အသက်အန္တရာယ်မရှိသော ရင်ဘတ်အောင့်ခြင်းသုံးမျိုး
အချို့သော ရင်ဘတ်အောင့်ခြင်းများသည် အရေးပေါ်အခြေအနေထိ ရောက်နိုင်သောကြောင့် ရင်ဘတ်အလည်တည့်တည့် (သို့) လက်မောင်း၊ နောက်ကျော၊ မေးရိုး၊ လည်ပင်း၊ အစာအိမ် စသည့်နေရာများတွင်အောင့်ခြင်း၊ လေးခြင်း၊ နေရထိုင်ရခက်ခြင်းများအပြင် အသက်ရှူမ၀ခြင်း၊ ချေွးစေးများထွက်ခြင်း၊ ပျို့ခြင်း နှင့် ခေါင်းမူးခြင်းများကို ငါးမိနစ်ထက်ပိုမိုခံစားနေရပါက အရေးပေါ်ဌာနသို့ ချက်ချင်းအကြောင်းကြားပါ။
အထက်ပါလက္ခဏာတို့သည် နှလုံးတိုက်ခိုက်ခံရခြင်း(Heart Attack) လို့ခေါ်တဲ့ နှလုံးသို့ သွေးများမရောက်ခြင်းကြောင့်ဖြစ်နိုင်သောကြောင့် နှလုံးကြွက်သားများကို ကယ်တင်ရန်ကုသမှုကို ချက်ချင်းခံယူသင့်ပါသည်။
သို့ရာတွင် ရင်ဘတ်အောင့်ခြင်းသည် ခဏတာဆိုပါက အခြားအကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။
အခြားအကြောင်းအရင်းဟုဆိုနိုင်သော ရောဂါလက္ခဏာများ
- မျက်စိတစ်မှိတ်လျှတ်တစ်ပြတ်အမျှသာ ရင်ဘတ်အောင့်ခြင်းဆိုပါက ကြွက်သား၊ အရိုးများရောင်ခြင်း (သို့) အာရုံကြောများ နာကျင်ခြင်း ဖြစ်နိုင်ပါသည်။ အကယ်၍ မိနစ်အနည်းငယ်ကြာနေပါက ရင်ဘတ်အောင့်ခြင်းသည် အရေးကြီးနိုင်ပါသည်။
- တစ်နေရာထဲတွင်သာ ထိုးအောင့်၍အသက်ရှူသောအနေအထားကိုလိုက်၍ ပိုဆိုးလာသောရင်ဘတ်အောင့်ခြင်းသည် အဆုတ်ကြောင့်ပိုမိုဖြစ်နိုင်ပါသည်။ (ဥပမာ - အဆုတ်အမြှေးပါးရောင်ခြင်း၊ အဆုတ်ရေ၀င်ခြင်း (သို့) ရင်ကျပ်ခြင်း) နှလုံးအောင့်ခြင်းဆိုပါက တစ်နေရာထဲတွင်မဖြစ်ဘဲ အနီးအနားတစ်၀ိုက်တွင်ပါ အောင့်လေ့ရှိသည်။
- အားကစားလုပ်ခြင်းဖြင့် ရင်ဘတ်အောင့်သက်သာလာပါက အခြားအကြောင်းအရင်းများကြောင့်ဖြစ်နိုင်သည်။ (ဥပမာ - အက်ဆစ်များအထက်သို့ဆန်တက်ခြင်း) နှလုံးကြောင့် ရင်ဘတ်အောင့်ပါက လေ့ကျင့်ခန်းပြုလုပ်လျှင် ပိုမိုဆိုးရွားလာလေ့ရှိသည်။
နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack) ၏ ရောဂါလက္ခဏာအမျိုးမျိုး
နှလုံးတိုက်ခိုက်ခံရခြင်း (သို့) နှလုံးအောင့်ခြင်းရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပေ။ အချို့သူများတွင် ရောဂါေ၀ဒနာလုံး၀မခံစားကြရသော်လည်း အခြားသူများတွင် အလွန်ဆိုးရွားသော ရင်ဘတ်အောင့်ခြင်းကို ခံစားရလေ့ရှိသည်။ အချို့တွင်မူ လက်မောင်းအောင့်ခြင်းလောက်သာ ဖြစ်တတ်ပါသည်။
မည်သည့်နေရာတွင်အောင့်သည်ဖြစ်စေ ၎င်းအောင့်ခြင်းကို သက်သာစေနိုင်သော ခန္ဓာကိုယ်အနေအထားမရှိသည့်အပြင် အရည်များသောက်ခြင်း၊ အစာအိမ်ရောဂါသက်သာဆေးများသောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည့်အပြုအမူများဖြင့်လည်း သက်သာအောင်ပြုလုပ်၍မရနိုင်ပေ။
နှလုံးအောင့်ခြင်းသည် ပုံမှန်အားဖြင့်ငါးမိနစ်ခန့်ကြာမြင့်တတ်၍ (တခါတရံ နာရီ၀က်မှ ရှားရှားပါးပါး 2 နာရီထိကြာလေ့ရှိ) အရေးပေါ် အခြေအနေတစ်ခုဖြစ်ခြင်းကြောင့် ကုသမှုကိုချက်ချင်းခံယူသင့်ပါသည်။
အကယ် ၍ရင်ဘတ်အောင့်ခြင်းသည် ခဏတာသာဖြစ်သော်လည်းဆိုးရွားပါက ဆရာ၀န်နှင့်တိုင်ပင်သင့်ပါသည်။
Dr. Thinzar Wynn
















