အသည်းရောင်အသားဝါရောဂါ
အသည်းဟာ ကိုယ်ခန္ဓာမှာ အကြီးဆုံးအင်္ဂါတစ်ခုဖြစ်သလို မရှိမဖြစ် အရေးပါအရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အသည်းဟာ
• အစာခြေရာမှာအရေးပါတဲ့သည်းခြေရည်ကို ထုတ်လုပ်ပေးပါတယ်။
• ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အသားဓာတ်နဲ့ သွေးခဲပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။
• သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီး အချိုဓာတ်ကိုစုဆောင်းပေးထားပါတယ်။
• အစာအိမ်နဲ့အူကိုလက်တွဲပြီး အစာခြေဖျက်ပေးပါတယ်။
• ဗီတာမင်နဲ့သတ္တုဓာတ်တွေကို သိမ်းဆည်းပေးပါတယ်။
• သွေးထဲကနေအရက်အပါအဝင်အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
Liveril 1
အသည်းရောင်လာတဲ့အခါ ပုံမှန်အလုပ်မလုပ်နိုင်တော့ပဲ ကြာလာရင် အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ အသည်းရောင်စေတဲ့အဓိက အကြောင်းရင်းကတော့ ဗိုင်းရပ်စ်ပိုးပဲဖြစ်ပါတယ်။ ဆေးတွေ၊အရက်တွေကလည်း အသညး်ရောင်စေနိုင်ပါတယ်။ တစ်ခါတစ်လေ ခုခံအားစနစ်ကမောက်ကမဖြစ်ပြီး ပုံမှန်အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်နိုင်ပါသေးတယ်။ ဒီလိုအသည်းရောင်ခြင်းဟာ ရံဖန်ရံခါ သူ့အလိုလိုပျောက်သွားတတ်သလို မပျောက်သူတွေမှာ ဆေးတွေနဲ့ကုသရပါမယ်။ တစ်ခါတစ်လေ တစ်သက်လုံးလည်း အသည်းရောင်နေတတ်ပါတယ်။
>> လတ်တလောအသည်းရောင်ခြင်းနဲ့ နာတာရှည်အသည်းရောင်ခြင်း
လတ်တလောအသည်းရောင်ခြင်းဟာ အပျော့စားဖြစ်နိုင်သလို အပြင်းစားလည်း ဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါပိုး A နဲ့ E ဟာ နာတာရှည်အသည်းရောင်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ အသည်းရောင် အသားဝါပိုး B, C, D ကတော့ လတ်တလောအသည်းရောင်ခြင်းရော၊ နာတာရှည်အသည်းရောင်ခြင်းပါ ဖြစ်စေနိုင်ပါတယ်။ နာတာရှည်အသည်းရောင်အသားဝါ B နဲ့ C ကိုတော့ အထူးကြောက်ရပါတယ်။
Liveril 2
>> အသည်းရောင်အသားဝါရောဂါအမျိုးအစားများ
အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး ၅ မျိုးရှိပါတယ်။
1. အသည်းရောင်အသားဝါ A ပိုး - လူ့အညစ်အကြေးနဲ့ထိတွေ့မိတဲ့ အစားအသောက်တွေကတစ်ဆင့် အသည်းရောင်အသားဝါAပိုးကူးစက်တတ်ပြီး အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။
2. အသည်းရောင်အသားဝါ B ပိုး - အသည်းရောင်အသားဝါBပိုးဟာ အမေကနေကလေးကို မွေးနေစဉ်သို့မဟုတ်မွေးပြီးနောက်ပိုင်း ကူးနိုင်သလို လိင်ဆက်ဆံရာမှတစ်ဆင့်၊ သွေးမှတစ်ဆင့်၊ မသန့်တဲ့အပ်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာတွေအထိ ဖြစ်နိုင်ပါတယ်။
3. အသည်းရောင်အသားဝါ C ပိုး - အဖြစ်များဆုံးအသည်းရောင်အသားဝါရောဂါတစ်မျိုးဖြစ်ပြီး သွေးတွေ၊အပ်တွေကနေကူးစက်နိုင်ပေမယ့် အကြောင်းရင်းကို သေချာအတိအကျမသိရှိရသေးပါဘူး။ C ပိုးဟာ အသည်းလည်းခြောက်စေနိုင်ပါတယ်။ ခုခံအားကျကူးစက်ရောဂါ HIV ရောဂါပိုးရှိသူတွေရဲ့ ၂၅%ခန့်နဲ့ ဆေးသမား HIV ရောဂါသည်တွေရဲ့ ၉၀% ခန့်မှာ အသည်းရောင်အသားဝါ C ပိုးကို တွေ့ရတတ်ပြီး HIV နဲ့တွဲတဲ့အခါ ပိုဆိုးနိုင်ပါတယ်။
4. အသည်းရောင်အသားဝါ D ပိုး - အသည်းရောင်အသားဝါ B ပိုးရှိသူ ဆေးသမားတွေမှာ တွဲဖက်တွေ့ရှိရပါတယ်။ D ပိုးဟာ B ပိုးရှိမှကူးစက်နိုင်ပြီး B ပိုးလိုပဲ ကူးစက်တတ်ပါတယ်။ B ပိုးရှိသူတွေမှာ D ပိုးတွဲဖြစ်ပါက ရောဂါပိုပြီးပြင်းထန်တတ်ပါတယ်။
5. အသည်းရောင်အသားဝါ E ပိုး - A ပိုးလိုပဲ E ပိုးဟာ သန့်ရှင်းမှုနည်းပါးတဲ့နိုင်ငံတွေမှာ ပိုဖြစ်တတ်ပါတယ်။
အနှစ်ချုပ်အနေနဲ့ဆိုရင်တော့-
1. အသည်းရောင်လာတဲ့အခါ အသည်းကောင်းကောင်း အလုပ်မလုပ်နို်င်တော့ပါဘူး။
2. ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပါတယ်။
3. အသည်းရောင်အသားဝါ ၅ မျိုးရှိပြီး A နဲ့ E ဟာ မသန့်ရှင်းတဲ့အစားအသောက်၊ ရေ၊ အညစ်အကြေးတွေကနေတစ်ဆင့် ကူးစက်ကာ B, C, Dပိုးတွေဟာ သွေးတွေ၊ကိုယ်တွင်းအရည်တွေကနတစ်ဆင့် ကူးစက်တတ်ပါတယ်။
4. အသည်းရောင်အသားဝါ A နဲ့ B ကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ပေမယ့် အသည်းရောင်အသားဝါ C, D, E ရောဂါတွေမှာတော့ ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါ့အပြင် B, C, D ပိုးတွေဟာ အသည်းခြောက်ခြင်းနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















