အသားညိုလာပြီဆို...သတိထား
အသားအရောင် ရင့်လာခြင်း (သို့) ရောင်ခြယ်များလာခြင်းဆိုတာ အရေပြားနေရာတစ်၀ိုက်ဟာ ဘေးပတ်လည်ထက် အမြင်အားဖြင့် ပိုပြီးညိုမည်းလာခြင်းကို ဆိုလိုပါတယ်။ အသားအရောင် ညိုညစ်ခြင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ အသားအရောင် ပြောင်းလဲခြင်းအကြောင်းမှာ မယ်လနင်လို့ခေါ်တဲ့ ရောင်ခြယ်တစ်မျိုး ထုတ်လုပ်မှု ပိုမိုမြင့်မားလာကာ အရေပြားပေါ်မှာ စုပုံလာတာကြောင့် ဖြစ်ပါတယ်။ အသားအရောင်ညိုမည်းခြင်းဟာ လူမျိုးစုတိုင်းမှာ ဖြစ်ပွားလေ့ရှိပါတယ်။ တင်းတိတ်ဆိုတာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ မျက်နှာပြင်မှာ ဖြစ်လေ့ရှိတဲ့ အသားအရောင် ညိုမည်းခြင်းတစ်မျိုးပင် ဖြစ်ပါတယ်။
အများအားဖြင့် နေရောင်ဖြင့် အကြာကြီး ထိတွေ့မှုကြောင့် အရေပြားပျက်စီးကာ အမည်းစက်များ ဖြစ်ပေါ်လာခြင်းကို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမည်းစက်တွေလို့ ခေါ်ပါတယ်။ တကယ်တော့ အသားအရောင် ညိုမည်းခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုကတော့ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ နေရောင်မှာပါ၀င်တဲ့ ခရမ်းလွန်ရောင်ခြည်ကို မယ်လနင်မှ စုပ်ယူပေးခြင်းဖြင့် အရေပြားကို နေရောင် အလွန်အကျွံ ထိတွေ့မှုမှ ကာကွယ်ပေးပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ကနဦး ရောင်ခြယ်များနေတဲ့နေရာတွေကို ပိုမိုညိုမည်းစေပါတယ်။
တစ်ခါတစ်ရံမှာတော့ အသားအရောင် ညိုမည်းလာခြင်းဟာ ဟော်မုန်းအပြောင်းအလဲ (ဥပမာ - ကိုယ်၀န်ဆောင်စဉ်အတွင်း (သို့) ပဋိသနေ္ဓတားဆေးများ သောက်သုံးစဉ်အတွင်း) ကြောင့် (သို့) ရောဂါအခြေအနေ တစ်ခုခု (ကော်ဖီရောင်အသားပိုများ (သို့) Addison's ရောဂါ) ကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ပြင် နေရောင်ဖြင့် ထိတွေ့ခြင်းနဲ့ ဓာတ်မတည့်ခြင်း (အပင် (သို့) ဓာတုပစ္စည်းတစ်မျိုးမျိုးဖြင့် ထိတွေ့ခြင်း) တို့ ပေါင်းစပ်ပြီးလည်း ဖြစ်နိုင်ပါတယ်။
အချို့ဖြစ်စဉ်တွေမှာတော့ ဓာတ်မတည့်မှုဟာ ခဏတာသာ ဖြစ်ပါတယ်။ (ဥပမာ - ကိုယ်၀န်ဆောင်ခြင်း၊ သနေ္ဓတားဆေးများ သောက်သုံးခြင်း) တချို့အခြေအနေတွေမှာ ထိုကဲ့သို့ အသားအရောင်မည်းခြင်းကို ဆေးဝါး (သို့) လေဆာရောင်ခြည် အကူအညီနဲ့ ကုသနိုင်၍ အချို့ကိုတော့ ဆေးဝါးပြောင်းလဲသောက်သုံးခြင်း (သို့) ဟော်မုန်းပြောင်းလဲခြင်းများဖြင့် သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
အသားအရောင် ညိုမည်းခြင်းဟာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အခြေအနေတစ်ခုခုရဲ့လက္ခဏာ ဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ အချို့ဖြစ်စဉ်တွေမှာတော့ ကုသမှုခံယူဖို့လိုတဲ့ ရောဂါတွေရဲ့လက္ခဏာတစ်ရပ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသားအရောင် ညိုမည်းခြင်းအပြင် မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း (သို့) ရုတ်တရက် စိတ်ကျရောဂါ ခံစားရခြင်း၊ ပါးစပ် (သို့) အခြားအမြှေးပါးတွေပေါ်မှာပါ အရောင်ရင့်တဲ့နေရာများ ဖြစ်ပေါ်လာခြင်း၊ ၀မ်းလျော၀မ်းပျက်ခြင်း (သို့) ၀မ်းချုပ်ခြင်းများ ကြုံတွေ့လာရပါက ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။
အရေပြား ညိုမည်းခြင်းဟာ ဆက်လက်ဖြစ်ပွားနေပါက (သို့) စိုးရိမ်ပူပန်နေပါက ဆရာ၀န်နှင့် သွားရောက်ဆွေးနွေးသင့်ပါတယ်။
♦ အသားအရောင် ညိုမည်းခြင်းနှင့်အတူ အခြားဘာရောဂါလက္ခဏာတွေ ခံစားရနိုင်ပါသလဲ?
အသားအရောင်မည်းလာခြင်းဟာ တခြားရောဂါလက္ခဏာတွေနဲ့ အတူတွဲ၍ တွေ့တတ်တာ မှန်ပေမယ့် မိမိတွင် ဖြစ်ပွားနေတဲ့ ရောဂါအခြေအနေပေါ် မူတည်၍ ရောဂါလက္ခဏာတွေ ကွဲပြားခြားနားနိုင်ပါတယ်။ အရေပြားကို ထိခိုက်စေတဲ့ အခြေအနေတွေ တော်တော်များများဟာ အခြားခန္ဓာကိုယ်ရဲ့ စနစ်တွေမှာ ပါ၀င်ပတ်သက်နေလေ့ ရှိပါတယ်။
အသားအရောင် ညိုမည်းခြင်းနဲ့ တွဲဖက်၍ တွေ့ရလေ့ရှိတဲ့ အရေပြားဆိုင်ရာ ရောဂါလက္ခဏာတွေ ကတော့ -
• ရင်ပူခြင်း (ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း)
• အရေခွဲလန်ခြင်း
• အရေပြားယားယံခြင်း
• နီရဲခြင်း၊ ပူနွေးခြင်း (သို့) ရောင်ရမ်းခြင်းတို့ ဖြစ်ကြပါတယ်။
အခြားခန္ဓာကိုယ်စနစ်တွေနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာများမှာမူ -
• ၀မး်ချုပ်ခြင်း
• စိတ်ကျရောဂါ ခံစားရခြင်း
• ၀မ်းလျှောခြင်း
• မောပန်းလွယ်ခြင်း
• သကြားဓာတ်ကို မခံနိုင်ခြင်း
• သွေးပေါင်တက်ခြင်း
• အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
• လိင်မှုကိစ္စ၌ စိတ်မ၀င်စားခြင်း
• အစားအသောက်ပျက်ခြင်း
• ၀မ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း
• ဓမ္မတာထိန်ခြင်း
• ၀မ်းဗိုက်ညာဘက်အပေါ်ပိုင်းအောင့်ခြင်း
• ဆိုးဆိုးရွားရွား အခြေအနေတစ်ခု ခံစားနေရသည်ဟု ထင်ရတဲ့ရောဂါလက္ခဏာများ ခံစားရခြင်း
• အချို့ဖြစ်စဉ်တွေမှာတော့ ဆရာ၀န်မှ စမ်းသပ်စစ်ဆေးဖို့လိုတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။
♦ ဖြစ်ပွားရသော အကြောင်းအရင်းများ
အဓိကအကြောင်းအရင်းကတော့ နေရောင်ခြင်မှာပါ၀င်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားညိုမည်း၍ ပျက်စီးလာရတာ ဖြစ်ပါတယ်။ ထို့ပြင် ဟော်မုန်းပြောင်းလဲခြင်း၊ မွေးရာပါ (သို့) ဟောမုန်းရောဂါများ (Addison ရောဂါ) (သို့) နေရောင်ခြည် ထိတွေ့ခြင်းနှင့် ဓာတ်မတည့်မှု ပေါင်းစပ်ခြင်း (အပင် (သို့) ဓာတုပစ္စည်းတစ်ခုခုနှင့် ထိတွေ့ခြင်း) တို့ကြောင့်လည်း အသားအရောင် မည်းလာတတ်ပါတယ်။
♦ မျိုးရိုးနှင့် ဆက်စပ်နေသော အကြောင်းအရင်းများ
မွေးရာပါ (သို့) မျိုးရိုးကြောင့်ဖြစ်ရတဲ့ အခြေအနေတွေကတော့ -
• Acanthosis nigricans (အသားမည်း၍ အ၀လွန်သူ၊ ဆီးချိုရောဂါရှိသူတွေမှာ ပိုဖြစ်လေ့ရှိတဲ့ အရေပြားရောဂါ)
• Incontinentia pigmenti (အရေပြား၊ ဆံပင်၊ သွား၊ လက်သည်း၊ ဦးနှောက်နှင့် အာရုံကြောတို့ကို ထိခိုက်စေတဲ့ရောဂါ)
• Neurofibromatosis (တစ်သျှူးဆဲလ်များ အဆမတန် ကြီးထွားလာတတ်တဲ့ရောဂါ)
ကော်ဖီရောင် အသားပိုများကို မွေးဖွားစဉ်က စတင်ကာ အရေပြားမှာ တွေ့နိုင်ပါတယ်။
• Xeroderma pignentosum (ခရမ်းလွန်ရောင်ခြင်ဒဏ်ကို အလွန်အကျွံ ခံနိုင်ရည်မရှိခြင်း)
♦ ဟော်မုန်းကြောင့် ဖြစ်ပွားရသော အကြောင်းအရင်းများ
ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲခြင်းကြောင့် အသားအရောင်မည်းလာခြင်း အကြောင်းအရင်းများမှာ -
• Addison ရောဂါ (ကျောက်ကပ်အထက်ရှိ ဂလင်းမှ ဟော်မုန်းထုတ်လုပ်မှု ကျဆင်းလာခြင်း)
• Cushing ရောဂါ (စတီးရွိုက်များ အဆမတန် များပြားလာခြင်း)
• လည်ပင်းကြီးရောဂါ
• ကိုယ်၀န်ဆောင်ခြင်း
• ပဋိသနေ္ဓတားဆေးများ သောက်သုံးခြင်း
♦ ပတ်၀န်းကျင်ကြောင့် အသားအရေ ညိုမည်းရခြင်း အကြောင်းအရင်းများ
• နေရောင်ခြည်နှင့် ထိတွေ့ခြင်း
• အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ (Arsenic)
♦ အခြားအကြောင်းအရင်းများ
• ဆီးချိုရောဂါနှင့် ဆက်စပ်နေသော အရေပြားရောဂါ
• မှဲ့ခြောက်
• ခန္ဓာကိုယ်၌ သံဓာတ်များ စုပုံလာခြင်း
• မှိုရောဂါများ
♦အသက်အန္တရာယ်ရှိသော အခြေအနေများကြောင့် အသားအရောင် ညိုမည်းခြင်း
အချို့ဖြစ်စဉ်တွေမှာ အသားအရောင် မည်းလာရခြင်းမှာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တဲ့အတွက် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။
• Addison ရောဂါ (ကျောက်ကပ်အထက်ရှိ ဂလင်းမှ ဟော်မုန်းထုတ်လုပ်မှု ကျဆင်းခြင်း)
• ခန္ဓာကိုယ်၌ သံဓာတ်များ စုပုံလာခြင်း
♦ ဖြစ်နိုင်ခြေများတဲ့ နောက်ဆက်တွဲဆိုးကျိုးများ
အသားအရောင် ညိုမည်းလာခြင်းဆိုတာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတစ်ခုခုရဲ့ လက္ခဏာဖြစ်ဖို့ အခွင့်အလမ်း နည်းပါးပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကိုတော့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း အချို့ရောဂါတွေဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပွားစေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်ဖြစ်တဲ့ အသားအရောင် ပြောင်းလဲခြင်းကို အချိန်မီကုသမှု မခံယူပါက ပြန်၍မကောင်းမွန်နိုင်တော့ပေ။ ဒါကြောင့် ဖြစ်ပွားရတဲ့အကြောင်းအရင်းကို သိပြီဆိုတာနဲ့ ဆရာ၀န်နှင့်တိုင်ပင်၍ ချက်ချင်းကုသမှု ခံယူကာ အောက်ပါဆိုးကျိုးတွေမှ ရှောင်လွှဲနိုင်ပါတယ်။
• ဆီးချိုရောဂါကြောင့် အာရုံကြောများ ပျက်စီးခြင်း
• ဆီးချိုရောဂါကြောင့် မျက်စိအာရုံ ချို့တဲ့ခြင်း
• အရေပြား (သို့) အခြားကင်ဆာရောဂါများ
• သွေးတိုးခြင်း
• ကျောက်ကပ်ရောဂါအမျိုးမျိုး (ကျောက်ကပ်၌ ကျောက်တည်ခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့ခြင်း)
• အရိုးပွခြင်း
• လေဖြတ်ခြင်း
• လည်ပင်းကြီးရာမှ အဆိပ်တက်ခြင်း (ကိုယ်အပူချိန် မြင့်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း)
Dr. Thinzar Wynn (www.drmyanmar.com)
















