/
news/ကျန်းမာရေး-z/ခြေဖနောင့်အရွတ်ရောင်ခြင်း

ခြေဖနောင့်အရွတ်ရောင်ခြင်း

Category
ကျန်းမာရေး (A-Z)

        ခြေဖနောင့်အရွတ်ရောင်ခြင်းဆိုသည်မှာ ခြေသလုံးအနောက်ကြွက်သားနှင့် ခြေဖနောင့်အရိုးကိုဆက်သွယ်ထားသော တစ်သျှူးအစုအဝေးဖြစ်သည့် ခြေဖနောင့်အရွတ်ကို အသုံးပြုမှုများသောကြောင့် ဒဏ်ရာရခြင်းဖြစ်သည်။

        ခြေဖနောင့်အရွတ်ရောင်ခြင်းကို အများအားဖြင့်ဆရာဝန်ညွှန်ကြားချက်နှင့်အညီ အိမ်တွင်သာကုသနိုင်သည်။ နောက်ထပ်ပြန်မဖြစ်အောင်တော့ မိမိဘာသာစောင့်ရှောက်ဖို့လိုအပ်သည်။ အရွတ်ရောင်ခြင်းပိုဆိုးလျှင် အရွတ်ပြဲသွားတတ်ပြီး ခွဲစိတ်ပြုပြင်ဖို့လိုအပ်ပါတယ်။

 

ရောဂါလက္ခဏာများ

 

         ပြေးပြီးလျှင် (သို့) အခြားအားကစားတစ်ခုခုလုပ်ပြီးလျှင် ခြေထောက်အနောက်ဖက် (သို့) ခြေဖနောင့်အထက်တွင် နာကျင်ခြင်းခံစားရတတ်ပါတယ်။ အကြာကြီးပြေးခြင်း၊ လှေကားတက်ခြင်းနှင့် စက်ဘီးမြန်မြန်နင်းခြင်းပြုလုပ်ပြီးလျှင် နာကျင်မှုပိုဆိုးနိုင်ပါတယ်။ တစ်ခါတစ်ရံ မနက်စောစောအိပ်ရာထချိန်တွင် နာကျင်မှုတောင့်တင်းမှုတွေကိုခံစားရပြီး လှုပ်ရှားမှုနည်းနည်းရှိရင် တဖြည်းဖြည်းပြန်ကောင်းလာပါတယ်။

 

ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းသွားမလဲ

 

         ခြေဖနောင့်အရွတ်နားမှာ အမြဲနာကျင်နေရင်တော့ ဆရာဝန်ပြသဖို့လိုအပ်ပါတယ်။ လမ်းမလျှောက်နိုင်လောက်အောင် ပြင်းထန်စွာနာကျင်ရင်တော့ အရွတ်ပြဲထွက်သွားတာဖြစ်နိုင်တဲ့အတွက် ချက်ချင်းဆေးကုသမှုခံယူပါ။

 

ရောဂါဖြစ်စေသောအကြောင်းအရင်းများ

 

       ခြေဖနောင့်အရွတ်ရောင်ခြင်းက ဒီအရွတ်ပေါ်မှာ ထပ်ခါထပ်ခါနဲ့ ပြင်းထန်တဲ့အားသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ ခြေဖနောင့်အရွတ်ကို လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းနဲ့ ခြေဖနောင့်ထောက်ခြင်းတွေပြုလုပ်တဲ့အခါမှာ အသုံးပြုရပါတယ်။

       ခြေဖနောင့်အရွတ်ရဲ့တည်ဆောက်မှုက အသက်ကြီးလာတာနဲ့အမျှအားနည်းလာပြီး ထိခိုက်ဒဏ်ရာပိုရလွယ်ပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပဲ အားကစားလုပ်သူတွေ၊ ပြေးနေချိန်မှာ ရုတ်တရက်အရှိန်မြှင့်လိုက်တဲ့သူတွေမှာ ဒီလိုပိုဖြစ်တတ်ပါတယ်။

 

ဖစ်နိုင်ချေများသောအချက်များ

 

1. အမျိုးသား/အမျိုးသမီး - အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။

2. အသက်အရွယ် - အသက်ကြီးလာတာနဲ့အမျှ ပိုပြီးအရွတ်ရောင်နိုင်ချေများပါတယ်။

3. ခန္ဓာကိုယ်တည်ဆောက်ပုံ - ခြေဖဝါးတစ်ညီတည်းဖြစ်နေတဲ့သူတွေမှာ ခြေဖနောင့်အရွတ်ပေါ်ကို ပိုပြီးဖိအားများများသက်ရောက်လေ့ရှိပါတယ်။ အဝလွန်ခြင်းနှင့် ခြေသလုံးကြွက်သားတုတ်ခြင်းကြောင့်လည်း ဖိအားများစေပါတယ်။

4. အားကစားပစ္စည်းနှင့် နေရာ ရွေးချယ်မှု - စုတ်ပြဲနေသောအားကစားဖိနပ်များစီးပြီးပြေးခြင်းကြောင့် အရွတ်ရောင်နိုင်ချေများပါတယ်။ အရွတ်နာခြင်းက ပူနွေးတဲ့ရာသီဥတုထက်စာရင် အေးတဲ့ရာသီဥတုမှာပိုဖြစ်နိုင်ပြီး တောင်ကုန်းထူထပ်တဲ့နေရာတွေမှာပြေးခြင်းကလည်း ခြေဖနောင့်အရွတ်ကို ဒဏ်ပိုဖြစ်စေပါတယ်။

5. ကျန်းမာရေးအခြေအနေများ - Psoriasis ရောဂါရှိသူတွေ နဲ့ သွေးတိုးရှိသူတွေမှာ အရွတ်ရောင်နိုင်ချေပိုများပါတယ်။

6. ဆေးဝါးများ - Fluoroquinolones လို့ခေါ်တဲ့ပိုးသတ်ဆေးတွေကြောင့် ပိုဖြစ်တတ်ပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

 

ခြေဖနောင့်အရွတ်ရောင်တာကြာလာရင် အရွတ်အားနည်းလာပြီးတော့ နောက်ပိုင်းမှာ အရွတ်ပြဲသွားတတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ခွဲစိတ်ပြီး ပြုပြင်ရပါမယ်။

 

စမ်းသပ်စစ်ဆေးခြင်း

 

1. ဓာတ််မှန် - ဓာတ်မှန်ရိုက်ခြင်းဖြင့် အရွတ်လိုမျိုးတစ်သျှူးအမျိုးအစားကို မကြည့်နိုင်ပေမယ့် ရောဂါလက္ခဏာတူတဲ့ အခြားရောဂါတစ်ခုခုရှိ/မရှိ ကြည့်နိုင်ပါတယ်။

2. အာထရာဆောင်း - အာထရာလ်ဆောင်းရိုက်ခြင်းဖြင့် ခြေဖနောင့်အရွတ်ရဲ့ပုံရိပ်ကို တွေ့နိုင်ပါတယ်။ color-droppler ultrasound ကတော့ အရွတ်ပတ်ပတ်လည်မှာရှိတဲ့ သွေးလှည့်ပတ်မှုကိုသိစေနိုင်ပါတယ်။

3. MRI - ရေဒီယိုလှိုင်းတွေနဲ့ အားကောင်းတဲ့ သံလိုက်ဓာတ်ကိုအသုံးပြုပြီးရိုက်ခြင်းဖြစ်ပြီး အရွတ်ရဲ့အသေးစိတ်ပုံရိပ်ကိုမြင်နိုင်ပါတယ်။

 

ကုထုံးများ

 

1. ဆေးဝါးများ - Ibuprofen ( Advil, Mortrin IB), Naproxen (Aleve) စတဲ့ အနာသက်သာဆေးတွေကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း သောက်နိုင်ပါတယ်။

2. ကိုယ်လက်လှုပ်ရှားပြုလုပ်ကုသခြင်း

            အနာကျက်စေဖို့နဲ့ အရွတ်နဲ့ အရွတ်ကို အထောက်အပံ့ပေးနေတဲ့အရာတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့လိုအပ်တယ်ဆိုရင် ဆရာ၀န်က ပြုသပေးပါလိမ့်မယ်။

3. သက်သာစေသော ကိရိယာများ - ရှူးဖိနပ်ထဲတွင် တစ်ခုခုထည့်ထားခြင်းဖြင့် ခြေဖနောင့်ကိုအနည်းငယ်မြှင့်တင်ပေးပြီး အရွတ်ပေါ်ကိုသက်ရောက်နေတဲ့ဖိအားတွေကို လျော့နည်းစေဖို့ ခုခံပေးထားပါတယ်။

4. ခွဲစိတ်ခြင်း - လအတော်ကြာအထိ မတိုးတက်လာဘူးဆိုရင် (သို့) အရွတ်ပြဲသွားရင် ဆရာဝန်ကခွဲစိတ်ပြီး အရွတ်ကိုပြုပြင်ဖို့အတွက် အကြံပေးပါလိမ့်မယ်။

 

နေထိုင်မှုပုံစံ

 

1. အနားယူခြင်း - ရက်အတော်ကြာအောင် လေ့ကျင့်ခန်းမပြုလုပ်ပဲနေရပါမယ် (သို့) အရွတ်ကိုဖိအားမဖြစ်စေမယ့် ရေကူးခြင်းကဲ့သို့သော လေ့ကျင့်ခန်းပြောင်းလုပ်ပါ။ ပြင်းထန်ရင်တော့ လမ်းလျှောက်ဘွတ်ဖိနပ်ဝတ်ခြင်း၊ ချိုင်းထောက်အသုံးပြုခြင်းတွေလုပ်ဖို့လိုအပ်ပါတယ်။

2. ရေခဲကပ်ခြင်း - လေ့ကျင့်ခန်းလုပ်ပြီးချိန် (သို့) နာလာတဲ့အချိန်တွေမှာ ခြေဖနောင့်အရွတ်ပေါ်ကို ရေခဲဝတ်နဲ့ 15 မိနစ်ခန့်ကပ်ပေးခြင်းဖြင့် နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းများကို သက်သာစေနိုင်ပါတယ်။

3. ဖိအားပေးခြင်း - ကျုံ့နိုင်ဆန့်နိုင်တဲ့ပတ်တီးများပတ်ထားခြင်းဖြင့်လည်း ရောင်ရမ်းခြင်းကိုသက်သာစေပြီး အရွတ်လှုပ်ရှားမှုကိုလျော့နည်းစေပါတယ်။

4. ခြေထောက်မြှင့်ထားခြင်း - ဖြစ်တဲ့ခြေထောက်ကို နှလုံးထက်မြင့်အောင်မြှောက်ထားခြင်းဖြင့်လည်း အရောင်ကျစေပါတယ်။ ညအိပ်ရင်ခြေထောက်မြှင့်ပြီးအိပ်ပါ။

 

ကာကွယ်ခြင်း

 

        ခြေဖနောင့်အရွတ်ရောင်ခြင်းမဖြစ်အောင် မကာကွယ်နိုင်ပေမယ့် ဖြစ်နိုင်ချေကိုတော့နည်းသွားအောင်လျှော့ချနိုင်ပါတယ်။

1. လှုပ်ရှားမှုကို ဖြည်းဖြည်းချင်းပဲအရှိန်မြှင့်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးကုသမယ်ဆိုရင် ဖြည်းဖြည်းချင်းစလုပ်ပြီးတော့မှ တဖြည်းဖြည်းအရှိန်နဲ့ ကြာချိန်ကိုမြှင့်ပါ။

2. သက်သက်သာသာပဲလုပ်ပါ။ တောင်ကုန်းပေါ်မှာပြေးခြင်းလိုမျိုး အရွတ်ပေါ်ကိုဖိအားများများကျရောက်စေမယ့် လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် မလုပ်ခင်သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းနာလာရင်တော့ ရပ်ပြီးအနားယူလိုက်ပါ။

3. အားကစားဖိနပ်ကို သေချာစွာရွေးချယ်ပါ။ လေ့ကျင့်ခန်းလုပ်ရင်စီးတဲ့ဖိနပ်က ခုခံမှုကောင်းပြီး ကွက်တိဖြစ်နေမှ အရွတ်ပေါ်ကို ဖိအားသက်ရောက်မှုနည်းစေမှာပါ။ စုတ်ပြဲနေတဲ့ ဖိနပ်တွေကို လဲလိုက်ပါ။

4. နေ့စဉ်အချိန်ပေးပြီး မနက်ပိုင်းလေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာ ခြေသလုံးကြွက်သားနဲ့ ခြေဖနောင့်အရွတ်ကိုဆွဲဆန့်ပေးခြင်းဖြင့် ကျုံ့နိုင်ဆန့်နိုင်မှုကို ထိန်းသိမ်းပေးပါတယ်။ ဒါက အရွတ်ရောင်ခြင်းပြန်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

5. ခြေသလုံးကြွက်သားကို သန်မာနေပါစေ။ ခြေသလုံးကြွက်သားတွေသန်မာနေမယ်ဆိုရင် လှုပ်ရှားမှုနဲ့လေ့ကျင့်ခန်းတွေကြောင့် ခြေသလုံးနဲ့ အရွတ်အပေါ် အားသက်ရောက်မှုကို ကောင်းစွာခံနိုင်ပါလိမ့်မယ်။

6. ဖိအားများတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ပြေးခြင်း၊ ခုန်ခြင်းတို့နဲ့ ဖိအားနည်းတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို တစ်လှည့်စီလုပ်ပေးပါ။

7. ကိုယ်အလေးချိန်ပုံမှန်အတွင်းပဲရှိအောင် ဂရုစိုက်ပါ။

 

Dr. Mya Myo Myo Swe

www.drmyanmar.com