/
news/ကျန်းမာရေး-z/အာခေါင်-ရောင်ရမ်းခြင်း

အာခေါင် ရောင်ရမ်းခြင်း

Category
ကျန်းမာရေး (A-Z)

အာခေါင်မှာရှိတဲ့ အရေပြားဟာ နူးညံ့လွန်းတဲ့အတွက် နေ့စဉ်နေ့တိုင်း ပျက်စီးလိုက်၊ အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အာခေါင်ရောင်ရမ်းခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

          ဒါကြောင့် ဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လိုကုသမှုတွေ ခံယူနိုင်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

 

>>    အခြားရောဂါလက္ခဏာများ

          ပါးစပ်ရောင်ရမ်းခြင်းအပြင် အခြားခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ -

 

♦       နာကျင်ခြင်း

          တချို့ရောင်ရမ်းခြင်းတွေမှာ ရောင်ရမ်းတာအပြင် နာကျင်မှုကိုပါ ခံစားရနိုင်ပါတယ်။ ဆိုးဆိုးရွားရွား နာကျင်မှုကို ခံစားရနိုင်တဲ့ အခြေအနေတွေကတော့ ခံတွင်းကင်ဆာ၊ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါနဲ့ အသည်းရောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

 

♦       ပါးစပ်ခြောက်ခြင်း

          ပါးစပ်ခြောက်ခြင်းဟာ ရောဂါအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အများအားဖြင့် တံတွေးဂလင်းပိတ်တာ၊ ဒဏ်ရာရတာနဲ့ ပူလွန်းတဲ့အစားအသောက်တွေကြောင့်၊ အပူလောင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရက်သောက်ခြင်းဟာလည်း ရေဓာတ်ဆုံးရှုံးစေနိုင်တာကြောင့် အာခေါင်ရောင်ရမ်းခြင်းနဲ့ ပါးစပ်ခြောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

 

♦       အနာများဖြစ်ခြင်း

          အနာတွေမှတစ်ဆင့် အရည်ကြည်ပူတွေ ဖြစ်လာကာ ၎င်းအဖုတွေဟာ ကြီးလာတာနဲ့အမျှ နာကျင်မှုကို ခံစားရစေပါတယ်။

 

♦       ကြွက်တက်ခြင်း

          ခန္ဓာကိုယ်မှာရှိတဲ့ သတ္တုဓာတ်တွေရဲ့ပမာဏ အလွန်အမင်း နည်းပါးလာပါက ကြွက်တက်ခြင်းေ၀ဒနာကို ခံစားရတတ်ပါတယ်။ သတ္တုဓာတ်ပမာဏတွေကို ပုံမှန်အတိုင်း ထိန်းသိမ်းထားခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေမှ ကင်းေ၀းစေမှာ ဖြစ်ပါတယ်။

 

>>    အကြောင်းအရင်းများ

          ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို နားလည်ထားခြင်းငြဖ့် ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှာဖွေဖို့ လွယ်ကူနိုင်ပါတယ်။ ၎င်းတို့မှာ -

 

♦       ထိခိုက်ဒဏ်ရာရခြင်း

          ခံတွင်းဒဏ်ရာရစေတဲ့ အကြောင်းအရင်းတွေကတော့ -

•        ပူလွန်းတဲ့အစားအသောက်တွေ စားတဲ့အခါမှာ အာခေါင်မှာရှိတဲ့ နူးညံ့လွန်းလှတဲ့ အရေပြားကို အပူလောင်စေကာ အရည်ကြည်ဖုတွေ ဖြစ်လာနိုင်ပါတယ်။

•        မာလွန်းတဲ့ အစားအသောက်တွေဖြစ်တဲ့ သကြားလုံးအမာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အမာနဲ့ အချို့သော အကြော်အလှော်တွေကြောင့် အာခေါင်ကို ထိခိုက်စေပါတယ်။

•        အာခေါင်ကို ခြစ်မိတာကြောင့်လည်း ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

♦       ခံတွင်းအနာများ ဖြစ်ပွားခြင်း

          အနာ (သို့) အရည်ကြည်ဖုအနေနဲ့ မဖြစ်ပေါ်မီကပင် အာခေါင်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်တတ်ပြီး အများအားဖြင့် ၎င်းအနာတွေဟာ ပါး (သို့) သွားဖုံးမှာ ဖြစ်လေ့ရှိရာ အာခေါင်မှာကတော့ သိပ်ဖြစ်လေ့မရှိပါဘူး။

          Herpes simplex လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အအေးနာကတော့ တစ်ပတ်လောက် ကြာတတ်ပြီး ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းတတ်ပါတယ်။ အအေးနာတွေဟာ နှုတ်ခမ်းမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း တစ်ခါတစ်ရံမှာတော့ အာခေါင်မှာ ဖြစ်နိုင်ပါတယ်။

 

♦       သတ္တုဓာတ် မညီမျှမှုများ

          သတ္တုဓာတ်ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့အရည်၊ သွေးနဲ့ ဆီးတွေမှာ ပျော်၀င်နေတဲ့ ဓာတ်ဆားတွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေနိုင်ဖို့ သတ္တုဓာတ်ပမာဏတွေဟာ သင့်တော်တဲ့ပမာဏတစ်ခုမှာ ရှိနေဖို့ လိုအပ်ပါတယ်။ သတ္တုဓာတ်ပမာဏ များလွန်းခြင်း၊ နည်းလွန်းခြင်းတွေကြောင့် အာခေါင်ရောင်ရမ်းခြင်း အပါအ၀င် အခြားရောဂါလက္ခဏာတွေကိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။

 

♦       အရက်သောက်သုံးခြင်း

          အရက် အလွန်အကျွံသောက်ပြီး နောက်တစ်ရက်မှာ အရက်နာကျတဲ့အခါ အာခေါင်ရောင်ရမ်းနေတာကို အရက်သောက်သုံးသူတချို့ သတိပြုမိပါလိမ့်မယ်။ အကြောင်းအရင်းမှာ အရက်ဟာ ခန္ဓာကိုယ်ကို ဆီးတွေ အမြောက်အမြား စွန့်ထုတ်ဖို့ လှုံ့ဆော်တာကြောင့် ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အာခေါင်ခြောက်ခြင်း ဖြစ်ပေါ်လာကာ အလွန်အမင်း ခြောက်သွေ့ပါက အာခေါင်ရောင်ရမ်းခြင်း၊ နာကျင်ခြင်း ေ၀ဒနာကို ဆက်လက်ခံစားရနိုင်ပါတယ်။

 

>>    ခံတွင်းကင်ဆာနှင့် အခြားအရေးကြီးသော အခြေအနေများ

          ရှားရှားပါးပါးအနေနဲ့ အာခေါင်ရောင်ရမ်းခြင်းဟာ ခံတွင်းကင်ဆာကဲ့သို့ ပြင်းထန်တဲ့ရောဂါ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ထိုနည်းတူစွာ အာခေါင်ရောင်ရမ်းခြင်းအပြင် ဗိုက်အောင့်တဲ့ေ၀ဒနာ ခံစားရပါက အသည်းရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

 

♦       ရောဂါရှာဖွေခြင်း

          ဆရာ၀န်မှာ လူနာရဲ့ ခံတွင်းကို စစ်ဆေးရုံဖြင့် မလုံလောက်ပါက (သို့) ရောဂါလက္ခဏာတွေဟာ တစ်ပတ်ထက် ကျော်လွန်နေပါက အာခေါင်ကိုခြစ်၍ အသားစနမူနာ ယူကြည့်ပြီး ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ရှာဖွေမှာ ဖြစ်ပါတယ်။

 

♦       ကုသမှုခံယူခြင်း

          အကောင်းဆုံး ကုသမှုကတော့ ဖြစ်ပွားရတဲ့အကြောင်းအရင်းကို ကုသခြင်းပဲ ဖြစ်ပါတယ်။

 

♦       ထိခိုက်ဒဏ်ရာရခြင်း

          အာခေါင် အပူလောင်ပါက ချက်ချင်း ပါးစပ်ကို ရေအေးဖြင့် ဆေးချပါ။ အကယ်၍ အရည်ကြည်ဖုတွေ ဖြစ်လာပြီး နာလာပါက ဆရာ၀န်နဲ့ ချက်ချင်းသွားရောက် ပြသပါ။ အနာကျက်တာ နှေးနေပါက ခံတွင်းဆေးရည်တွေဟာ အပူလောင်တဲ့အခါမှာ အသုံးပြုသင့်တဲ့ ပထမဆုံး ကုသမှုတစ်ခု ဖြစ်ပါတယ်။ အချို့ခံတွင်းဂျယ်နဲ့ လိမ်းဆေးတွေကိုလည်း ဆိုးဆိုးရွားရွား အပူလောင်ထားတဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။

 

♦       သတ္တုဓာတ် မညီမျှခြင်း

          ရေဓာတ် ဆုံးရှုံးနေပါက ရေများများ ပြန်သောက်ခြင်းဖြင့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနို်ငပါတယ်။ ပြင်းထန်တဲ့   ရေဓာတ်ဆုံးရှုံးမှုမျိုးမှာ ဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုပါတယ်။

 

♦       အနာ (သို့) အရည်ကြည်ဖုများ ဖြစ်ပေါ်ခြင်း

          ခံတွင်းအနာတွေဟာ ပုံမှန်အားဖြင့် တစ်ပတ်၊ 10 ရက်နေပါက အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ အနာဖြစ်နေတဲ့အချိန်မှာ ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ အနာသက်သာလိမ်းဆေးတွေကို အသုံးပြုပေးနိုင်ပါတယ်။

 

♦       ကင်ဆာ

          ကင်ဆာကြောင့် ဖြစ်တယ်ဆိုပါက ကင်ဆာရောဂါ အထူးကုဆရာ၀န်နှင့် သွားရောက်ပြသ၍ ခွဲစိတ်ခြင်း၊ ဓာတုဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

 

>>    ရှုမြင်သုံးသပ်ချက်

          အများအားဖြင့် ရောင်ရမ်းခြင်းတွေဟာ အလိုအလျောက် သက်သာသွားတတ်ပါတယ်။ ကင်ဆာကဲ့သို့ ပြင်းထန်တဲ့ အခြေအနေမျိုးကြောင့် အာခေါင်ရောင်ရမ်းတယ်ဆိုတာ အလွန်မှပင် ရှားပါးပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ အာခေါင်မှာရှိတဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သက်သာလာသည့်တိုင်အောင် အရေပြားအနာကျက်ဖို့ အချိန်တစ်ခု ပေးရမယ်ဆိုတာကို မမေ့ပါနှင့်။ အနာ ကောင်းစွာ မကျက်သေးတဲ့အချိန်မှာ ပူလွန်းတဲ့ အစားအစာတွေ၊ မာတဲ့အစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ 5 ရက်မှ တစ်ပတ်အတွင်း မသက်သာဘူးဆိုပါက ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

 

>>    ကာကွယ်ခြင်း

          အာခေါင်ရောင်ရမ်းစေတဲ့ အကြောင်းအရင်းတွေအားလုံးကို မကာကွယ်နိုင်ပေမယ့် အောက်ပါအချက်တွေကိုတော့ သတိပြုသင့်ပါတယ်။

 

♦       အစာကို အအေးခံပြီးမှ စားပါ။

          ပူနေတဲ့ အစားအစာ၊ အရည်တွေဟာ အာခေါင်ကို အပူလောင်စေနိုင်ပါတယ်။

 

♦       အစာကို ကြေညက်စွာ ဝါးစားပါ။

          မာလွန်းတဲ့ အစားအစာတွေဟာ သွားကို နာကျင်စေရုံသာမက သွားဖုံးနဲ့ အာခေါင်ကိုပါ ဒဏ်ရာရစေနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါမှာ နည်းနည်းချင်းစီ ကိုက်စား၍ ဖြည်းဖြည်းဝါးသင့်ပါတယ်။

 

♦       စိတ်ဖိစီးမှုမှ ကင်းေ၀းအောင်နေပါ။

          စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ ပါးစပ်အနာတွေ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုကို လျှော့ချပါ။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း စသည့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။ အကယ်၍ မိမိဘာသာ မပြုလုပ်နိုင်ပါက ကျွမ်းကျင်သူများရဲ့ အကူအညီကို ရယူ၍ စိတ်ဖိစီးမှုကို ဘယ်လိုလျှော့ချမလဲဆိုတာကို လေ့ကျင့်သင်ကြားသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)