အိပ်ပျော်နေရင်းကနေ အမြင့်ပေါ်ကနေ ပြုတ်ကျသလို ဖြစ်ပြီးတော့ လန့်နိုးလာဖူးပါသလား
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေပြီးတော့ အထပ်မြင့်ပေါ်ကနေပြီးတော့ ပြုတ်ကျသလို ခံစားရပြီးတော့ နိုးလာတတ်ပါသလား။ ဒါကို hypnic jerk လို့ခေါ်ပါတယ်။ ဒီက ပုံမှန်ဖြစ်တတ်တဲ့ဖြစ်စဉ် ဆိုပေမယ့်လည်း အိပ်ရေးပျက်တာကပြဿနာပါ။ ဒီဒုက္ခတွေက ကင်းဝေးချင်တယ်ဆိုရင်တော့ ဆက်ဖတ်ကြည့်ရအောင်။
>> Hypnic Jerk ဆိုတာ ဘာလဲ?
ဒါက အိပ်နေတဲ့အချိန်မှာဖြစ်တတ်တဲ့ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန်ကြီး ကျုံ့သွားတဲ့ ခဏတာဖြစ်စဉ်တစ်ခု ဖြစ်ပြီးတော့ လန့်နိုးသွားစေပါတယ်။ ဒီလို ဘာလို့ဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရပါဘူး။ အများအားဖြင့်တော့ အကြောင်းအရင်းမသိဘဲ ဖြစ်လေ့ရှိပါတယ်။ ဒါကိုဖြစ်စေတဲ့ အချို့သောအချက်တွေတော့ ရှိပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းအချို့ကတော့ -
● စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများ
● ကဖင်း၊ နီကိုတင်းနဲ့ အရက် ကဲ့သို့သော လှုံ့ဆော်မှုပေးသောအရာများ
● အိပ်ရာဝင်ခါနီးမှ လေ့ကျင့်ခန်းလုပ်ခြင်း
● အိပ်ရေးမ၀ခြင်း
● သုတေသနအချို့အရတော့ ဒီဖြစ်စဉ်ရဲ့မူလရင်းမြစ်ကတော့ ဟိုးအရင် ဘိုးဘေးတွေက စတယ်လို့ ဆိုပါတယ်။ ကျောက်ခေတ်မှာဆိုရင် အိပ်နေရင်း သစ်ပင်ပေါ်က ပြုတ်မကျအောင်၊ အနာတရမဖြစ်အောင်လု့ိ ဒီလိုမျိုး ကြွက်သားကျုံ့တာတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက အဖြစ်များတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်တဲ့အတွက် သူ့ရဲ့လက္ခဏာတွေကလည်း စိုးရိမ်စရာမရှိပါဘူး။
>> Hypnic Jerk ၏ ရောဂါလက္ခဏာများ
● ခန္ဓာကိုယ်က ကြွက်သားတွေ၊ အစိတ်အပိုင်းတွေမှာ တုံ့ခနဲ ဖြစ်သွားမယ်။
● ပြုတ်ကျသလို ခံစားရမယ်။
● ဒါကို သိလိုက်တယ်။
● ထိတ်လန့်စေတဲ့၊ ခုန်သလိုဖြစ်စေတဲ့ အိပ်မက် မက်တယ် (သို့) စိတ်ထဲမှာ ထင်ရောင်ထင်မှား ဖြစ်စေတယ်။
● အသက်ရှူနှုန်းတွေ မြန်လာမယ်။
● နှလုံးခုန်နှုန်းတွေ မြန်လာမယ်။
● ချွေးတွေ ထွက်မယ်။
ဒါတွေက သိပ်မသိသာတတ်ပါဘူး။ အိပ်နေရင်း ဒီလိုတွေ ခံစားရရင်တော့ hypnic jerk ဖြစ်ဖို့ များပါတယ်။ hypnic jerk ဟုတ် မဟုတ်သိနိုင်သလား။
>> Hypnic Jerk ဟုတ်/မဟုတ် စစ်ဆေးခြင်း
ခန္ဓာကိုယ်ကို စစ်ဆေးသုံးသပ်ခြင်းကတော့ ပထမဆုံးနည်းလမ်းပါ။ ကိုယ်ဖြစ်ခဲ့တဲ့လက္ခဏာတွေ - ပြုတ်ကျသလို ခံစားရတာ၊ အိပ်နေရင်း တုန့်ခနဲဖြစ်ပြီး လန့်နိုးတာ စတဲ့ လက္ခဏာတွေကို ပြန်သုံးသပ်ပြီး အတည်ပြုဖို့ လိုပါတယ်။ Polysomnography လို့ခေါ်တဲ့ အိပ်နေတုန်းမှာ သဘာဝအတိုင်း ပြောင်းလဲမှုတွေကို လေ့လာတာလည်း လုပ်ကြည့်လို့ရပါတယ်။
>> Hypnic Jerk သက်သာစေဖို့ -
1. Essential oil တွေ သုံးပါ။
2. ဗီတာမင် သောက်ပါ။
3. တရား ထိုင်ပါ။
4. ကဖင်း လျှော့သောက်ပါ။
5. အရက်ကို ရှောင်ပါ။
6. ရေနွေးနွေးနဲ့ ရေချိုးပါ။
7. အိပ်ရာမဝင်ခင်မှာ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီစတဲ့ လျှပ်စစ်ပစ္စည်းတွေ မသုံးပါနဲ့။
8. မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့အစားအစာတွေ စားပါ။
ဒါက ပုံမှန်ဖြစ်စဉ်မို့လို့ စိုးရိမ်စရာလည်း မလိုသလို ကုသမှုခံယူဖို့လည်း မလိုတာ များပါတယ်။ ဒါပေမဲ့လည်း ဒီလိုဖြစ်ပြီး အိပ်ပျော်ရခက်ရင်တော့လည်း ဆရာဝန်နဲ့ တိုင်ပင်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















