/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/covid-19-ကာလမှာ-စိတ်ဖိစီးမှုများပြီး-အစားတွေစားခြင်းကြောင့်

Covid-19 ကာလမှာ စိတ်ဖိစီးမှုများပြီး အစားတွေစားခြင်းကြောင့် ကိုယ်အလေးချိန်တွေတက်လာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Covid-19 ကပ်ရောဂါဆိုးအချိန်မှာ အိမ်မှာနေနေရင်းနဲ့ စားရင်းသောက်ရင်းနဲ့ ကိုယ်အလေးချိန်တွေ တရိပ်ရိပ် တိုးလို့လာပါတော့တယ်။
လူမှုကွန်ယက်တွေမှာလည်း လူအတော်များများဟာ ရက်ကြာကြာစားဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ထားတဲ့စားစရာတွေကို ရက်ပိုင်းလေးနဲ့တင် ကုန်အောင်စားလိုက်မိကြောင်း တင်ထားကြတာတွေ့မှာပါ။
ဒီလိုဝယ်စုထားတာ အများစုက ချော့ကလက်တွေ၊ သကြားလုံးတွေ၊ အာလူးကျော်တွေ၊ ပေါင်မုန့်၊ ကိတ်မုန့်တွေပါ။ ဒီမုန့်တွေစားခြင်းအားဖြင့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘဲနေရတာကို သည်းညည်းခံနိုင်ပြီးတော့ စိတ်ဖိစီးမှုတွေလည်း လျော့ကျနိုင်ပါတယ်။

>>  အများဆုံးစားတတ်ကြတာကို စစ်တမ်းကောက်ကြည့်ရာမှာ -
၁။  ကွတ်ကီး
၂။  ဟင်း
၃။  အာလူးကြော်နဲ့ဆိုဒါ
၄။  အိုရီယိုဘီစကစ်
၅။  အားဖြည့်အချိုရည်တွေပါပဲ။

အီတလီကစစ်တမ်းတစ်ခုအရဆိုရင် အိမ်တွင်းအောင်းခိုင်းချိန်ကစလို့ ဝယ်ယူမှုအများဆုံးနေရာမှာ ဂျုံနဲ့သကြားက ထိပ်တန်းပြေးတယ် ဆိုပါတယ်။ လူတွေဟာ အိမ်မှာပဲ ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေ ဖုတ်စားနေကြတယ်ဆိုတဲ့သဘောပါ။
စိတ်ကျန်းမာရေးဂျာနယ်တစ်ခုရဲ့ဖော်ပြချက်အရဆိုရင် လူတွေဟာ ကပ်ရောဂါရဲ့ မသေချာမရေရာမှုတွေအပြင် အိမ်တွင်းအောင်းပြီး လူတွေနဲ့မထိမတွေ့ရတဲ့အတွက် စိတ်ဖိစီးမှုတွေ အရမ်းများနေကြတယ်လို့ ဆိုပါတယ်။
ဂျာနယ်မှာ ရှင်းပြထားတာက စိတ်ဖိစီးမှုများတဲ့ အခြေအနေမျိုးမှာ လူတွေဟာ ကိုယ့်ရဲ့စိတ်အခြေအနေကို အမျိုးမျိုး ထိန်းချုပ်ဖို့ကြိုးစားပါတယ်တဲ့။ တချို့က တစ်ထိုင်တည်းနဲ့ အများကြီးစားပစ်တယ်။ တချို့က တစ်နေ့ကို နည်းနည်းနည်းနည်းနဲ့ မကြာမကြာဆိုသလို စားကြတယ်။ တချို့ကတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်တဲ့အနေနဲ့ အစားကို လျော့စားတတ်ကြပါတယ်တဲ့။
စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲက စွမ်းအင်ထုတ်ယူသုံးစွဲမှုမှာ အရေးပါတဲ့ ကော်တီဆောဟော်မုန်းပမာဏ အပြောင်းအလဲ ဖြစ်လာပါတယ်။ စိတ်ဖိစီးလာတဲ့အခါ စွမ်းအင်ကို ရုတ်ချည်းတိုးစေနိုင်တဲ့ ရိုးရိုးကစီဓာတ်တွေနဲ့ အချိုများတဲ့ အစားအသောက်တွေကို တောင့်တလာတတ်ကြပါတယ်။
ဒါကြောင့် ၃ ရက်စာ ဝယ်ထားတဲ့မုန့်တွေကို တစ်ရက်တည်းနဲ့ ကုန်အောင်စားမိတာ စာဖတ်သူတစ်ယောက်တည်း မဟုတ်ပါဘူးနော်။
ဒီလို ကပ်ရောဂါကာလမှာ စိတ်ဖိစီးမှုဖြစ်တာ သဘာဝပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့ နည်းလမ်းတွေကို လိုက်နာပြီး စိတ်ကိုလည်းလျှော့ ဝိတ်ကိုလည်း ထိန်းကြရအောင်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)