/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်မှအလုပ်ဆိုသူတွေအတွက်-လိုက်နာသင့်တဲ့နည်းလမ်းကောင်းများ

အလုပ်မှအလုပ်ဆိုသူတွေအတွက် လိုက်နာသင့်တဲ့နည်းလမ်းကောင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အိပ်ရေးပျက်မခံပါနှင့်

        အလုပ်များသူအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေဟာ အရမ်းနောက်ကျမှ အိပ်ရာ၀င်ပြီး မနက်ပိုင်းမှ အိပ်ရာထနောက်ကျတတ်ပါတယ်။ အိပ်စက်မှုပုံစံမမှန်တာကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကြည် လင်ခြင်းစတာတွေကို ခံစားရပါတယ်။ အိပ်စက်ခြင်းကြောင့်  လူကို ရုပ်ကျန်းမာစေရုံသာမက၊ မှတ်ဉာဏ်ကိုလည်း တည်ငြိမ်စေပါတယ်။

2.      ဗီတာမင်ဆေးဝါးမှီ၀ဲပါ

        တစ်နေ့တာအတွက် ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင်ဓါတ်နဲ့ သတ္တုဓာတ်တွေရရှိအောင် အပြည့်အ၀ မစားဖြစ်ဘူးဆိုရင် ဗီတာမင်ဆေးဝါးမှီ၀ဲပါ။

3.      လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

        ရုံးမှာထိုင်ပြီး အလုပ်လုပ်ရသူတွေဟာ အခြားသူတွေထက်ပိုပြီး လေ့ကျင့်ခန်း ပိုလုပ်သင့်ပါတယ်။ အထိုင်များတာကြောင့် အဆီများတဖြည်းဖြည်းစုလာပြီး ကိုယ်အလေးချိန်တက်လာ တတ်လို့ပါ။ ကြွက်သားများသန်မာစေမယ့် လေ့ကျင့်ခန်းတွေက အထိုင်များသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်းမာတဲ့နေထိုင်မှုပုံစံအပြင် အသားအရေကိုလည်း လှပစေပါတယ်။

4.      အပြင်ကို အလည်အပတ်သွားပါ

          အလုပ်ကပြန်လာတာနဲ့ တီဗီရှေ့တန်းထိုင်ပြီး ဇာတ်လမ်းတွဲတွေ ဆက်တိုက်ထိုင်ကြည့်ခြင်း၊ တစ်နေ့တစ်နေ့ ရုံးနှင့်အိမ်သွားလိုက်ပြန်လိုက်ပဲ လုပ်ခြင်းမျိုးကို ရှောင်ရှားပါ။ အားလပ်ချိန်မှာ သူငယ်ချင်းများနှင့်အတူ ဈေး၀ယ်ထွက်တာမျိုး၊ ပန်းခြံသွားတာမျိုး စတာတွေကိုလုပ်ဆောင်ပေးပါ။

5.      စာဖတ်ပါ

        စာအုပ်ကောင်းများဖတ်ပေးခြင်းဖြင့် အတွေး သစ်၊ အမြင်သစ်များရရှိနိုင်သလို အကောင်းမြင်စိတ်လည်း တိုးပွားလာတာကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

6.      တရားထိုင်ပါ

        တရားထိုင်ခြင်းသည် စိတ်ကိုတည်ငြိမ်စေပြီး ဖိစီးမှုများကို ကင်းေ၀းစေပါတယ်။ တရားထိုင်နေချိန်မှာ အသက်ကို ဖြေးဖြေးမှန်မှန်ရှုပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ကို လုံလောက်စွာရရှိတာကြောင့် ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ စိတ်တည်ငြိမ်လာတာကြောင့် မှတ်ဉာဏ်စွမ်းအားတွေလည်း ပိုတိုးလာပါတယ်။

7.      ရေနွေးဖြင့်ချိုးပါ

          အလုပ်များပြီး စိတ်ဖိစီးမှုကို ခံစားလာရပြီဆိုရင် အိမ်ပြန်ရောက်တာနဲ့ အလုပ်တွေကို အတွေးထဲက ခဏမေ့ထားပြီး ရေနွေးဖြင့် ရေချိုးပါ။ ရေနွေးဖြင့်ရေချိုးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ကိုတည်ငြိမ်စေပါတယ်။

8.      နောင်တရနေမည့်အစား အနာဂတ်အတွက်ပြင်ဆင်ပါ

        အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ အမှားများ၊ ကျရှုံးမှုများအတွက် မိမိကိုယ်ကို အပြစ်တင် နောင်တရနေမည့် အစား အမှားများမှသင်ခန်းစာယူပြီး အနာဂတ်ကို ရင်ဆိုင်ဖို့ကြိုးစားပါ။

9.      ခွင့်လွှတ်တတ်တဲ့စိတ် မွေးမြူပါ

        ခွင့်လွှတ်တတ်တဲ့သူတွေမှာ ဒေါသနှင့် ခါးသီးမှုတွေမရှိတာကြောင့် ချမ်းသာစွာအိပ်စက်ရခြင်း၊ ချမ်းသာစွာနိုးခြင်း၊ လူအများလေးစားခံရခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

10.    ဝါသနာကိုအကောင်အထည်ဖော်ပါ

        တစ်နေ့တစ်နေ့ အလုပ်ချည်းပဲလုပ်မနေဘဲ အလုပ်ချိန်ပြင်ပမှာ မိမိဝါသနာပါတဲ့ ကိစ္စတစ်ခုခုကို လုပ်ဆောင်နိုင်ဖို့ အချိန်ပေးပါ။ ဝါသနာပါတဲ့အရာကိုလုပ်နေတဲ့အချိန်မှာ စိတ်ပျော်ရွှင်မှုကို ခံစားရတာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်းကို ပပျောက်စေပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com