/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသီးအနှံများကို-အခွံနွှာ-စားသင့်၊-မစားသင့်

အသီးအနှံများကို အခွံနွှာ စားသင့်၊ မစားသင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသီးအနှံ များများစားခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။

          ဒါပေမဲ့ အသီးအနှံတွေကို အခွံနွှာ စားသင့်၊ မစားသင့် ဆိုတာကတော့ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

          အများစုကတော့ အခွံမပါဘဲ ပိုကြိုက်တတ်လို့ သော်လည်းကောင်း၊ အကျင့်ဖြစ်နေလို့ သော်လည်းကောင်း၊ ပိုးသတ်ဆေး အန္တရာယ်ကို ကာကွယ်လို၍ သော်လည်းကောင်း အခွံခွာ စားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွံနွှာစားခြင်းအားဖြင့် အာဟာရဓာတ်တွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။

          ဒီဆောင်းပါးမှာ ဘယ်အသီးအနှံတွေကို ဘယ်လိုစားသင့်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာသုံးသပ်ပြထားပါတယ်။

          အသီးအနှံပေါ် မူတည်ပြီး ပါဝင်တဲ့ အာဟာရဓာတ်ပမာဏ ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် အခွံမခွာထားတဲ့ အသီးအနှံတွေမှာ အခွံခွာထားတဲ့ အသီးအနှံတွေထက် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနှင့် ကျန်းမာရေးအကျိုးပြုဓာတ်များ ပိုမိုပါဝင်တာကို တွေ့ရပါတယ်။

          သစ်သီးဝလံ အခွံတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များ အများအပြား ပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အသီးအနှံတွေကို အခွံမခွာဘဲ စားခြင်းက ကျန်းမာရေး အာဟာရဓာတ် ပိုမိုရရှိစေနိုင်ပါတယ်။

 

1.      အခွံတွေမှာ ခန္ဓာကိုယ်အကျိုးပြု အာဟာရဓာတ်များနဲ့ ပြည့်ဝနေပါတယ်။

          ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အခွံတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အခံွရော၊ အသီးရော စားသုံးခြင်းက အာဟာရ ပိုရှိစေနိုင်ပါတယ်။

 

2.      အခွံတွေက ပိုမိုကြာကြာ ဗိုက်ပြည့်စေနိုင်ပါတယ်။

          အခွံတွေမှာ အမျှင်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် အစာခံစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်စေနိုင်ပါတယ်။

 

3.      ရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

          အခွံမခွာဘဲ စားသုံးပေးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များကြောင့် ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး ရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

 

4.      တချို့အခွံတွေကတော့ စားဖို့ မလွယ်ကူပါဘူး။

          အချို့အခွံတွေဟာ စားလို့မရတာမျိုး၊ အစာမကြေနိုင်တာမျိုး၊ သန့်ရှင်းရ မလွယ်ကူတာမျိုး၊ အခွံမာတာမျိုးတွေ ရှိပါတယ်။ ဒီလိုအသီးမျိုးကိုတော့ အခွံ နွှာစားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

 

5.      အခွံတွေမှာ ပိုးသတ်ဆေးတွေ ပါနေတတ်ပါတယ်။

          လတ်လတ်ဆတ်ဆတ် အသီးအနှံတွေမှာ ပိုးသတ်ဆေးပမာဏဟာ အသီးတစ်ခုလုံးမှာ ညီညီမျှမျှ ပျံ့န့ှံနေတတ်ပါတယ်။ ဒါကြောင့် အခွံနွှာစားတာဟာ ရေဆေးပြီး ဒီအတိုင်း စားတာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။

 

6.      ဘယ်အသီး အရွက်တွေက စားသုံးဖို့ သင့်တော်သလဲ။

          နာနတ်သီး၊ ကြက်သွန်ဖြူနဲ့ ဖရဲသီး စတာတွေဟာ အခွံ ခွာစားတာ အကောင်းဆုံးဖြစ်ပြီး ပန်းသီး၊ ခရမ်းသီးနဲ့ ဇီးသီး စတာတွေကတော့ အခွံပါ စားနိုင်ပါတယ်။

 

•        အကျဉ်းချုပ်အနေနဲ့

          အခွံတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် အာဟာရဓာတ် ပြည့်ဝတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

          အချို့အသီးအနှံတွေဟာ သန့်ရှင်းရ မလွယ်ကူတာ၊ အစာချေရ ခက်ခဲတာ၊ ခါးတာ၊ စားလု့ိမရတာ စတဲ့ အချက်တွေကြောင့် အခွံခွာပြီး စားဖို့ လိုအပ်ပါတယ်။

          ဒါပေမဲ့ အသီး တော်တော်များများကတော့ အခွံပါ တစ်ပါတည်း စားသုံးနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်  အသီးအနှံများကို အခွံ မခွာဘဲ စားသုံးကြဖို့ အကြံပြုချင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)