/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အံ့အားသင့်စေသော-ကင်ဆာဖြစ်စေသည့်-အကြောင်းရင်းများ

အံ့အားသင့်စေသော ကင်ဆာဖြစ်စေသည့် အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. သကြားအလွန်အကျွံစားသုံးခြင်း

      သကြားက အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်စေတဲ့အပြင် ကင်ဆာရောဂါ ကိုလည်းဖြစ်စေနိုင်ပါတယ်။ လေ့လာမှုအရ သကြားပမာဏများခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် သကြားနဲ့ချိုအောင်လုပ်ထားတဲ့ ဖျော်ရည်၊ အချိုခဲတွေ၊ သကြားလုံးတွေကို ရှောင်ကြဉ်ပြီး သစ်သီးတွေမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကိုပဲစားသုံးပါ။

2. ပူလွန်းသော အရည်များသောက်သုံးခြင်း

      ပူတဲ့အရည်တွေက အစာပြွန်ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင့်မားတဲ့အပူချိန်ကြောင့် အစာပြွန်ကိုပျက်စီးစေပြီး ကင်ဆာအဖြစ်ပြောင်းလဲသွားစေခြင်းကြောင့်ဖြစ်ပါတယ်။ ပူတဲ့အရည်တွေကို မသောက်ရမနေနိုင်ဘူးဆိုရင်တော့ သောက်တဲ့ပမာဏကို လျှော့သောက်ပါ။

3. ပြုပြင်ထားသောအသားများစားခြင်း

      ဆားသိပ်ထားသော၊ ကင်ထားသောအသားတွေကဲ့သို့သော ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသားများစားခြင်းက အူမကြီးကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒီလိုအသားတွေကို တစ်ပေါင်ရဲ့လေးပုံတစ်ပုံလောက်စားတိုင်း အူမကြီးကင်ဆာဖြစ်နိုင်ချေ 18% ပိုများတယ်လို့ဆိုပါတယ်။

4. အရက်အလွန်အကျွံသောက်ခြင်း

      အမျိုးသမီး အရက်တစ်နေ့တစ်ခွက်၊ အမျိုးသား တစ်နေ့နှစ်ခွက်ထက် ပိုသောက်သုံးရင် ကင်ဆာနဲ့အခြားရောဂါတွေဖြစ်နိုင်ချေများလာစေပါတယ်။ အစာချေလမ်းကြောင်းမှာ အရက်ပြိုကွဲသွားတဲ့အခါမှာ acetaldehyde လို့ခေါ်တဲ့ အဆိပ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေ ထွက်လာပါတယ်။ ဒါ့အပြင် အရက်က DNA ကိုပျက်စီးစေတဲ့ ပစ္စည်းတစ်မျိုးကိုလည်းထုတ်လုပ်ပြီး ခန္ဓာကိုယ်မှ အာဟာရဓာတ်တွေကိုဖြိုခွဲနိုင်စွမ်းနဲ့ စုပ်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ oestrogen ပမာဏများစေပြီး ရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်တဲ့ပမာဏနဲ့ အကြိမ်ရေကို ကန့်သတ်ဖို့လိုပါတယ်။ အရက်တစ်ခွက်ဆိုတာ ဘီယာ 12 အောင်စ၊ မုယောစပါးမှချက်ထားသောအရက် 8 အောင်စ၊ ဝိုင် 5 အောင်စ ကိုဆိုလိုတာဖြစ်ပါတယ်။

5. ညဘက်အလုပ်လုပ်ခြင်း

      ညဘက်တွေအလုပ်လုပ်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝစည်းချက်ကိုပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ချေ များပါတယ်။

6. လှုပ်ရှားမှုနည်းခြင်း

      လှုပ်ရှားမှုနည်းတဲ့လူနေမှုပုံစံတွေကြောင့် နှလုံးသွေးကြောရောဂါ၊ အဝလွန်ခြင်းနဲ့ ကင်ဆာရောဂါတွေပိုဖြစ်စေပါတယ်။ စုစုပေါင်းထိုင်ချိန်နဲ့ ကင်ဆာဖြစ်နိုင်ချေအကြားဆက်စပ်မှုကို သက်သေပြနိုင်တဲ့လေ့လာမှုတွေထွက်ရှိလာပါပြီ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီး ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကြွက်သားနဲ့ ကိုယ်အင်္ဂါတွေဆီကို အောက်ဆီဂျင်နဲ့သွေးပိုမိုရရှိစေခြင်းဖြင့် ဆဲလ်ဖြစ်ပျက်မှုနဲ့ အညစ်အကြေးစွန့်ထုတ်မှုကို ကောင်းမွန်စေပါတယ်။

7. အဝလွန်ခြင်း

      လှုပ်ရှားမှုနည်းခြင်းကြောင့် အဝလွန်ပြီး အဝလွန်ခြင်းကြောင့် အစာပြွန်၊ မုန့်ချိုအိတ်၊ အူမကြီး၊ ရင်သား၊ ကျောက်ကပ်နဲ့ သိုင်းရွိုက်ကင်ဆာတွေ ပိုဖြစ်နိုင်ချေများပါတယ်။ အဝလွန်တဲ့အမျိုးသမီးတွေမှာ အဆီဆဲလ်တွေက oestrogen ပမာဏများလာစေပြီး သားအိမ်နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေများစေပါတယ်။ ဒါကြောင့် လှုပ်ရှားမှုမနည်းပါစေနဲ့။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပြီး အစားအစာကိုလည်းအမြဲစမ်းစစ်ပါ။

8. ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း

       HPV ဆိုတာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး လေ့လာမှုတွေအရ အချို့မှာ ပါးစပ်ကနေလိင်ဆက်ဆံတာကနေတစ်ဆင့် ကူးစက်တာကိုတွေ့ရပါတယ်။ အနည်းငယ်မှာ အစာပြွန်နဲ့ပါးစပ်ကင်ဆာတွေဖြစ်တာကို တွေ့ရပါတယ်။ HPV ပိုးက ဆဲလ်တွေကို ပုံမမှန်ဖြစ်စေပြီး မကုသဘဲထားပါက ကင်ဆာဖြစ်စေနိုင်ပါတယ်။ ပါးစပ် HPV ကိုကာကွယ်နိုင်တဲ့နည်းလမ်းကို သေချာသုတေသနလုပ်ထားတာမရှိသေးပေမယ့် ကွန်ဒုံးအသုံးပြုခြင်းနှင့် သွားအကာများသုံးခြင်းက ပိုးကူးစက်နိုင်နှုန်းကို လျော့ကျစေပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com