/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးကြောင့်-အသား-ယားယံခြင်း

အအေးကြောင့် အသား ယားယံခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လေအေးအေးနဲ့ ထိလိုက်တာနဲ့ အသားတွေ ယားယံလာပြီး အင်ပြင်ဖုများ ထလာတတ်သူများကို တွေ့ဖူးပါသလား။
    ယခုလို ချမ်းအေးတဲ့ဆောင်းတွင်းမျိုးမှာ တွေ့ရတတ်သော အရေပြားပြဿနာတစ်ခုကတော့ ရာသီဥတုအေးခြင်းကြောင့် အသားများ ယားယံခြင်းပဲ ဖြစ်ပါတယ်။ အအေးဓာတ်ကို တုံ့ပြန်ပုံခြင်းမတူညီတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် လက္ခဏာများ ကွဲပြားနိုင်ပါတယ်။ ဒီအခြေအနေမျိုးရှိသူတွေအနေနဲ့ ရေကူးကန်တွင် ရေအေးအေးဖြင့် ကူးမိပါက သွေးပေါင်ကျခြင်း၊ သတိလစ်ခြင်းနဲ့ ရှော့ခ်ဖြစ်ခြင်းတို့ ကြုံတွေ့နိုင်ပါတယ်။

>>    ရောဂါလက္ခဏာများကတော့ -
●    အအေးဓာတ်နဲ့ ထိတွေ့သော အရေပြားအနီးတစ်ဝိုက်တွင် နီရဲပြီး အင်ပြင်ကွက်များထခြင်း
●    အနွေးဓာတ် ပြန်လည်ရရှိတဲ့အခါမှာ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း
●    အေးသောအရာများကို ကိုင်တွယ်မိသောအခါ လက်များဖောင်းပြီး အမ်းလာခြင်း
●    ရေခဲရေ သောက်သောအခါ နှုတ်ခမ်းများ အမ်းလာခြင်း

>>    အခြေအနေပိုမိုပြင်းထန်လာပါက -
●    သတိလစ်ခြင်း၊ နှလုံးမငြိမ်ခြင်းနဲ့အတူ ခြေလက်များ ဖောင်းအမ်းလာပြီး ရှော့ခ်ရသည်အထိ ဖြစ်နိုင်ပါတယ်။
●    ဒါတင်မကသေးပဲ လျှာနဲ့ လည်မျိုများ ယောင်အမ်းလာပြီး အသက်ရှူကြပ်သည်အထိ ဖြစ်ပေါ်နိုင်ပါသေးတယ်။

>>    ဖြစ်ပေါ်စေသောအကြောင်းရင်း
    ဖြစ်ပေါ်ရသောအကြောင်းရင်း အတိအကျမရှိပေမယ့် အချို့သောလူတွေရဲ့ အရေပြားဆဲလ်များ အလွန် sensitive ဖြစ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။

>>    ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
●    ငယ်ရွယ်သူများ
●    အသည်းရောင်ခြင်းနဲ့ ကင်ဆာရောဂါများရှိသူများ
●    မွေးရာပါဖြစ်ခြင်း

>>    နောက်ဆက်တွဲဆိုးကျိုးများ
    အရေပြားနေရာအတော်များများကို အအေးဓာတ် ထိတွေ့မိပါက ပြင်းထန်သောဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။

>>    ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
    အအေးဓာတ် ထိတွေ့ပြီးနောက် အရေပြားပြဿနာများ ပေါ်ပေါက်ပါက လက္ခဏာများ မပြင်းထန်စေကာမူ ချက်ချင်းဆရာဝန်ပြဖို့ လိုအပ်ပါတယ်။

>>    ကာကွယ်နည်းများ
●    အအေးဓာတ်ဖြင့် မထိတွေ့ခင်မှာ antihistamine ဆေးများ ကြိုတင်သောက်ပါ။
●    ဆရာဝန် ညွှန်ကြားသောဆေးများကို သောက်သုံးပါ။
●    ရာသီဥတု အေးပါက အနွေးထည် ဝတ်ဆင်ပါ။ ရေမကူးခင်၊ ရေကူးကန်အတွင်းရှိ ရေကို လက်ဖြင့် အရင်ထိကြည့်ပြီး ယားယံခြင်း ဖြစ်၊ မဖြစ် စမ်းသပ်ပါ။
●    အေးသောအရာများ စားသောက်ခြင်းကို ရှောင်ပါ။
●    ခွဲစိတ်ခြင်း ပြုလုပ်ရန်ရှိလာပါက အအေးနဲ့ ဓာတ်မတည့်ကြောင်းကို ဆရာဝန်အား ကြိုတင်အသိပေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)