစုရာဇဝင် ရှိသူတွေမှာ ပိုအဖြစ်များတယ်။

●        ခြေထောက်မှာ မွေးရာပါ ချို့ယွင်းချက်ရှိသူတွေမှာ တွေ့ရတယ်။

●        ခြေထောက် အဆစ်ရောင်တာကြောင့် လမ်းလျှောက်ရခက်နေရင် အတက် ထွက်လာတတ်တယ်။

●        ဦးနှောက်သွက်ချာပါဒရောဂါလိုမျိုး အာရုံကြောနဲ့ ကြွက်သားပြဿနာတွေ ရှိရင်လည်း ဖြစ်တတ်တယ်။

●        ခြေဖဝါး အခုံးနည်းတာ၊ ခြေဖဝါးပြားတာ၊ အဆစ်လည်နေတာစသဖြင့် ခြေထောက် ပုံစံမမှန်တာတွေကလည်း ဖြစ်စေနိုင်ပါတယ်။

●        ဖိနပ် အရမ်းကြပ်တာ၊ ကျဉ်းတာ၊ တိုနေတာတွေနဲ့ ရှေ့ရှူးဖိနပ်တွေက အရိုးအတက် ထွက်နေသူတွေမှာ ပိုဆိုးစေနိုင်တယ်။

●        ဒေါက်ဖိနပ် စီးခြင်းကလည်း ရှိပြီးသား အရိုးအတက်ကို ပိုဆိုးစေနိုင်တယ်။

●        အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်တယ်။

 

>>    အရိုးအတက် ထွက်နေ၊ မနေ ဘယ်လိုသိမလဲ?

          ဆရာဝန်က ခြေထောက်ကို စမ်းသပ်ကြည့်မယ်။ ခြေမ လှုပ်တာကို စမ်းသပ်ကြည့်မယ်။ နောက် ဓာတ်မှန် ရိုက်ပြီးတော့လည်း ခြေချောင်းတွေရဲ့ အဆစ် ညီ/မညီ၊ ခြေချောင်း ပုံပျက်နေတာ ဘယ်လောက်ဆိုးသလဲဆိုတာတွေကို သိနိုင်တယ်။

 

>>    နောက်ဆက်တွဲဆိုးကျိုးတွေ -

          အရိုးအတက်တိုင်းကတော့ ပြဿနာမပေးပါဘူး။ ဒါပေမဲ့ အရိုးအတက်ကြောင့် -

●        ခြေမကြီးက တွန်းတာကြောင့် ခြေညှိုးက ဘေးကိုကပ်သွားပြီး ဘေးခြေချောင်းပေါ် ထပ်သွားတတ်တယ်။

●        အတက်ထွက်တဲ့ခြေမ အဆစ်ရောင်တတ်တယ်။

●        လမ်းလျှောက်ရင် နာတတ်တယ်။

 

>>    ဘယ်လိုကုကြမလဲ?

●      ကိုယ်နဲ့ အဆင်ပြေမယ့်ဖိနပ်ကို ရွေးပါ။

          အရိုးအတက်အများစုက ခွဲစိတ်စရာ မလိုပါဘူး။ အရိုးအတက်အတွက် ပထမဆုံးအဆင့်က သေချာတော်မယ့်ဖိနပ်ကို စီးဖို့ပါပဲ။ တစ်ခါတလေ ဖိနပ်အဆင်ပြေသွားရုံနဲ့တင် ပျောက်သွားနိုင်တယ်။ အရိုးအတက်ကို သွားသွားမဖိမိစေမယ့် ဖိနပ်ကျယ်ကျယ်ကို ရွေးပါ။ ထိုးကွင်းရော၊ ခြေထိပ်ရောကျယ်ပြီး ဒေါက် မပါတာမျိုးပေါ့။ ဆရာဝန်နဲ့ ပြကြည့်ပါ။ (နိုင်ငံခြားမှာတော့ ခြေထောက် ကျွမ်းကျင်ပညာရှင်တွေ ရှိတယ်။) တစ်ခါတလေ ခြေထောက်အနေအထားမှန်ပြီး အတက်ကို ပြန်သေးသွားစေမယ့် ခြေထိန်းဖိနပ်မျိုးတွေ စီးဖို့ လိုနိုင်တယ်။

 

●      ဖော့ခံ pads နဲ့ ခြေထိပ်ဖော့ toe inserts

          ဒီလိုအောက်ခံဖော့ pad တွေဟာ အဆစ်ကို ထိခိုက်မှုနည်းစေပြီး နာတာ၊ ကျင်တာကို သက်သာစေနိုင်တယ်။ ခြေထိပ်ဖော့တွေကလည်း ခြေချောင်းတွေကို ပြန်ပြီးဖြောင့်သွားစေတယ်။

 

●      ဆေး

          တချို့အတွက်တော့ အိုင်ဗျူပရိုဖန်၊ အက်စပရင်နဲ့ ပါရာစီတမောလိုမျိုး အကိုက်အခဲပျောက်ဆေးတွေဟာ အတက်ကြောင့် နာတာ၊ ကျင်တာတွေကို သက်သာစေနိုင်တယ်။

 

●      ခွဲစိတ်ခြင်း

          အရမ်းဆိုးတဲ့ အခြေအနေမျိုးတွေမှာတော့ ခွဲစိတ်ဖို့ လိုနိုင်တယ်။ ခြေမကို ပုံမှန်အနေအထား ပြန်ရောက်စေပြီး နာတာ၊ ကျင်တာကို သက်သာစေနိုင်တယ်။ ခွဲစိတ်မှုပုံစံတွေကတော့ အမျိုးမျိုးရှိတယ်။ အရိုးအတက်ကို စားပစ်တာ၊ အရိုးအစွန်းကို ဖြတ်ပစ်တာ၊ ပုံပျက်နေတဲ့အရိုးကိုဖြတ်ပြီး ပြန်ဆက်တာ စသဖြင့်ပေါ့။ ဒီလိုအရိုးကို ပြန်ညီအောင် ဆက်တဲ့အခါ အပ်တွေ၊ ဝက်အူတွေ ထည့်ဖို့လိုနိုင်တယ်။

          ခွဲစိတ်ပြီးတော့ ပြန်လည်သန်စွမ်းရေး အချိန်ကတော့ ကြာတတ်တယ်။ ခြေထောက်ကို မသုံးဘဲ ရက်သတ္တပတ် တော်တော်ကြာကြာ မြှောက်ထားရတတ်တယ်။ ခွဲပြီးချိန်မှာ ကျောက်ပတ်တီးစည်းဖို့ လိုတယ်။ လုံးလုံးကြီး ပြန်ကောင်းသွားဖို့ကတော့ အချိန်တစ်နှစ်လောက်အထိ ကြာနိုင်တယ်။

          ခွဲစိတ်နည်း အသစ်တစ်မျိုးဖြစ်တဲ့ ထိခိုက်မှုနည်း ခွဲစိတ်နည်းကတော့ နာလန်ထချိန် ပိုမြန်ပြီးတော့ ခြေမရဲ့ပုံသဏ္ဌာန်ကို ပိုမှန်စေနိုင်ပေမယ့် ရှေးရိုးစဉ်လာ ခွဲစိတ်နည်းထက် ပိုကောင်း၊ မကောင်းကိုတော့ သေချာမသိသေးပါဘူး။

Dr. Mya Phoo Ngon (www.drmyanmar.com)