အိပ်ရာနာ
အိပ်ရာပေါ် အချိန်အကြာကြီး လှဲနေရသူတွေမှာ အရေပြားပေါ် ကြာကြာဖိအား သက်ရောက်ပြီး အနာတွေ ဖြစ်လာတတ်တယ်။ ဒါကို အိပ်ရာနာလို့ ခေါ်ပါတယ်။
အထူးသဖြင့် နာတာရှည်ရောဂါသည်တွေ၊ အာရုံကြောပြဿနာတွေကြောင့် မလှုပ်ရှားနိုင်သူတွေ၊ နေရာမရွှေ့နိုင်သူတွေမှာ တွေ့ရတတ်တယ်။ ဆီးချိုရောဂါသမားတွေနဲ့ တခြားသွေးကြောရောဂါတွေမှာလည်း တွေရ့ရတတ်တယ်။ အသက်ကြီးတာ၊ အာဟာရချို့တဲ့တာ၊ ဝမ်းမထိန်းနိုင်တာတွေကလည်း အိပ်ရာနာဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။
အစောပိုင်းအဆင့်တွေမှာ အရေပြားမှာ နီရဲပြီး နာနေတတ်တယ်။ ဒီအချိန်မှာ ဖိအားကို မလျော့လိုက်ရင် အရေပြားတွေ ကွဲပြဲပြီး အနာတွေ ပေါက်လာတော့တာပေါ့။ အနာဖြစ်လာရင် နောက်ပိုင်း ပိုးဝင်လာတတ်ပါတယ်။ ဒီလို အိပ်ရာနာတွေဟာ တင်ပါးရိုး၊ ပခုံးရိုး၊ တံတောင်ဆစ်၊ မြီးညောင့်ရိုးနဲ့ ဖနောင့် စသဖြင့် အရိုးအဆစ်တွေပေါ်မှာ တွေ့ရများပါတယ်။
ဒီအိပ်ရာနာတွေဟာ အနာကျက်ဖု့ိ ခဲယဉ်းပြီး လူနာရဲ့ နေထိုင်မှုဘဝကို ထိခိုက်နိုင်တာကြောင့် မဖြစ်ခင်ကတည်းက တားဆီးရမှာပေါ့။
ဘာကြောင့် အိပ်ရာနာတွေ ဖြစ်ရတယ်ဆိုတာ ပြောပြမယ်နော်။
ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုပေါ်မှာ အကြာကြီး ဖိမိတဲ့အခါ သွေးလည်ပတ်မှုတွေ အားနည်းသွားပြီး အရေပြားနဲ့ အောက်ကတစ်သျှူးတွေကို ထိခိုက်နိုင်တယ်။ အိပ်ရာမှာ ဟိုရွှေ့ဒီရွှေ့ လုပ်တာတို့၊ အိပ်ရာခင်းကို ဆွဲထုတ်တာတို့လိုမျိုး ပွတ်အားတွေဖြစ်တဲ့အခါ အိပ်ရာနာတွေ ဖြစ်နိုင်တယ်။ အာဟာရ မပြည့်ဝတာကလည်း အိပ်ရာနာကို ပိုဆိုးစေနိုင်တယ်။
>> ဒီလိုအိပ်ရာနာတွေဖြစ်တဲ့အခါ -
● အရေပြား လိမ်းဆေးတွေ၊ ပတ်တီးတွေ သေချာလိမ်းပေး၊ ပတ်ပေးပါ။
● အိပ်ရာနာကိုကုဖို့ ထင်ရာလျှောက်မလုပ်ဘဲ ကျွမ်းကျင်သူတွေနဲ့ ပြသကုသတာ အကောင်းဆုံးပါပဲ။
>> ဒီလိုအိပ်ရာနာတွေ မဖြစ်စေဖို့ -
● အရေပြားကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။
● အိပ်ရာကို သေချာပြန့်အောင် ဖြန့်ခင်းပြီး တွန့်ရာမရှိအောင် သတိထားပါ။
● အိပ်ပုံကို မှန်မှန်ပြောင်းပြောင်းပေးပါ။ မလှုပ်ရှားနိုင်တဲ့လူတွေမှာ အကူတစ်ယောက်ယောက်ရှိဖို့ လိုတယ်။ အရေပြားကို ပွတ်တိုက်မှု နည်းစေမယ့် အိပ်ရာခင်းတွေကို သုံးပေးပါ။
● ချွေးတွေ၊ ဆီးတွေ၊ ဝမ်းအညစ်အကြေးတွေကို သေချာဆေးကြောပေးဖို့လည်း လိုတယ်နော်။ ဒါမှ အရေပြားတွေ ပေါက်ပြဲတာ၊ ပိုးဝင်တာတွေ မဖြစ်နိုင်မှာပါ။
● ငေါထွက်နေတဲ့အရိုးတွေကို ဖော့၊ ဂျယ်လ်၊ လေ၊ ရေဖြည့်ထားတဲ့ ကူရှင်တွေနဲ့ ခံပေးထားဖို့ လိုတယ်။
● အာဟာရပြည့်ဝဖို့နဲ့ ရေဓာတ် ပြည့်ဝဖို့လည်း အရေးကြီးပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















