ဆီးကျိတ်ကင်ဆာ (Prostate Cancer)
ဆီးကျိတ်သည် သုတ်ရည်များထုတ်လုပ်ပေးသည့် အကျိတ်တစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင်ဖြစ်လေ့ရှိသော ကင်ဆာရောဂါများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပြီး ယေဘူယျအားဖြင့် ကင်ဆာ ဆဲလ်များကြီးထွားမှုနှုန်းဟာ နှေးကွေးတတ်ပါတယ်။ ဒါပေမယ့် တချို့ဆီးကိျတ်ကင်ဆာအမျိုးအစားတွေမှာ လျင်မြန်စွာပျံ့နှံ့နိုင်တာကြောင့် စောစီးစွာသိရှိပြီး ဆေးကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်း
ဆီးကျိတ်ကင်ဆာဖြစ်ပွားရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ပုံမှန်မဟုတ်သော ဆဲလ်များ၏ DNA ပြောင်းလဲမှုများကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ပုံမှန်မဟုတ်သော ဆဲလ်များစုေ၀းလာခြင်းဖြင့် ကင်ဆာဖြစ်ပေါ်လာပြီး အနီးအနားရှိ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပါတယ်။
ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းအရင်းများမှာ -
- အသက်အရွယ်ကြီးခြင်း၊
- လူမည်းအမျိုးသားများ၊
- မိသားစုမျိုးရိုးရှိခြင်း၊
- BRCA 1 (သို့) BRCA 2 မျိုးရိုးဗီဇပြောင်းလဲမှုရှိခြင်း၊
- မိဘမျိုးရိုးထဲတွင် ရင်သားကင်ဆာဖြစ်ဖူးခြင်း၊
- အ၀လွန်ခြင်း တို့ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပေ။ ရောဂါလက္ခဏာများမှာ -
- ဆီးသွားရာတွင်ခက်ခဲခြင်း
- ဆီးစီးဆင်းမှုအဟုန် လျော့သွားခြင်း
- ဆီးထဲတွင်သွေးပါခြင်း
- သုတ်ရည်ထဲတွင်သွေးပါခြင်း
- ခါးနာခြင်း
- တင်ပဆုံတ၀ိုက်တွင် မအီမသာဖြစ်ခြင်း
- အရိုးများနာကျင်ခြင်း
- ပန်းသေခြင်း
နောက်ဆက်တွဲဆိုးကျိုး
အခြားအင်္ဂါများသို့ပျံ့နှံ့ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ပန်းသေခြင်း၊
စစ်ဆေးခြင်း
ဆီးကျိတ်ကင်ဆာရှိနေကြောင်းကို
- စအိုတွင်း လက်နှိုက်စစ်ဆေးခြင်းဖြင့်လည်းကောင်း၊
- သွေးထဲတွင် Prostate Specific Antigen (PSA) ပမာဏစစ်ဆေးခြင်းဖြင့်လည်းကောင်း၊
- စအိုတွင်းမှတဆင့် ပစ္စည်းထည့်၍ အယ်လ်ထရာဆောင်း (USG) ရိုက်ခြင်းဖြင့်လည်းကောင်း၊
- ဆီးကျိတ်မှ အသားစယူခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါတယ်။
ဆီးကျိတ်ကင်ဆာ အခြားအင်္ဂါများသို့ ပျံ့နှံ့ခြင်းရှိ၊ မရှိကို အရိုးကို Scan ဖတ်ခြင်းဖြင့်လည်းကောင်း၊ အယ်လ်ထရာဆောင်းရိုက်ခြင်းဖြင့်လည်းကောင်း၊ CT Scan ရိုက် ခြင်းဖြင့်လည်းကောင်း၊ PET Scan (Positron Emission Tomography) ဖြင့်လည်းကောင်း သိနိုင်ပါတယ်။
အဆင့်
ဆီးကျိတ်ကင်ဆာကို အဆင့်လေးဆင့်ခွဲခြားနိုင်ပါတယ်။
အဆင့် I တွင် ကင်ဆာဆဲလ်များကို ဆီးကျိတ်၏နေရာအနည်းငယ်တွင်သာတွေ့ရပါတယ်။
အဆင့် II တွင် ကင်ဆာဆဲလ်များ ပိုမိုကြီးထွားလာပြီး ဆီးကျိတ်၏ဘေးနှစ်ဘက်စလုံးကိုပါ ပျံ့နှံ့နေပါပြီ။
အဆင့် III တွင် ကင်ဆာဆဲလ်များဟာ ဆီးကျိတ်တွင်သာမက အနီးအနားရှိ တစ်သျူးများသို့ပါ ပျံ့နှံ့နေပါပြီ။
အဆင့် IV တွင် ကင်ဆာဆဲလ်များသည် ပြန်ရည်ကြောအကျိတ်များ၊ အဆုတ်၊ အသဲနှင့် အခြားသောအင်္ဂါများကိုပါ ပျံံ့နှံ့နေပါပြီ။
ကုသမှု
ဆီးကျိတ်ကင်ဆာကုထုံးများသည် ကင်ဆာဆဲလ်များ၏ ပျံ့နှံ့နှုန်း၊ အဆင့်၊ အထွေထွေကျန်းမာရေးနှင့် ကုထုံးများ၏ကောင်းကျိုး၊ ဆိုးကျိုးများပေါ်မူတည်နေပါတယ်။
(၁) ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း
ဓါတ်ရောင်ခြည်ဖြင့်ကုသမှုတွင်
- ခန္ဓာကိုယ်အပြင်ဘက်မှ ဓါတ်ရောင်ခြည်ပေးခြင်း (External Beam Radiation) နှင့်
- အထူးပြုလုပ်ထားသော ရေဒီယိုသတ္တုကြွပစ္စည်းသွင်းပြီး ခန္ဓာကိုယ်အတွင်းပိုင်းသို့ ဓါတ်ရောင် ခြည်ဖြင့်ကုသခြင်း (Brachytherapy) ဟူ၍ နှစ်မျိုးရှိပါတယ်။
(၂) ဟော်မုန်းများဖြင့်ကုသခြင်း
-အဖိုဟော်မုန်းထွက်ရှိမှုကို တားဆီးသောဆေးဝါးများ ( ဥပမာ - Leuprolide (lupron), goserelin (zoladex) ဖြင့် ကုသခြင်း)
- အဖိုဟော်မုန်းများကို ကင်ဆာဆဲလ်များသို့မရောက်ရှိအောင် တားဆီးသောဆေဝါးများ ( ဥပမာ - bicalutamide (Casodex), flutamide ဖြင့် ကုသခြင်း )
(၃) ခွဲစိတ်ကုသခြင်း
- ဆီးကျိတ်ကိုခွဲစိတ်၍ ဖယ်ရှားခြင်း
- ဆီးကျိတ်တစ်သျူးများကို အေးခဲစေခြင်းဖြင့် ကုသခြင်း (Cryosurgery)
(၄) ကင်ဆာဆေးများသွင်း၍ (သို့) သောက်သုံးခြင်းဖြင့် ကုသခြင်း (Chemotherapy)
(၅) လူနာ၏ကိုယ်ခံစွမ်းအားစနစ်မှ ဆဲလ်အချို့ကို ထုတ်ယူကာ ဆီးကျိတ်ကင်ဆာဆဲလ်များကို တိုက်ထုတ်နိုင် မည့် ဆဲလ်များအဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်ထဲပြန်သွင်းပေးခြင်းဖြင့် ကုသခြင်း (Biological Therapy / Immunotherapy)
ဆီးကျိတ်ကင်ဆာခံစားနေရပါက
၁။ ဆီးကျိတ်ကင်ဆာနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာပါ။
၂။ မိသားစု၀င်များ၊ သူငယ်ချင်းများနှင့် အတူ အချိန်ကုန်ဆုံးပါ။
၃။ ဝါသနာပါတဲ့အလေ့အကျင့်တစ်ခု ဥပမာ ပန်းချီဆွဲခြင်း၊ ကခုန်ခြင်း၊ သီချင်းနားထောင်ခြင်း စတာတွေကို လုပ်ဆောင်ပေးပါ။
၄။ တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ချပါ။
၅။ အိပ်ရေး၀အောင် အိပ်ပါ။
ကာကွယ်ခြင်း
ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွားအောင်
၁။ ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကို စားသုံးပါ။ အိုမီဂါ 3 ပါ၀င်သော ငါးနှင့် ခရမ်းသီးမှာ ပါ၀င်တဲ့ လိုင်ကိုပင်းဓါတ်ဟာ ဆီးကျိတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာများ ဖြစ်ပါတယ်။
အသွင်ပြောင်းထားတဲ့အဆီများ (ဥပမာ- မာဂျရင်း) စားသုံးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း တို့ကို ရှောင်ရှားသင့်ပါတယ်။
၂။ လေ့ကျင့်ခန်းလုပ်ပါ။
၃။ သင့်တင့်မျှတသော ကိုယ်အလေးချိန်ကို ထိန်းထားပါ။
၄။ ဆရာ၀န်နှင့်တိုင်ပင်ပြီး ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချနိုင်တဲ့ဆေးဝါးများ - ဥပမာ - Finasteride, dutasteride မှီ၀ဲပါ။
Dr. Htet Htet Aung
















