/
news/ကျန်းမာရေး-z/ပါးစပ်အပူလောင်နေသကဲ့သို့-ခံစားရသော-ရောဂါစု-burning-mouth-syndrome

ပါးစပ်အပူလောင်နေသကဲ့သို့ ခံစားရသော ရောဂါစု (Burning Mouth Syndrome)

Category
ကျန်းမာရေး (A-Z)

          Burning Mouth Syndrome ဆိုတာ နာတာရှည် (သို့) မကြာခဏ ပါးစပ်ထဲမှာ အပူလောင်နေသလို ခံစားရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ ပါးစောင်၊ အာခေါင်နဲ့ ခံတွင်းတစ်ခုလုံးမှာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ ပါးစပ်ထဲမှာ ရေနွေးပူလောင်နေသကဲ့သို့ ပြင်းထန်ဆိုးရွားလေ့ ရှိပါတယ်။

          ပါးစပ်အပူလောင်တဲ့ရောဂါဟာ ရုတ်တရက် ဒါမှမဟုတ် တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။

>>    ရောဂါလက္ခဏာများ

•        ရေနွေးပူလောင်သကဲ့သို့ ခံစားမှုမျိုးကို အများအားဖြင့် လျှာပေါ်၌ ခံစားရခြင်း။ ထို့ပြင် နှုတ်ခမ်း၊ သွားဖုံ၊ အာခေါင်၊ လည်ချောင်း (သို့) ပါးစပ်တစ်ခုလုံး၌လည်း ခံစားရခြင်း

•        ခံတွင်းခြောက်၍ အလွန်အမင်း ရေငတ်ခြင်း

•        အရသာခံအာရုံ ပြောင်းလဲခြင်း (ဥပမာ - ခါးသက်ခြင်း၊ သတ္တုဓာတ်အရသာ ရခြင်း)

•        အရသာ မခံစားနိုင်ခြင်း

 

          ပါးစပ်အပူလောင်တဲ့ရောဂါဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားတတ်ပါတယ်။

•        နေ့စဉ်နေ့တိုင်းဖြစ်၍ အိပ်ရာထတဲ့အချိန်မှာ သိပ်မသိသာဘဲ ကြာလာတာနဲ့အမျှ ပိုဆိုးလာခြင်း

•        အိပ်ရာနိုးနိုးချင်းမှာပင် ေ၀ဒနာ စတင်ခံစားရ၍ တစ်နေကုန်ဖြစ်နေခြင်း

•        အပူလောင်တဲ့ေ၀ဒနာဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်ခြင်း

 

          ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ပါးစပ်အပူလောင်တဲ့ ရောဂါစုဟာ လပေါင်းများစွာကနေ နှစ်နဲ့ချီပြီး ကြာမြင့်တတ်ပါတယ်။ ရှားရှားပါးပါး ဖြစ်ရပ်တွေမှာဆိုရင်တော့ ရောဂါလက္ခဏာတွေဟာ အလိုအလျောက် သက်သာသွားခြင်း (သို့) မကြာခဏ မဖြစ်ပေါ်ခြင်းမျိုးတွေ တွေ့ရတတ်ပါတယ်။ အချို့သော ခံစားမှုတွေကတော့ စားသောက်နေတဲ့အချိန်မှာ သက်သာနေတတ်ပါတယ်။ ဒီလိုေ၀ဒနာ ခံစားနေရပေမယ့် လျှာနဲ့ ပါးစပ်ထဲမှာတော့ ဘာမှသိသာတဲ့ပြောင်းလဲမှုမျိုးကို မတွေ့ရပါဘူး။

 

>>    ဘယ်အချိန်မှာ ဆရာ၀န်နဲ့ သွားရောက်ပြသသင့်သလဲ?

          လျှာ၊ နှုတ်ခမ်း၊ သွားဖုံးအပြင် ခံတွင်းထဲမှာ မသက်မသာတဲ့ခံစားမှုမျိုး ခံစားလာရပြီဆိုပါက ဆရာ၀န်နဲ့ သွားပြသင့်ပါတယ်။ ဆရာ၀န်မှ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းကို ရှာဖွေပေး၍ လိုအပ်တဲ့ကုသမှုတွေ ခံယူနိုင်အောင်လည်း စီစဉ်ပေးပါလိမ့်မယ်။

 

>>    ဖြစ်ပွားရတဲ့ အကြောင်းအရင်းများ

          ကနဦးနဲ့ တစ်ဆင့်ခံ အကြောင်းအရင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

 

♦       ကနဦးအကြောင်းအရင်း

          ဘာမူမမှန်မှုမှ ရှာဖွေမတွေ့ရှိဘဲ ေ၀ဒနာခံစားနေရပါက ကနဦး ပါးစပ်အပူလောင်ရောဂါလို့ အမည်တပ်ကြပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ အရသာခံအာရုံနဲ့ သိမှုဆိုင်ရာအာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့ပြဿနာတွေကြောင့် ဖြစ်ပွားရတယ်လို့ ယူဆလေ့ရှိကြပါတယ်။

 

♦       တစ်ဆင့်ခံ အကြောင်းအရင်းများ

          အခြားရောဂါ အခြေအနေတစ်ခုခုကြောင့် ခံစားရတဲ့ ပါးစပ်အပူလောင်ရောဂါကိုတော့ တစ်ဆင့်ခံရောဂါလို့ အမည်တပ်ကြပါတယ်။ ၎င်းတို့မှာ -

•        ခံတွင်းခြောက်ခြင်း - ဆေးအမျိုးမျိုး၊ နှလုံးရောဂါ၊ တံတွေးဂလင်းပြဿနာများ (သို့) ကင်ဆာရောဂါကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်နိုင်ပါတယ်။

•        အခြားခံတွင်းဆိုင်ရာ အခြေအနေများ - မှိုကြောင့်ဖြစ်တဲ့ ပါးစပ်အနာများ၊ လျှာရောင်ခြင်း၊ မြေပုံကဲ့သို့ ဖြစ်နေသော လျှာ။

•        အာဟာရ ချို့တဲ့မှုများ - သံဓာတ်၊ ဇင့် (သွပ်ဓာတ်)၊ ဖောလိတ်၊ ဗီတာမင်B1 ၊ ဗီတာမင် B2၊ ဗီတာမင်ဘီ 6 နဲ့ ဗီတာမင် 12။

•        သွားစိုက်ခြင်း - သွားစိုက်တဲ့အခါမှာ အဆင်မပြေခြင်းကြောင့် သွားဖုံးကြွက်သားနဲ့ တစ်သျှူးတွေကို ဖိမိခြင်း (သို့) ပြုလုပ်ထားတဲ့ပစ္စည်းတွေက ခံတွင်းတစ်သျှူးတွေကို ဒဏ်ရာရစေခြင်း။

•        ဓာတ်မတည့်ခြင်း - အစားအသောက်များ၊ ဆိုးဆေးများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ သွားပြုပြင်ရာတွင် အသုံးပြုသောပစ္စည်းများ။

•        အစာအိမ်အတွင်းမှ အက်စစ်များ အထက်သို့ ဆန်တက်ခြင်း။

•        အချို့သောဆေးဝါးများ (ဥပမာ - သွေးတိုးကျဆေးများ)။

•        ခံတွင်းဆိုင်ရာ အကျင့်များ - လျှာလိပ်ခြင်း၊ လျှာဖျားကိုက်ခြင်း၊ သွားကြိတ်ခြင်း။

•        ဆီးချိုရောဂါ (သို့) သိုင်းရွိုက်ဟော်မုန်းနည်းရောဂါ

•        ခံတွင်းကို အလွန်အကျွံ ထိခိုက်ဒဏ်ရာရစေခြင်း - မကြာခဏ သွားကိုက်ခြင်း၊ မကောင်းတဲ့ သွားတိုက်ဆေးများ အသုံးပြုခြင်း၊ ခံတွင်းဆေးရည် အလွန်အမင်းသုံးခြင်း၊ အက်ဆစ်ပါ၀င်တဲ့ အရည်တွေ အများအပြား သောက်သုံးခြင်း။

•        စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ - စိတ်ပူပန်ခြင်း၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း။

 

>>    ဖြစ်နိုင်ခြေ မြင့်တက်စေသောအချက်များ

          ပါးစပ်အပူလောင်တဲ့ရောဂါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါအချက်များနဲ့ ကိုက်ညီပါက ပိုမိုဖြစ်နိုင်ခြေ များပါတယ်။

•        အမျိုးသမီးဖြစ်ခြင်း

•        သွေးဆုံးပြီးခြင်း

•        အသက် 50 အထက်ဖြစ်ခြင်း

 

          ပါးစပ်အပူလောင်နေသကဲ့သို့ ခံစားရတဲ့ ရောဂါစုဟာ အများအားဖြင့် ဆက်တိုက်ဖြစ်ပွားလေ့ရှိပြီး ဘာအရာကြောင့် ပိုဆိုးစေနိုင်တယ်ဆိုတာတော့ သေချာမသိပါဘူး။ ဒါပေမဲ့ အချို့သောအချက်တွေကတော့ ပါးစပ်အပူလောင်ေ၀ဒနာကို ပိုဆိုးစေတယ်လို့ သိရပါတယ်။

•        ဖျားနာခြင်း

•        သွားနဲ့ ပတ်သက်တဲ့ ပြုပြင်မှုတစ်ခုခု ပြုလုပ်ဖူးခြင်း

•        သွားတု တပ်ထားခြင်း

•        အစားအသောက်များနဲ့ ဓာတ်မတည့်ခြင်း

•        ဆေးဝါးများ

•        စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရဖူးခြင်း

•        စိတ်ဖိစီးမှုများခြင်း

•        စိတ်ပူပန်ခြင်း

•        စိတ်ကျေ၀ဒနာ ခံစားနေရခြင်း

 

>>    နောက်ဆက်တွဲ ဆိုးကျိုးများ

          အဓိကဆိုးကျိုးကတော့ နေလို့မကောင်းတာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် -

•        ကောင်းစွာ အိပ်မပျော်ခြင်း

•        အစာစားရ ခက်ခဲခြင်း

•        စိတ်ကျေ၀ဒနာ ခံစားရခြင်း

•        စိတ်ပူပန်မှုများခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။

          ပါးစပ်အပူလောင်တဲ့ရောဂါလို့ အမည်မတပ်နိုင်ခင်မှာ ဆရာ၀န်မှ အခြားရောဂါများ မဟုတ်ကြောင်း သေချာသိဖို့ လိုပါတယ်။ ထို့ပြင် ပါးစပ်အပူလောင်ရောဂါလို့ ပြောနိုင်ဖို့ စစ်ဆေးမှုတစ်ခုတည်း ပြုလုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ရောဂါရာဇ၀င်၊ သောက်နေတဲ့ဆေးဝါးများ၊ ခံတွင်းဆိုင်ရာ အလေ့အကျင့်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ ပြုလုပ်ဖို့ လိုတဲ့အပြင် ရောဂါလက္ခဏာတွေကို ရှာဖွေဖို့လည်း လိုအပ်ပါတယ်။ အခြားပြုလုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့ -

•        သွေးစစ်ဆေးခြင်း - သွေးဆဲလ်အရေအတွက်၊ သွေးတွင်းသကြားဓာတ်ပမာဏ၊ သိုင်းရွိုက်ဂလင်း စစ်ဆေးမှုများ၊ အာဟာရဆိုင်ရာ စစ်ဆေးမှုများ၊ ကိုယ်ခံအားစနစ် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် သဲလွန်စအချို့ ရနိုင်ပါတယ်။

•        အသားစယူ၍ စစ်ဆေးခြင်း - မှိုရောဂါ၊ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုး ဟုတ်၊ မဟုတ်ကို ခွဲခြားပေးနိုင်ပါတယ်။

•        ဓာတ်မတည့်ခြင်းကို စမ်းသပ်စစ်ဆေးမှုများ

•        တံတွေးပမာဏ တိုင်းတာခြင်း

•        အက်ဆစ်ဆန်တက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း

•        ပုံရိပ်ဖော်စစ်ဆေးမှုများ

•        လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးများကို ခဏရပ်ကြည့်စေခြင်း - ဆရာ၀န်နဲ့ မတိုင်ပင်ဘဲ မိမိသဘောနဲ့မိမိ ဆေးများသောက်သုံးခြင်းကိုတော့ မရပ်ပစ်လိုက်သင့်ပါဘူး။

•        စိတ်ပိုင်းဆိုင်ရာ မေးခွန်းများ - စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုများ ရှိ/မရှိကို သိရှိစေရန် သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရပါတယ်။

 

>>    ကုသမှု ခံယူခြင်း

          တစ်ဆင့်ခံ ဖြစ်ပွားတဲ့ ပါးစပ်အပူလောင်ရောဂါ ဆိုပါက ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ကုသဖို့ လိုပါတယ်။ ဥပမာအားဖြင့် သွားပြန်စိုက်ခြင်း၊ ဗီတာမင် ချို့တဲ့မှုအတွက် ဖြည့်စွက်စာများ စားသုံးခြင်းတို့ ဖြစ်ပါတယ်။ နောက်ခံအကြောင်းအရင်းကို ဖြေရှင်းလိုက်နိုင်တာနဲ့ ေ၀ဒနာကလည်း ချက်ချင်းသက်သာသွားမှာ ဖြစ်ပါတယ်။

          ဒါပေမဲ့ ကနဦးဖြစ်တဲ့ ပါးစပ်အပူလောင်ရောဂါကို ကုသဖို့နည်းလမ်းကတော့ အခုထိ ရှာမတွေ့သေးပါဘူး။ အကောင်းဆုံးကုသမှုကတော့ ခံစားနေရတဲ့ေ၀ဒနာတွေကို သက်သာစေဖို့ပဲ ဖြစ်ပါတယ်။ အောက်ပါနည်းလမး်များကို တစ်ခုတည်း (သို့) ပေါင်းစပ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။

•        တံတွေး အစားထိုးပစ္စည်းများ

•        ထုံဆေးပါတဲ့ ခံတွင်းဆေးအရည်များ

•        ငရုတ်သီးက ပြုလုပ်ထားတဲ့ အနာသက်သာဆေးတစ်မျိုး (Capsaicin)

•        အတက်ရောဂါ ကုသဆေး (Clonazepam)

•        အချို့သော စိတ်ကျရောဂါကုသဆေးများ

•        အာရုံကြောဆိုင်ရာ နာကျင်ခြင်းများကို သက်သာစေမယ့်နည်းလမ်းများ

•        စိတ်ဖိစီးမှုများကို လျှော့ချမှုကုထုံး

 

>>    လူနေမှုပုံစံနဲ့ အိမ်တွင်းကုထုံးများ

          ဆေးဝါးတွေရဲ့ အကူအညီအပြင် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အောက်ပါအချက်တွေကလည်း ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

•        ရေများများ သောက်ပေးခြင်းဖြင့် ခံတွင်းခြောက်တဲ့ ခံစားချက်ကို သက်သာစေနိုင်ပါတယ်။ (သို့) ရေခဲ ငုံပေးနိုင်ပါတယ်။

•        အက်ဆစ်ပါတဲ့ အစားအစာနဲ့ အရည်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမေ္မာ်ရည်၊ ကာဗွန်ပါတဲ့ဖျော်ရည်နဲ့ ကော်ဖီတွေကို ရှောင်ကြဉ်ပါ။

•        အရက်နဲ့ အရက်ပါတဲ့ အရည်တွေဟာ ပါးစပ်ရဲ့နံရံတွေကို ထိခိုက်ဒဏ်ရာရစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

•        ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို မသုံးစွဲပါနှင့်။

•        စပ်၍ပူသော အစားအစာများကို ရှောင်ကြဉ်ပါ။

•        ပူစီနံ (သို့) သစ်ဂျပိုးခေါက်ပါတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။

•        သွားတိုက်ဆေးကို ရွေးချယ်တဲ့အခါမှာ အနံ့အရသာ မပါတာ၊ ပူစီနံ (သို့) သစ်ဂျပိုးခေါက် မပါတာ၊ ထိခိုက်လွယ်တဲ့ သွားအတွက် အထူးထုတ်လုပ်ထားတာမျိုးကို အသုံးပြုသင့်ပါတယ်။

 

>>    နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

          ပါးစပ် အပူလောင်သကဲ့သို့ ခံစားရတဲ့ရောဂါစုဟာ စိတ်ညစ်ညူးဖွယ် ကောင်းလွန်းတာကြောင့် စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကို မကျင့်သုံးပါက ရေရှည်မှာ ဘ၀ရဲ့နေထိုင်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။

•        ယောဂကျင့်စဉ်ကဲ့သို့ စိတ်အပန်းဖြေစေမယ့် လေကျင့်ခန်းမျိုးကို ပြုလုပ်ခြင်း

•        စိတ်ပင်ပန်းလာတဲ့အခါမှာ မိမိဝါသနာပါရာ စိတ်ကြည်နူးဖွယ် အလုပ်များကို ပြုလုပ်ခြင်း

•        မိသားစု၊ မိတ်ဆွေတွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံခြင်း

•        နာတာရှည်ေ၀ဒနာရှင်များအဖွဲ့ထဲသို့ ၀င်ရောက်ခြင်း

 

>>    ကာကွယ်ခြင်း

          ပါးစပ်အပူလောင်ရောဂါကို တိတိကျကျ ကာကွယ်နိုင်မယ့်နည်းလမ်း မရှိပေမယ့် ဆေးလိပ်၊ အက်ဆစ်ပါသော အစားအစာများ၊ အစပ်များ၊ ကာဗွန်ပါတဲ့ ဖျော်ရည်များ၊ စိတ်ဖိစီးမှုတို့ကို လျှော့ချခြင်းဖြင့် ေ၀ဒနာမဆိုးရွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)