အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာ
အမျိုးအစား (၂) ဆီးချိုရောဂါ တနည်းအားဖြင့် အင်ဆူလင်ဟော်မုန်းပေါ်မူတည်ခြင်းမရှိသော ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို မတုန့်ပြန်နိုင်ခြင်း (သို့) ပန်ကရိယမှ အင်ဆူလင်ကိုမထုတ်လုပ်နိုင်ခြင်းကြောင့် သွေးတွင်းရှိ ဂလူးကိုစ်ပမာဏကို ပုံမှန်ဖြစ်အောင် မထိန်းထားနိုင်သော ရောဂါဖြစ်ပါတယ်။
♦ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားစေသောအကြောင်းရင်းများ
(1) အ၀လွန်ခြင်း၊ အဆီများ ၀မ်းဗိုက်တွင် အလွန်အမင်းစုနေခြင်း
(2) ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
(3) မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိခြင်း
(4) လူမည်းများ
(5) အသက်ကြီးသောသူများ
(6) သွေးထဲတွင် ပုံမှန်ထက်အချိုဓါတ်များခြင်း (Prediabetes)
(7) ကိုယ်၀န်ဆောင်ချိန်တွင် ဆီးချိုသွေးချိုရောဂါခံစားရသူများ
(8) မျိုးဥအိမ်တွင် အရည်အိတ်များစုနေသော ရောဂါစု (Polycystic Ovary Syndrome) ရှိသူများ
♦ ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့
- ရေခဏခဏငတ်ခြင်း
- ဆီးခဏခဏသွားခြင်း
- အလေးချိန်ကျဆင်းခြင်း
- မကြာခဏဆာလောင်ခြင်း
- နုံးခွေခြင်း
- အမြင်မှုန်ဝါးခြင်း
- အနာကျက်နှေးခြင်း
- အရေပြားအရောင်မည်းလာခြင်းတို့ ဖြစ်ပါတယ်။
♦ နောက်ဆက်တွဲဆိုးကျိုးများ
- နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်း
- အာရုံကြောအားနည်းခြင်း
- ကျောက်ကပ်အားနည်းခြင်း
- အတွင်းတိမ်ဖြစ်ခြင်း
- ရေတိမ်ဖြစ်ခြင်း
- အကြားအာရုံချို့ယွင်းခြင်း
- အရေပြားပိုး၀င်ခြင်း
- အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။
♦ စစ်ဆေးခြင်း
အမျိုးအစား (၂) ဆီးချိုရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။
(1) Glycated Hemoglobin (A1C) Test - ဟေမိုဂလိုဘင်ကို တွယ်ကပ်သော သွေးတွင်းရှိ သကြားရာခိုင်နှုန်းကို စစ်ဆေးခြင်း။ A1C ပမာဏ 6.5% နှင့် အထက်ရှိပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါတယ်။
(2) Random Blood Sugar Test - သွေးတွင်းရှိ သကြားပမာဏကို ရုတ်တရက်စစ်ဆေးခြင်း၊ သွေးတွင်းရှိ သကြားပမာဏ 200mg/dl (11.1 mmo/L) ထက်များပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါတယ်။
(3) Fasting Blood Sugar test - ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစော ၆ နာရီ ၇ နာရီ၀န်းကျင်တွင် သွေးတွင်းရှိ သကြားပမာဏစစ်ဆေးခြင်းဖြစ်ပါတယ်။ သကြားဓါတ်ပမာဏ 126 mg/dL (7mmo/L)ထက်များပါက ဆီးချိုသွေးချို ရောဂါရှိနေပြီဖြစ်ပါတယ်။ ပုံမှန်ဆိုလျှင် 100mg/dl (သို့) 5.6mmol/L အောက်လျော့နည်းရမှာ ဖြစ်ပါတယ်။ 100-125 mg/dl (သို့) 5.6-6.9 mmol/Lကြားရှိပါက ဆီးချိုမဖြစ်ခင်အဆင့် (Prediabetes) ဟု ခေါ်ပါတယ်။
(4) Oral Glucose Tolerance test - ည ၁၀ နာရီနောက်ပိုင်း အစားမစားဘဲ မနက်ခင်းတွင် သွေးတွင်းရှိ သကြား ဓါတ်ကို တိုင်းတာပါ။ ထို့နောက် အချိုဓါတ်ပါသော အစားအစာများကို စားသောက်ပြီး ၂ နာရီကြာသောအခါ ပြန်တိုင်းကြည့်ပါက 200mg/dL ထက်များပါက ဆီးချို၊ သွေးချိုရောဂါဖြစ်နေပြီဟု သတ်မှတ်နိုင်ပါတယ်။
♦ ကုထုံးများ
ကုထုံးများမှာ-
- ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားသုံးခြင်း
ဆီးချိုေ၀ဒနာရှင်များအနေဖြင့် အမျှင်ဓါတ်များစွာပါ၀င်သော သစ်သီးသစ်ဖုနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါတယ်။
- လေ့ကျင့်ခန်းလုပ်ခြင်း
တစ်နေ့လျှင် နာရီ၀က်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်သင့်ပါ တယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရုံသာမက သွေးတွင်းရှိ သကြားဓါတ်ပမာဏကို လျော့ကျစေပါတယ်။
- ဆီးချိုသွေးချိုကျဆေးများမှီ၀ဲခြင်း
ဆီးချိုရောဂါတွင်အသုံးများတဲ့ ဆေးဝါးများကတော့ -
1. Metformin - ၎င်းဆေးဝါးများသည် ခန္ဓာကိုယ်မှ အင်ဆူလင်သုံးစွဲမှုကို အားပေးပါတယ်။ အသဲမှ ဂလူး ကို့စ်ထုတ်လုပ်ခြင်းကို လျှော့ချပေးပါတယ်။
2. Sulfonylureas (glipizide, glimepiride) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင် အားပေး ပါတယ်။
3. Meglitinides (repaglinide, nateglinide) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။
4. Thiazolidinediones (pioglitazone, rosiglitazone)
ဆီးချိုအတွက်ဆေးဝါးအသစ်များကတော့ -
(1) DPP-4 Inhibitors ( Sitagliptin, Saxagliptin)
(2) GLP 1 raeptor Agonists
(3) SGLT 2 inhibitors (Canagliflozin, dapagliflozin) တို့ ဖြစ်ပါတယ်။
- အင်ဆူလင်ထိုးခြင်း
အင်ဆူလင်ထိုးတဲ့အပ်သပ်သပ်ရှိပါတယ်။ လက်မောင်းမှာ ထိုးခြင်းဖြစ်ပါတယ်။ အင်ဆူလင်ပါတဲ့ ဆေးဝါးတွေကို သောက်သုံးရင် အစာခြေစနစ်ကြောင့် အာနိသင်လျော့သွားနိုင်တဲ့အတွက် ဆီးချိုသွေးချိုပမာဏများတဲ့သူတွေမှာ ထိုးဆေးကို အသုံးပြုကြခြင်းဖြစ်ပါ တယ်။
အင်ဆူလင်ပါတဲ့ ထိုးဆေးတွေ အမျိုးမျိုးရှိပါတယ်။ (ဥပမာ - Insulin Glulisine၊ Insulin Lispro) ဆရာ၀န်ရွေးချယ်ပေးတဲ့ဆေးကို ညွှန်ကြားချက်အတိုင်း တိတိကျကျထိုးပေးဖို့လိုအပ်ပါတယ်။
- သွေးတွင်းအချိုဓာတ်ကိုပုံမှန်စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။
♦ ဆီးချို နှင့် ကိုယ်၀န်ဆောင်
ဆီးချိုေ၀ဒနာရှင် ကိုယ်၀န်ဆောင်တွေဟာ ကိုယ်၀န်ဆောင်နေစဉ်အတွင်း နဂိုသောက်နေကျ ဆေးဝါးတွေကို ပြောင်းလဲဖို့လိုတတ်ပါတယ်။ ဒါကြောင့် ကိုယ်၀န်ဆောင်မယ်လို့ စိတ်ကူးရှိကတည်းက ဆရာ၀န်နဲ့သေချာတိုင်ပင်ဖို့ လိုအပ်ပါတယ်။
♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံး
ဆီးချိုရောဂါရှိနေပါက အောက်ဖော်ပြပါအချက်များအတိုင်း လိုက်နာ ကျင့်ကြံနေထိုင်ခြင်းဖြင့် နောက်ဆက် တွဲဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ
- အဆီနဲ့ အငန် လျှော့စားပါ
- အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေစားပါ
- လေ့ကျင့်ခန်းလုပ်ပါ
- အထွေထွေကျန်းမာရေးစစ်ဆေးမှုပုံမှန် လုပ်ဆောင်ပါ
- လိုအပ်သော ကာကွယ်ဆေးများထိုးထားပါ
- မျက်စိကို တစ်နှစ်တစ်ခါပုံမှန် စစ်ပါ
- သွားကျန်းမာရေးကို ဂရုစိုက်ပါ
- ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တွင် ဒဏ်ရာရှိ၊ မရှိအမြဲစစ်ဆေးပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ
♦ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ခြင်း
ဆီးချိုရောဂါမဖြစ်အောင် နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုပြင်နေထိုင်သင့်ပါတယ်။
- အမျှင်ဓါတ်များများပါသော အစားအစာများကို ရွေးချယ်စားသုံးပါ။
- အဆီအစိမ့်လျော့စားပါ။
- လေ့့ကျင့်ခန်းလုပ်ပါ။
- သင့်တင့်မျှတသော ကိုယ်အလေးချိန်ဖြစ်အောင်ထိန်းထားပါ။
Dr. Htet Htet Aung (www.drmyanmar.com)