အရိုး ပွ၊ မပွ ဘယ်လိုတိုင်းတာမလဲ
အရိုးသိပ်သည်းဆကို တိုင်းတာတယ်ဆိုတာ ဓာတ်ရောင်ခြည်အပျော့စားကိုသုံးပြီး အရိုးက ဘယ်လောက်ထိ သိပ်သည်းသလဲ၊ သန်မာသလဲဆိုတာကို တိုင်းတာတာပါ။ DEXA scan လို့လည်း ခေါ်ပါတယ်။
ဒီအရိုးသိပ်သည်းဆတိုင်းဓာတ်မှန်တွေဟာ အရိုးပွရောဂါ ရှိ၊ မရှိကို တိုင်းတာဖို့အတွက် အသုံးပြုပါတယ်။
မြန်ဆန်ပြီး နာကျင်မှုမရှိတဲ့ စစ်ဆေးမှုတစ်ခုဖြစ်တဲ့အပြင် အရိုးသိပ်သည်းဆကို တိုင်းတာရာမှာ ရိုးရိုးဓာတ်မှန်ထက် ပိုပြီးကောင်းပါတယ်။
>> ဘယ်သူတွေမှာ အရိုးသိပ်သည်းဆကိုတိုင်းတာဖို့ လိုအပ်ပါသလဲ?
● အသက် ၅၀ ကျော်ပြီး အရိုးပွရောဂါရှိနိုင်ခြေရှိသူတွေ
● အသက် ၅၀ အောက်ဖြစ်ပြီး ဆေးလိပ်သောက်ခြင်း၊ အရိုးကျိုးဖူးခြင်း စတဲ့အချက်တွေရှိသူတွေမှာ စစ်ဆေးကြည့်ဖို့လိုပါတယ်။
အရိုးပွရောဂါဖြစ်ပြီး အရိုးကျိုးနိုင်ခြေ ရှိ၊ မရှိကို အရိုးသိပ်သည်းဆတိုင်းဓာတ်မှန်အပြင် အရိုးကျိုးနိုင်ခြေကို စစ်ဆေးမှုနဲ့တွဲပြီး သုံးသပ်ပါတယ်။
အရိုးပွရောဂါဟာ လူတိုင်းအသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့ ပိုတွေ့ရပါတယ်။
သွေးဆုံးပြီးနောက်ပိုင်းမှာ အီစထရိုဂျင်ပမာဏ လျော့ကျလာတာကြောင့် အရိုးသိပ်သည်းဆကို ကျဆင်းစေနိုင်ပါတယ်။
အရိုးသိပ်သည်းဆများလေလေ အရိုးက ပိုသန်မာလာလေလေ အရိုးကျိူးနိုင်ခြေ ပိုနည်းလာလေလေပါပဲ။ အရိုးပွရောဂါဟာ အရိုးမကျိုးမချင်းကို ဘာလက္ခဏာမှမပြပါဘူး။
>> အရိုးသိပ်သည်းဆကို တိုင်းတာခြင်း
အရိုးသိပ်သည်းဆကို တိုင်းတာတဲ့အခါ အထူးဓာတ်ရောင်ခြည်တစ်မျိုးကို ကိုယ်ခန္ဓာထဲ ဖြတ်သန်းစေပါတယ်။ ဒီဓာတ်ရောင်ခြည်ကို အတိုကောက် DEXA scan လို့ခေါ်ပါတယ်။
တချို့ရောင်ခြည်တွေကို အရိုးနဲ့တစ်သျှူးတွေက စုပ်ယူပြီး တချို့ရောင်ခြည်တွေက ခန္ဓာကိုယ်ကို ဖြတ်သွားပါတယ်။
DEXA စက်မှာပါတဲ့ အထူးလက်ခံစက်တွေက အရိုးကို ရောင်ခြည်ဘယ်လောက်က ဖြတ်သွားတယ်ဆိုတာကို တိုင်းတာပြီး ဒီအချက်အလက်တွေကို ကွန်ပြူတာထဲ ပေးပို့ပါတယ်။
တိုင်းတာရရှိတဲ့ ကိုယ့်ရဲ့အရိုးသိပ်သည်းဆကို ကျန်းမာတဲ့လူငယ်တစ်ယောက်ရဲ့သိပ်သည်းဆ ဒါမှမဟုတ် ကိုယ်နဲ့အသက်အရွယ်၊ လိင်၊ မျိုးရိုးတူတဲ့လူရဲ့သိပ်သည်းဆနဲ့ တိုင်းတာပါလိမ့်မယ်။
>> အရိုးသိပ်သည်းဆတိုင်းဓာတ်မှန်တွေဟာ ဘယ်လောက်ထိ စိတ်ချရပါသလဲ?
အရိုးသိပ်သည်းဆတိုင်းဓာတ်မှန်တွေဟာ တော်တော်စိတ်ချရပါတယ်။ ဒီဓာတ်မှန်တွေမှာသုံးတဲ့ ဓာတ်ရောင်ခြည်တွေဟာ ပုံမှန်ဓာတ်မှန်မှာ သုံးတာထက်ကို ပိုပြီးနည်းတဲ့အတွက် ဓာတ်မှန်ကျွမ်းကျင်ပညာရှင်ပါ ဓာတ်မှန်ခန်းထဲနေလို့ ရပါတယ်။
ဒီသိပ်သည်းဆဓာတ်မှန်မှာသုံးတဲ့ ဓာတ်မှန်ရောင်ခြည်ပမာဏဟာ အရမ်းနည်းပါးပြီး သဘာဝရောင်ခြည်ပမာဏ ၂ ရက်စာလောက်တောင် မရှိပါဘူး။
ယှဉ်ကြည့်လိုက်ရင် ရိုးရိုးဓာတ်မှန်တစ်ချပ်မှာသုံးတဲ့ပမာဏက သဘာဝရောင်ခြည်ပမာဏ ၃ ရက်စာရှိပြီး မြောက်အမေရိကကို လေယာဉ်စီးတာကတော့ သဘာဝရောင်ခြည် တစ်ပတ်စာ ရှိပါတယ်။
ဘယ်လောက်ပဲစိတ်ချရတယ်ပြောပြော အရိုးသိပ်သည်းဆတိုင်းဓာတ်မှန်တွေနဲ့ ရိုးရိုးဓာတ်မှန်တွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဓာတ်ရောင်ခြည်က မမွေးသေးတဲ့သန္ဓေသားကလေးကို ထိခိုက်နိုင်လို့ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)















