/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၂၀၂၁-ခုနှစ်မှာ-ကိုဗစ်-ကြောက်စိတ်တွေကို-တွန်းလှန်ပြီး-စိတ်တက်ကြွစွာ

၂၀၂၁ ခုနှစ်မှာ ကိုဗစ် ကြောက်စိတ်တွေကို တွန်းလှန်ပြီး စိတ်တက်ကြွစွာ နေထိုင်ကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ရောဂါကြောင့် ကြောက်ရွံ့ထိတ်လန့်မှုတွေကို လူတိုင်းနီးပါး ခံစားခဲ့ရမှာပါ။ အခုဆိုရင် ကာကွယ်ဆေးတွေလည်း ပေါ်လာပြီဆိုတော့ အရင်လိုပြန်ဖြစ်ဖို့က သိပ်မကြာတော့ပါဘူး။ ဒါကြောင့် အခုနှစ်သစ်မှာတော့ ကိုဗစ် ကြောက်စိတ်တွေကို အားလုံးပဲ အနိုင်ယူတိုက်ထုတ်လိုက်ကြရအောင်။
တကယ်တမ်း ကြောက်ရွံ့မှုကို အနိုင်ယူတိုက်ထုတ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်လှပါဘူး။ ကြောက်ရွံ့မှုဆိုတာကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အဆိုးမြင်စိတ်တစ်ခုပါ။ စိတ်ဖိစီးမှုများလို့ အဆိုးမြင်စိတ်တွေပေါ်လာရင် ဖျောက်ပစ်ဖို့ ခက်ခဲပါတယ်။

>>  ဘာလို့ဖျောက်ဖို့ခက်တာလဲဆိုတော့ -
မျိုးရိုးဗီဇကုဒ်ထဲမှာကိုက ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရင် အလွန်အကျွံသတိထားပြီး တုံ့ပြန်တတ်တဲ့ ပရိုဂရမ်အနေနဲ့ ဆွဲထားတာ ဖြစ်နေလို့ပါ။
စိတ်ဖိစီးမှုရဲ့လှုံ့ဆော်မှုကြောင့် ထွက်လာတဲ့ဟော်မုန်းများ (Stress hormones) တွေက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။
လူအများစုဟာ အဆိုးမြင်စိတ်တွေကို ရင်မဆိုင်ဘဲ လျစ်လျူရှုထားလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ စိတ်ဖိစီးမှုကို ပိုဆိုးစေပြီးတော့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ကြောက်ရွံ့ထိတ်လန့်မှုကို အနိုင်ယူဖို့ဆိုတာ ခက်ခဲပေမယ့် ကြိုးစားပြီးတော့ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှသာ စိတ်ကျန်းမာရေးပြဿနာတွေ မပေါ်ပေါက်လာမှာပါ။

ဒီလိုလုပ်ဖို့ဆိုရင် ဆေးဝါးတွေ မှီဝဲစရာ မလိုပါဘူး။ အဆင့် (၂) ဆင့်ပဲ လုပ်ဆောင်ပေးစရာလိုတဲ့ နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။
၁။  အဆိုးမြင်စိတ်တွေကို ဖွင့်ထုတ်ပါ။
စိတ်ဖိစီးမှုကို လျစ်လျူမရှုဘဲ ရင်ဆိုင်တဲ့အခါ အရင်ဆုံးဖြစ်ပေါ်လာမယ့် အဆိုးမြင်စိတ်ခံစားချက်ကတော့ ဒေါသစိတ်ပါ။ ဒီလိုဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို ချုပ်တည်းထားမယ်ဆိုရင် စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပါတယ်။ ဒေါသထွက်လိုက်တာဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို လျှော့ချပေးပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဒေါသအဖြစ်ပြောင်းပြီး စိတ်ရှိတိုင်း ပေါက်ကွဲလိုက်ပါ။ ပေါက်ကွဲတဲ့အခါမှာလည်း ပတ်ဝန်းကျင်ကို ဒုက္ခမပေးမိအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ။ အကောင်းဆုံးကတော့ “ ငါတော့ ဒီနေ့ ဘာကိုစိတ်တိုတယ်၊ ဘာနဲ့ပတ်သက်ပြီး ဝမ်းနည်းတယ် " စသည်ဖြင့် ကိုယ့်ကိုယ်ကို စကားပြောပြီး စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ပစ်လိုက်ပါ။

၂။  အကောင်းမြင်စိတ်တွေကို ဖော်ပြပါ။
အဆိုးမြင်စိတ်တွေကို ဖွင့်ထုတ်ပြီးတဲ့အခါမှတော့ အကောင်းမြင်စိတ်တွေဟာ သူ့အလိုလို ပေါ်လာပါလိမ့်မယ်။ အကောင်းမြင်စိတ်တွေကိုလည်း အပေါ်ကနည်းအတိုင်းပဲ “ဒီနေ့တော့ ဘာကြောင့်ပျော်ရတယ်၊ ဒီနေ့တော့ ဘာနဲ့ပတ်သက်ပြီး ကျေးဇူးတင်ရတယ်" စသည်ဖြင့် ကိုယ့်ကိုယ်ကို စကားပြောပြီး ဖော်ပြပေးပါ။

>>  နောက်နည်းလမ်းတစ်ခုကတော့ အဆိုးမြင်စိတ်တွေကို အကောင်းမြင်စိတ်သို့ ပြောင်းလဲပစ်တာပါ။
အိမ်မှာပဲနေရတာ စိတ်တိုဖို့ကောင်းတယ်လို့ တွေးမယ့်အစား မိသားစုအတွက် အချိန်ပေးဖြစ်လို့ ပျော်စရာကောင်းတယ်လို့ ပြောင်းတွေးကြည့်ပါ။
ဒီကပ်ရောဂါကြီး ဘယ်တော့မှပြီးမှာလဲလို့ တွေးပြီးကြောက်နေမယ့်အစား အခုချိန်ထိ အကောင်းဆုံးကြိုးစားပြီး ရင်ဆိုင်နေလို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်လို့ တွေးကြည့်ပါ။
ပြီးခဲ့တဲ့တစ်နှစ်လုံး ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရောစိတ်ပါပင်ပန်းမှုတွေကို ၂၀၂၀ ခုနှစ်မှာပဲ ထားခဲ့လိုက်ပါ။ ၂၀၂၁ ခုနှစ်မှာ စိန်ခေါ်မှုအသစ်တွေကို ဆက်လက်ရင်ဆိုင်ကြရဦးမှာဖြစ်လို့ နှစ်သစ်မှာ စိတ်ခံစားချက်တွေအပေါ် ထားရှိတဲ့ ခံယူချက်တွေကို အဆင့်မြင့်လိုက်ကြပါ။ အဆိုးတွေကို ကောင်းတဲ့ဘက်ကနေ ပြောင်းတွေးပြီးတော့ ကြောက်ရွံ့ထိတ်လန့်မှုတွေကို အနိုင်ယူ တိုက်ထုတ်လိုက်ကြရအောင် ...။

Dr. Aye Hsu Mon (www.drmyanmar.com)