အူမကြီးထဲ၌ လေများစုပုံလာခြင်း (လေအောင့်ခြင်း)
အစာကြေလွယ်သော အစားအသောက်များ (ဥပမာ - အမျှင်ပါသောအစားများ) အချဉ်ဖောက်ခြင်းကြောင့် အူမကြီးအတွင်း၌ လေများစုပုံလာရခြင်းဖြစ်သည်။ အစားအစာအချို့၏ အစိတ်အပိုင်းများဖြစ်သော ဂလူတန် (သို့) နို့နှင့် သစ်သီးများမှရသော သကြားဓာတ်တို့ကို ခန္ဓာကိုယ်၏အစာချေစနစ်မှ ကောင်းစွာ မချေဖျက်နိုင်ခြင်းကြောင့်လည်း လေများစုပုံလာစေနိုင်သည်။
အခြားဖြစ်နိုင်သော အကြောင်းအရာများမှာ -
1. အူမကြီးအတွင်းမှ စားကြွင်းစားကျန်များ
2. ပိုးသတ်ဆေးများနှင့် အခြားဆေးဝါးများကြောင့် အူအတွင်းရှိ ဘက်တီးရီးယားပိုးများပြောင်းလဲခြင်း
3. ကစီဓာတ်စုပ်ယူမှုနှေးကွေးခြင်း
4. မြိုချမိသောလေများ အူမကြီးတွင်စုပုံခြင်း
5. ၀မ်းချုပ်ခြင်းသည် အစာဟောင်းများ ခန္ဓာကိုယ်တွင်း ကြာမြင့်စွာရှိနေခြင်းကြောင့် အချဉ်ဖောက်မှုပိုမိုဖြစ်စေနိုင်ပါသည်။
တခါတရံတွင်မူ လေထခြင်းသည် အခြားသောအူရောဂါများကြောင့်လည်း လေထခြင်းဖြစ်နိုင်ပါသည်။ ဥပမာ - အူသိမ်အူမရောဂါ (Irritable Bowel Syndrome)၊ နို့ထဲပါသည့် သကြားဓာတ်ကို မခံနိုင်ဖြစ်သောရောဂါ(Lactose Intolerance)
အူမကြီးအတွင်း လေများစုံပုံခြင်းကို ကာကွယ်ရန်-
- လေထစေနိုင်သော အစားအသောက်များကိုရှောင်ကြဉ်ပါ။ (ဥပမာ - ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ပေါင်မုန့်ဖြူ၊ မှိုအမျိုးမျိုး၊ ဘီယာနှင့် ဂတ်(စ်)ပါသော အချိုရည်များ) အကယ်၍ နို့ထွက်ပစ္စည်းများနှင့်မတည့်ပါက လက်တို့(စ်) (Lactose) ပါ၀င်မှုနည်းသော (သို့) မပါ၀င်သော နို့မျိုးကိုသာရွေးချယ်ပါ။
- အဆီပါသော အစားအစာများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆီဓာတ်သည် အစာချေနှုန်းကို နှေးကွေးစေ၍ အချဉ်ဖောက်ခြင်းကို ပိုမိုဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။
- အမျှင်ဓာတ်များသောအစာများကို စားသုံးခြင်းကို ခေတ္တရပ်နားထားပါ။ အမျှင်များသည် အစာချေဖျက်မှုကို အားကောင်းစေသော်လည်း လေထမှုကိုပိုမိုဖြစ်စေပါသည်။ အချိန်အတိုင်းအတာတစ်ခုကြာမြင့်ပြီးမှ အနည်းငယ်စီပြန်လည် စားသုံးပါ။
- အစာကိုအေးဆေးစွာစားပါ။ အစာစားချိန်ကို အချိန်ယူ၍စားသုံးပါ။ စိတ်ဖိစီးမှုများနေချိန်၊ ပြေးနေချိန်တွင် အစာစားသုံးပါက အစာချေဖျက်မှုစနစ်ကို ထိခိုက်နိုင်ပါသည်။
- အစာစားပြီးတိုင်း လမ်းနည်းနည်းလျှောက်ပေးပါ။
- လေငြိမ်ဆေးဟုလူသိများသော simethicone ပါ၀င်သည့်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သောက်သုံးပါ။
Dr. Thinzar Wynn
















