/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရွယ်ရောက်သူတိုင်း-ထိုးထားသင့်တဲ့-ကာကွယ်ဆေးအမျိုးအစားများ

အရွယ်ရောက်သူတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးအမျိုးအစားများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကာကွယ်ဆေးဆိုတာရောဂါကို ကိုယ်ခံအားမှတ်ဉာဏ်စနစ် ဖန်တီးပြီး ပြည့်ပြည့်ဝဝ ကာကွယ်ပေးတာမို့ အရွယ်ရောက်သူတိုင်း ထိုးထားသင့်ပါတယ်။ ငယ်ငယ်က အစိုးရကာကွယ်ဆေးထိုး စီမံချက်တွေမှာ ထိုးရသလို ကြီးလာတော့လည်း ဘာတွေထပ်ထိုးဖို့လိုမလဲ?

 

●        မေးခိုင်ရောဂါ ကာကွယ်ဆေး

          ငါးနှစ်အောက်ကလေးမှာ မေးခိုင်ကာကွယ်ဆေးက အစိုးရဆေးထိုးစီမံချက်ထဲမှာ ပါခဲ့ပါတယ်။ မေးခိုင်ကာကွယ်ဆေးကို ဆယ်နှစ်တစ်ကြိမ် ထိုးနှံသင့်ပါတယ်။ ကြားထဲမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ထပ်တိုးတစ်လုံး အမြဲထိုးထားသင့်ပါတယ်။

 

●        တုပ်ကွေး ကာကွယ်ဆေး

          Flu shot ကိုတော့ လူတိုင်း ခြောက်လတစ်ခါ ထိုးနှံသင့်ပါတယ်။ အသက် 60 အထက်တွေ အသက်ရှူလမ်းကြောင်းရောဂါရှိသူတွေ၊ အဆုတ်အားနည်းသူတွေ ဒီလိုလူတွေဟာ တုပ်ကွေးကာကွယ်ဆေး အမြဲထိုးနေဖို့ ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်သူတွေအတွက် တုပ်ကွေးက ခံနိုင်ရည် ရှိပေမယ့် အသက်ကြီးတဲ့အခါ ရောဂါအခံရှိတဲ့အခါ ဆရာဝန် ညွှန်ကြားသလို အမြဲထိုးနှံဖို့ လိုအပ်ပါတယ်။

 

●        အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး

          ဖြစ်နိုင်ရင် ဘီပိုးကာကွယ်ဆေးကို လူတိုင်း ထိုးထားသင့်ပါတယ်။ အခုနောက်ပိုင်း ကလေးတွေအတွက် အစိုးရစီမံချက်မှာ ပါဝင်လာပေမယ့် အရင်ခေတ်က မထိုးခဲ့ရတာမို့ စစ်ဆေးပြီး ထိုးလိုက်တာ အကောင်းဆုံးပါ။ ဘီပိုး မထိုးခင် ပိုး ရှိ/မရှိ အရင်စစ်ဆေးရပါတယ်။ ပြီးမှ ရက်ပြည့်အောင် သုံးကြိမ် ထိုးနှံရပါတယ်။ ပဋိဇီဝပစ္စည်း အလုံအလောက် ပေါ်၊ မပေါ် ထပ်မံစစ်ဆေးပြီး လိုအပ်သလို အပိုဆောင်း ထပ်ထိုးရပါတယ်။

 

●        သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

          ဒါကတော့ အမျိုးသမီးတွေအတွက်ပေါ့။ အသက် 21 မှ 60 အတွင်း အမျိုးသမီးတွေ အကုန်ထိုးနှံနိုင်ပါပြီ။ စောစောထိုးလေ ကာကွယ်မှုကောင်းလေပါ။ သားအိမ်ခေါင်း အသားစယူ စစ်ဆေးပြီး ထိုးရပါတယ်။ မထိုးခင် သားဖွားမီးယပ်ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ ဈေးနည်းနည်း များပေမယ့် ထိုက်တန်သလောက် ကာကွယ်မှုအပြည့်ရတာကြောင့် ထိုးထားလိုက်တာ အမှန်ဆုံး ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)