ECG ရိုက်တယ်ဆိုတာ ဘာလဲ ... ဘယ်ချိန်မှာ ECG ရိုက်ဖို့ လိုအပ်လဲ ... နှလုံးရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်သင့်လဲ
ECG (Electrocardiogram) ဆိုတာ သင် ငြိမ်သက်စွာ အနားယူနေစဉ် သင့်နှလုံးရဲ့ လျှပ်စစ်နိုးကြားမှုကို တိုင်းတာခြင်း ဖြစ်ပါတယ်။
နှလုံးခုန်သည့် အရေအတွက်၊ နှလုံးခုန်နှုန်း ပုံမှန် ရှိ/မရှိ၊ သွေးတိုးခြင်းကြောင့် နှလုံးကြီးခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း စသော နှလုံးဆိုင်ရာပြဿနာများကို ECG ရိုက်ခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။
ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွေးတိုးရောဂါရှှိသူများနှင့် အဝလွန်နေသူများအနေဖြင့် မဖြစ်မနေ ECG ဖြင့် စမ်းသပ်ဖို့ လိုအပ်ပါတယ်။
>> ဘယ်လိုအနေအထားတွင် ECG ရိုက်သင့်လဲ?
● နှလုံးရောဂါမျိုးရိုးရှိသူများ
● သွေးတိုးရောဂါရှိသူများ
● ဆီးချိုရောဂါရှိသူများ
● ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း စသည့်လက္ခဏာရှိသူများ
>> နှလုံးရောဂါ မဖြစ်ပေါ်အောင် ဘယ်လိုကာကွယ်သင့်သလဲ?
နှလုံးရောဂါ ဖြစ်ပေါ်နိုင်သော အလားအလာများ ရှိ/မရှိ ဆန်းစစ်ပါ။ ဒါတွေကတော့ အသက်အရွယ်၊ လူမျိုး၊ ကိုလက်စထရောများခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း စသည့်အချက်များရှိပါက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးနိုင်ပါတယ်။
● ဆေးလိပ်ဖြတ််ပါ။
● ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
● သွေးတိုးရောဂါကို ပုံမှန်ကုသပါ။
● အဆီအဆိမ့်များကို ရှောင်ပြီး အသီးအရွက် များများစားပါ။
● အဝလွန်နေသူများ ကိုယ်အလေးချိန် လျှော့ချပါ။
● ဆီးချိုရောဂါကို ပုံမှန်ကုသပါ။
● အရက် လျှော့သောက်ပါ။
● စိတ်ဖိစီးမှု လျှော့ချပါ။
● ကိုလက်စထရော မတက်အောင် ထိန်းသိမ်းပါ။
● ပုံမှန် ကျန်းမာရေးစစ်ဆေးမှု medical check-up ပြုလုပ်ပါ။
တကယ်လို့ သင့် သွေးပေါင်ချိန်၊ ကိုလက်စထရော၊နှင့် သွေးတွင်းအချိုဓာတ်ဟာ မြင့်မားနေပါက ဆရာဝန်နှင့် မဖြစ်မနေ ပြသတိုင်ပင်သင့်ပါတယ်။ ဆေး ပုံမှန်သောက်ခြင်းအပြင် အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် နှလုံးရောဂါ မဖြစ်ပေါ်အောင် အချိန်မီ ထိန်းသိမ်းဖို့ သတိပေး တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















