အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောရောဂါ
ကိုယ်အလေးချိန် အရမ်းများတာ၊ အဝလွန်တာဟာ ရောဂါကြီးကြီးမားမားတွေ ဖြစ်စေနိုင်သလို နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ စတဲ့ ဖြစ်ပွားနှုန်းကိုလည်း မြင့်တက်စေပါတယ်။
>> ဘာလို့ အဝလွန်ရတာလဲ?
အစားအသောက်တွေမှာရှိတဲ့ အင်အားကို ကယ်လိုရီနဲ့ တိုင်းတာပါတယ်။ စားလိုက်တဲ့ အစားအစာတွေကနေ ခန္ဓာကိုယ်ထဲကို ကယ်လိုရီတွေ ရောက်သွားပြီး လှုပ်ရှားသွားလာတာကနေ ကယ်လိုရီတွေကို ပြန်ပြီး လောင်ကျွမ်းလိုက်ပါတယ်။ ကိုယ်သုံးတာထက် စားမိတဲ့ ကယ်လိုရီပမာဏက များနေရင် ပိုလျှံတဲ့ကယ်လိုရီ ပမာဏကို ခန္ဓာကိုယ်က အဆီအဖြစ် သိမ်းဆည်းလိုက်ပါတယ်။ ဆိုတော့ ပိုပြီးစားမိနေတာ အကြိမ်ရေများလာရင် ကိုယ်အလေးချိန် တက်လာပါတော့တယ်။
>> အဝလွန်တာက နှလုံးသွေးကြော ဖြစ်ပွားနိုင်ချေကို ဘယ်လိုမြင့်တက်စေတာလဲ?
အဝလွန်ရာကနေ သွေးကြောတွေထဲမှာ အဆီတွေကို စစုလာစေပါတယ်။ နှလုံးထဲကမု သွေးပို့ရတဲ့ သွေးကြောတွေ ပျက်စီးပြီး ပိတ်သွားရင် နှလုံးသွေးကြောပိတ်တာ၊ ပုတ်တာကို ဖြစ်စေပါတယ်။ ဦးနှောက်ကို သွားတဲ့ သွေးကြောမှာဖြစ်ရင် လေဖြတ်နိုင်ပါတယ်။
** ခန္ဓာကိုယ်ထဲက အဆီတွေ
● လူတွေဟာ ကျန်းမာဖို့အတွက် ခန္ဓာကိုယ်မှာ အဆီရှိဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ အရမ်းများလာရင် အထူးသဖြင့် ခါးတစ်ဝိုက်က အဆီက ကျန်းမာရေးကို ထိခိုက်စေပါတယ်။
● လူတွေက အရေပြားအောက်က သိသာတဲ့အဆီကိုကြည့်ပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်စိုးရိမ်ရမှာက မျက်စိနဲ့မမြင်ရတဲ့ ကိုယ်တွင်းကလီစာတွေကို ဖုံးအုပ်ထားတဲ့အဆီပါ။
** ကိုယ်တွင်းအဆီက
● ကိုလက်စထရော ပမာဏကို တက်စေတယ်။
● သွေးပေါင်ချိန်ကို တက်စေတယ်။
● ဆီးချိုရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။
ဒီအချက်တွေအားလုံးကလည်း နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေမှုကို မြင့်တက်စေပါတယ်။
>> ကိုယ်အလေးချိန်ကျအောင် ဘာတွေလုပ်သင့်လဲ?
● ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
● ပမာဏကို လျှော့စားပါ။
● အဆီပါဝင်မှုများတာတွေ မစားပါနဲ့။
● ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။
Dr. Htar (www.drmyanmar.com)















