အအေးမိတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ
နှာချေ၊ နှာခေါင်းပိတ်၊ နှာရည်ကျတာတွေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အအေးမိတာဖြစ်ဖို့ များနေပါပြီနော်။ အအေးမိခြင်းဟာ ကလေးတွေကို ကျောင်းပျက်စေတဲ့၊ လူကြီးတွေကို အလုပ်ပျက်စေတဲ့ အကြောင်းတွေထဲတစ်ခုပါ။
နှစ်စဉ်နှစ်တိုင်း လူကြီးတစ်ယောက်ဟာ တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် အအေးမိလေ့ရှိပြီး ကလေးတွေမှာတော့ ဒီထက်ပိုပြီး အကြိမ်ရေများတာကို တွေ့ရပါတယ်။ တစ်နှစ်ပတ်လုံး အအေးမိနိုင်တယ်ဆိုပေမယ့် ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ပိုဖြစ်လေ့ရှိပါတယ်။
အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားပေါင်း (၂၀၀) ကျော်လောက်ရှိတဲ့အထဲကမှ အဖြစ်အများဆုံးကတော့ Rinovirus ကြောင့်ပါ။ အအေးမိစေတဲ့ ဗိုင်းရပ်စ်တွေဟာ လေထုထဲကတစ်ဆင့်ဖြစ်စေ၊ တစ်ဦးနဲ့တစ်ဦး အနီးကပ် ထိတွေ့ဆက်ဆံခြင်းကြောင့်ဖြစ်စေ လူတစ်ယောက်ကနေ တစ်ယောက်ဆီ ကူးစက်နိုင်ပါတယ်။
Decolgen IA 1

အအေးမိရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?
နှာချေခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အအေးမိတဲ့သူအများစုဟာ ဖျားလေ့သိပ်မရှိကြပါဘူး။
ဒီလက္ခဏာတွေဟာ ဘယ်လောက်အထိ ကြာတတ်သလဲ?
ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ပြီး (၂-၃) ရက်နေရင် လက္ခဏာတွေ စပြပါတယ်။ လည်ချောင်းနာတာဟာ (၈) ရက်လောက်အထိ ကြာတတ်ပြီး ခေါင်းကိုက်တာကတော့ (၉-၁၀) ရက်လောက်အထိ ကြာတတ်ပါတယ်။ နှာရည်ယို၊ နှာပိတ်တာနဲ့ ချောင်းဆိုးတာကတော့ နှစ်ပတ်ကျော်လောက်အထိ ကြာမြင့်တတ်ပါတယ်။
လက္ခဏာတွေ သက်သာအောင် ဘယ်လိုလုပ်ရမလဲ?
ဗိုင်းရပ်စ်ကြောင့်ဖြစ်လို့ သူ့အလိုလို ပြန်ပျောက်သွားပါလိမ့်မယ်။ ပဋိဇီဝဆေးတွေသောက်ဖို့ လုံးဝမလိုပါဘူး။ ပဋိဇီဝဆေးတွေဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်တဲ့အပြင် ဆေးမတည့်ခြင်း၊ ဝမ်းလျှောခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နေချိန်မှာ ရောဂါလက္ခဏာ ခံစားရတာကို သက်သာစေဖို့အတွက် ကောင်းကောင်းအနားယူပါ။ အရည်များများသောက်ပါ။ နှာခေါင်းပိတ်တာနဲ့ ချွဲသလိပ်ထတာကို သက်သာစေဖို့ Humidifier အသုံးပြုပါ။ Saline ပါဝင်တဲ့ နှာဖျန်းဆေး အသုံးပြုပါ။ ရေနွေးငွေ့ရှူပါ။ လည်ချောင်းနာ သက်သာစေဖို့ ငုံဆေးငုံပါ။ ချောင်းဆိုးသက်သာစေဖို့ ရေနွေးထဲ ပျားရည် ထည့်သောက်ပေးပါ။ ဖျားတယ်၊ ကိုယ်လက်ကိုက်ခဲတယ်၊ နှာစေးတယ်၊ ခေါင်းကိုက်တယ်ဆိုရင်တော့ အဖျားကျ အကိုက်အခဲပျောက်ပြီး နှာစေးတာကိုပါသက်သာစေတဲ့ဆေးမျိုး (ဥပမာ - Decolgen) ကို ဆေးညွှန်းအတိုင်း သောက်ပါ။
Decolgen IA 2

အအေးမမိအောင် ဘယ်လိုကာကွယ်ကြမလဲ?
● မကြာခဏ လက်ဆေးပါ။
● ချောင်းဆိုး၊ နှာချေနေသူတွေနဲ့ အနီးကပ် မနေပါနဲ့။
● ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင်အုပ်ထားပါ။
● မသန့်တဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတာတွေကို မကိုင်ပါနဲ့။
● အအေးမိတာဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်လို့ ဗိုင်းရပ်ကိုတိုက်ထုတ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့အတွက် ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ ဆေးလိပ်ဖြတ်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ?
● အသက်ရှူရခက်ခြင်း(သို့) အသက်ရှူမြန်ခြင်း
● ရေဓာတ်ခန်းခြောက်ခြင်း
● (၄) ရက်ထက်ပိုပြီး ဖျားခြင်း
● (၁၀) ရက်ကျော်တာတောင် မသက်သာခြင်း (သို့) ပိုဆိုးလာခြင်း
● ရောဂါလက္ခဏာတွေ သက်သာပြီးမှ ပြန်ဖြစ်ခြင်း
● နဂိုရှိနေတဲ့ ရောဂါအခံများ ပိုဆိုးလာခြင်း စတာတွေ ရှိလာခဲ့ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)














