အိမ်တွင်းမှာ ပုန်းအောင်းနေတဲ့ ရောဂါပိုးမွှားတွေကို ဘယ်လိုသန့်စင်မလဲ
ကျွန်မတို့ဟာ ကိုဗစ်ရောဂါ မကူးစက်စေဖို့ ရည်ရွယ်ပြီး လူတွေနှင့် ခပ်ခွာခွာနေတာ၊ အပြင်ထွက်တိုင်း mask တပ်တာ၊ အပြင်ကပြန်လာတိုင်း လက်ကိုဆေးကြောတာတွေ မဖြစ်မနေ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ ဒီအချက်တွေအပြင် မိမိအိမ်တွင်းမှာလည်း ပိုးမွှားတွေ ခိုအောင်းနေနိုင်တာကို သတိပြုမိကြပါသလား။
>> အိမ်တစ်အိမ်မှာ မည်သည့်နေရာတွေက အညစ်ပတ်ဆုံးလဲ သိပါသလား?
● တံခါးလက်ကိုင်ဘုများ
● ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်း၊ ကွန်ပျူတာနှင့် တက်ဘလက်များ
● ရေချိုးခန်းရှိ ဘေဇင်များနှင့် တံခါးလက်ကိုင်များ
● အိမ်သာရေဆွဲချသောခလုတ်များ စသည့် နေရာတွေကို ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ရန် စာရင်းမှာ ထည့်သွင်းဖို့ လိုပါတယ်။
● ပိုးမွှားတွေအနေနှင့် အဝတ်စ၊ တစ်ရှူးစသော နေရာများထက်စာရင် စတီး၊ ပလတ်စတစ် စသော မျက်နှာပြင်တွေမှာ အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ကြပါတယ်။ စတီးနှင့် ပလတ်စတစ်ပစ္စည်းတွေပေါ်မှာ ဗိုင်းရပ်စ်တွေအနေနှင့် ၁ ရက်မှ ၇ ရက်ထိ ကြာမြင့်စွာ ရှင်သန်နိုင်ကြတာ ဖြစ်ပါတယ်။
>> ဗိုင်းရပ်စ်များနှင့် အသက်ရှင်နိုင်သော အချိန်အပိုင်းအခြား
(၁) အအေးမိခြင်းဖြစ်စေသော ဗိုင်းရပ်စ် - ကျွန်မတို့လက်များတွင် ၁ နာရီကြာ
(၂) အဆုတ်လမ်းကြောင်းဗိုင်းရပ်စ် - တံခါးလက်ကိုင်ဘုများတွင် ၆ နာရီထိ
(၃) တုပ်ကွေးဗိုင်းရပ်စ် - မာကျောသောမျက်နှာပြင်များတွင် ၂၄ နာရီထိ
(၄) ကိုဗစ်ဗိုင်းရပ်စ် - နာရီအနည်းငယ်ကနေ ရက်ပိုင်းထိ (အထူးသဖြင့် အေးပြီးခြောက်သွေ့သောနေရာတွင်) ရှင်သန်နိုင်ပါတယ်။
>> ဘက်တီးရီးယားများနှင့် အသက်ရှင်နိုင်သော အချိန်အပိုင်းအခြား
(၁) Salmonella ပိုးများ - မာသောမျက်နှာပြင်များတွင် ၁ နာရီမှ ၄ နာရီထိ
(၂) ဝမ်းပျက်စေသောပိုး - မာသောမျက်နှာပြင်များတွင် ၅ လထိ
(၃) Staph - မာသောမျက်နှာပြင်များတွင် ရက်သတ္တပတ်အနည်းငယ်ထိ
● အချို့သောပိုးမွှားတွေကို သန့်စင်ဖို့ အစွန်းချွတ်ဆေးကဲ့သို့ ဓာတုပစ္စည်းတွေ အသုံးပြုဖို့ လိုပေမယ့် ပိုးမွှားအများစုကိုတော ရေနှင့်ဆပ်ပြာဖြင့် ဆေးကြောရုံနှင့် ဖယ်ရှားပစ်နိုင်ပါတယ်။
● အစာမစားမီနှင့် စားအပြီး၊ အိမ်သာအဆင်းနှင့် ရေချိုးခန်းကို အသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ဆေးကြောသင့်ပါတယ်။ အိမ်ရှိ လူထိတွေ့မှုများသော မျက်နှာပြင်များနှင့် တံခါးလက်ကိုင်ဘုတွေကိုလည်း နေ့စဉ် အယ်ကိုဟောပါသော ပိုးသတ်ဆေးဖြင့် ဆေးကြောပေးခြင်းဖြင့် အိမ်တွင်းမှာ ခိုအောင်းနေသော ပိုးမွှားတွေကို တိုက်ထုတ်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















