/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အားအင်ကုန်ခန်း-ပင်ပန်းနွမ်းနယ်နေလား-သင်-မဂ္ဂနီဆီယမ်-ချို့တဲ့နေတာ

အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်နေလား ... သင် မဂ္ဂနီဆီယမ် ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မဂ္ဂနီဆီယမ်ဆိုတာက ကျွနု်ပ်တို့ ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့အတွက် အရေးကြီးပါတယ်။ သူက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်ကူပစ္စည်း တုံ့ပြန်မှုပေါင်း ရာကျော်လောက်အတွက် အရေးကြီးတဲ့သတ္တုဓာတ်ပါ။ ဒီဓာတ်ကူပစ္စည်းတွေက ကျွနု်ပ်တို့စားလိုက်တဲ့ ကစီဓာတ်၊ အဆီနဲ့အသားဓာတ််တွေကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာနဲ့ သွေးတွင်းသကြားဓာတ်တွေ ညီမျှနေအောင်် ထိန်းပေးဖို့၊ အရိုးကျန်းမာစေဖို့နဲ့ အာရုံကြောစနစ်ကို ငြိမ်စေဖို့အတွက် အရေးကြီးတဲ့လုပ်ငန်းတွေ လုပ်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဓာတ်ကို အရိုးဖြစ်တည်ရေး၊ ကြွက်သားတွေ ကျုံ့နိုင်ဆန့်နိုင်ဖို့နဲ့ သွေးဖိအားကို ထိန်းချုပ်ရာတွေမှာလည်း လိုအပ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေမှာ တစ်နေ့ကို မဂ္ဂနီဆီယမ် 400 mg နဲ့ အမျိုးသမီးတွေအတွက် တစ်နေ့ကို 300 mg ဝန်းကျင် လိုအပ်ပါတယ်။

 

>>    မဂ္ဂနီဆီယမ်ချို့တဲ့ရင်ရော ဘာတွေဖြစ်မှာလဲ?

          ကျန်းမာနေတဲ့သူတွေမှာတော့ မဂ္ဂနီဆီယမ် ချို့တဲ့တယ်ဆိုတာ ရှားပါတယ်။ စားတဲ့အထဲမှာ မဂ္ဂနီဆီယမ် ပါဝင်မှုနည်းရင်လည်း ကျောက်ကပ်ကနေပြန်ပြီး ညှိပေးထားလို့ ရေတိုဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ရေရှည်ဖြစ်လာပြီးဆိုရင်တော့ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့လာပါလိမ့်မယ်။ မဂ္ဂနီဆီယမ်က ကယ်ဆီယမ်၊ ဗီတာမင် D၊ သွေးတွင်းသကြားဓာတ်နဲ့ ဟော်မုန်းတွေညီမျှဖို့အတွက် အထောက်အကူ ဖြစ်စေတဲ့အတွက် ဒီဓာတ် ချို့တဲ့ပြီဆိုရင် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ခံစားချက်မကောင်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မျက်ခံွများ လှုပ်ခြင်း၊ အိပ်မပျော်ခြင်း၊ သွေးဖိအားများခြင်း၊ ကြွက်တက်ခြင်း (ကယ်ဆီယမ်နည်းလို့လည်း ဖြစ်နိုင်ပါတယ်) နဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်နည်းလာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

          မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့တဲ့လက္ခဏာတွေကတော့ -

•        အစာစားချင်စိတ် မရှိခြင်း

•        ပျို့ခြင်း

•        အန်ခြင်း

•        ပင်ပန်းနွမ်းနယ်ခြင်း

•        အားနည်းခြင်း

•        နှလုံးစည်းချက်မမှန်ခြင်း

•        ထုံခြင်း၊ ကျဉ်ခြငး်

•        ကြွက်သားများ လှုပ်ခြငး်နဲ့ ကြွက်တက်ခြင်း စတာတွေဖြစ်ပါတယ်။

          ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ဓာတ် နည်းလာပြီဆိုတာနဲ့ တက်ကြွဖို့အတွက် ကော်ဖီ သောက်ချင်လာတာမျိုး၊ ချောကလက် စားချင်လာတာမျိုးစတဲ့ အားကုန်နေသလို ခံစားချက်ကို အစာနဲ့ဖြည့်ဖို့ ကြိုးစားတတ်ကြပါတယ်။

 

>>    ဘယ်အစားအစာတွေမှာ မဂ္ဂနီဆီယမ်ဓာတ် ပါသလဲ?

          အစားအစာမျိုးစုံမှာ တွေ့ရပေမယ့် အဓိကအရင်းအမြစ်တွေအနေနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ကိုကိုးအစိမ်း၊ အခွံမာသီးနဲ့ အစေ့အဆံတွေမှာ တွေ့နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ပြည့်ဝဖို့အတွက် မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။ အစာစားတိုင်း ဟင်းသီးဟင်းရွက် အနည်းဆုံး ၂ ခွက်ပါအောင် စားပေးပါ။ ပြီးတော့ သစ်သီးလည်း နေ့တိုင်း စားပေးပါ။ သကြား၊ အရက်နဲ့ အသင့်စားအစာတွေကို တတ်နိုင်သမျှ နည်းနည်းပဲ စားပါ။

          မဂ္ဂနီဆီယမ် ပါဝင်သော အစားအစာများ -

•        အစိမ်းရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ - ကိုက်လန်၊ ဟင်းနုနွယ်)

•        သစ်သီးများ (ထောပတ်သီး၊ ငှက်ပျောသီး၊ ရက်စ်ဘယ်ရီသီး)

•        အခံွမာသီးနှင့် အစေ့များ

•        ပဲအမျိုးမျိုး (ပဲနက်၊ ကုလားပဲ၊ ဘိုကိတ်ပဲ)

•        ဟင်းသီးဟင်းရွက်များ (မုန်ညင်း၊ ဂေါ်ဖီထုတ်၊ မုန်ညင်းဖူး)

•        ပင်လယ်စာငါးများ (ဆယ်မွန်၊ မာကယ်၊ တူနာ)

•        ပြုပြင်ထားခြင်းမရှိသော ကောက်ပဲသီးနှံများ (ဆန်လုံးညို၊ အုတ်ဂျုံ)

•        ကိုကိုးအစိမ်း

•        ချောကလက်အမည်း

•        တို့ဖူး

 

>>     မဂ္ဂနီဆီယမ် ချို့တဲ့နေလားဆိုတာကို စစ်ကြည့်လို့ရလား?

          သွေးစစ်ပြီး ကြည့်လို့ရပေမယ့်လည်း အမြဲယုံလို့ မရပါဘူး။ မဂ္ဂနီဆီယမ်က ဆဲလ်ထဲနဲ့ အရိုးတွေထဲမှာ အများအားဖြင့် ရှိနေတဲ့အတွက် စစ်ရခက်ပါတယ်။ ကိုယ့်ကိုယ်ကို မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတယ်လို့ထင်ရင် ဆရာဝန် ပြကြည့်ပါ။ ဆရာဝန်က ချို့တဲ့တဲ့လက္ခဏာတွေ ရှိ၊ မရှိ စစ်ကြည့်ပါလိမ့်မယ်။

          အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှိသူတွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါရှင်တွေ၊ အရက်စွဲနေတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နိုင်ချေ များပါတယ်။

 

>>    မဂ္ဂနီဆီယမ်ဆေးပြား သောက်ဖို့လိုလား?

          လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အစားအစာကနေ ရယူတာကတော့ အကောင်းဆုံးပါပဲ။ ဒီတော့ ကျန်းမာရေး ကောင်းချင်တယ်ဆိုရင် အစားအစာကို ညီညွတ်မျှတစွာ စားသုံးပါ။ တချို့လူတွေအတွက်တော့ မဂ္ဂနီဆီယမ် ဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သောက်ပါ။ မဂ္ဂနီဆီယမ် လိုတာထက် ပိုသွားရင်လည်း ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အစာအိမ်ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

          အစာစုပ်ယူမှုမကောင်းတဲ့ ပြဿနာရှိသူတွေဆိုရင် မဂ္ဂနီဆီယမ်ဖြန်းဆေး သုံးလို့ရပါတယ်။ မဂ္ဂနီဆီယမ် များများလိုတဲ့သူတွေအတွက်ဆိုရင် မဂ္ဂနီဆီယမ်အမှုန့်ကို ရေဖျော်ပြီးတော့ အရည်အနေနဲ့ သောက်လို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)