/
news/ကျန်းမာရေး-z/ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်း

Category
ကျန်းမာရေး (A-Z)

        ဆီးမထိန်းနိုင်ခြင်းဆိုသည်မှာ တနည်းအားဖြင့် ဆီးအိမ်ထိန်းချုပ်မှု ပျောက်ဆုံးနေခြင်းကို ဆိုလိုပါတယ်။ ချောင်းဆိုးတဲ့အခါမှာဖြစ်စေ၊ ရယ်မောတဲ့အခါမှာဖြစ်စေ ဆီးထွက်ကျတဲ့အဆင့်ကနေ ရုတ်တရက် ဆီးတအားသွားချင်ပြီး မထိန်းနိုင်ဘဲ ဆီးထွက်ကျတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အကယ်၍ ဆီးမထိန်းနိုင်ခြင်းက နေ့စဉ်ဘ၀ကို အနှောက်အယှက်ဖြစ်စေတဲ့အထိ ပြင်းထန်လာပါက ဆရာ၀န်နဲ့ပြသပြီး ကုသမှုခံယူပါ။

 

ဆီးမထိန်းနိုင်ခြင်းဖြစ်စေတဲ့ အကြောင်းရင်း

          ဆီးမထိန်းနိုင်ခြင်းကို ယာယီဆီးမထိန်းနိုင်ခြင်း (Temporary Urinary Incontinence) နဲ့ တာရှည်ဖြစ်ပေါ်သော ဆီးမထိန်းနိုင်ခြင်း (Persistent Urinary Incontinence) ဆိုပြီး ယေဘုယျ အားဖြင့် နှစ်မျိုးခွဲနိုင်ပါတယ်။

          ယာယီဆီးမထိန်းနိုင်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းများမှာ -

-  အရက်၊ ကဖင်းဓာတ်ပါသောအရည်များ၊ ပြောင်းဖူးဖျော်ရည်နဲ့ အပူအစပ်လွန်ကဲသောအစားအစာများ၊ အချဉ်ဓာတ်များသောအစားအစာများစားသုံးခြင်း

-  နှလုံးရောဂါဆိုင်ရာ ဆေးဝါးများသောက်သုံးခြင်း

-  သွေးတိုးထိန်းဆေးများသောက်သုံးခြင်း

-  ဗီတာမင် B ဓာတ် (သို့) ဗီတာမင် C ဓာတ်များပြားခြင်း

-  အိပ်ဆေးသောက်သုံးခြင်း

-  ဆီးလမ်းကြောင်းပိုး၀င်ခြင်း

-  ၀မ်းချုပ်ခြင်းတို့ဖြစ်ပါတယ်။

         တာရှည်ဖြစ်ပေါ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများမှာ -

- ကိုယ်၀န်ရှိခြင်း - ကိုယ်၀န်ဆောင်တွေမှာဟော်မုန်းပြောင်းလဲခြင်းနဲ့ကိုယ်အလေးချိန်တက်လာခြင်းတို့ကြောင့် ဆီးမထိန်းနိုင်ခြင်းကိုခံစားရပါတယ်။

- ကလေးမွေးခြင်း  -  ကလေးမွေးခြင်းကြောင့် ဆီးထိန်းချုပ်မှုအတွက် လိုအပ်တဲ့ကြွက်သားများ အားနည်းလာခြင်း၊ ဆီးအိမ်နဲ့ သက်ဆိုင်တဲ့ အာရုံကြောများပျက်စီးခြင်း၊ တင်ပဆုံအောက်ခြေရှိကြွက်သားများ အားပျော့လာခြင်းတို့ကို ဖြစ်စေတာကြောင့် ဆီးအိမ်၊ သားအိမ်၊ စအိုနဲ့ အူတွေဟာ မိန်းမကို်ယ်အ၀ဆီသို့ ကျွံကျလာပါတယ်။ ဒါကြောင့် ဆီးမထိန်းနိုင်ခြင်းကိုခံစားရတာဖြစ်ပါတယ်။

-  အသက်အရွယ်ကြီးရင့်လာခြင်း

-  သွေးဆုံးခြင်း -  သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်းပမာဏကလည်း နည်းပါးလာပါတယ်။ ၎င်းဟော်မုန်းဟာဆီးအိမ်နဲ့ သားအိမ်နံရံများကျန်းမာနေစေရန် ပြုလုပ်ပေး တဲ့ ဟော်မုန်းဖြစ်တာကြောင့် ၎င်းဟော်မုန်းနည်းပါးလာခြင်းက ဆီးမထိန်းနိုင်ခြင်းကို ဖြစ်စေပါတယ်။

-  သားအိမ်ထုတ်ခြင်း -  သားအိမ်ဖယ်ထုတ်လိုက်တာကြောင့် တင်ပဆုံရှိ ကြွက်သားများအားနည်းလာပြီး ဆီးမထိန်းနိုင်ခြင်းကိုဖြစ်စေပါတယ်။

-  ဆီးကြိတ်ကြီးခြင်း -  အသက်ကြီးတဲ့ အမျိုးသားတွေမှာဆီးကြိတ်ကြီးခြင်းကြောင့် ဆီးမထိန်းနိုင်ခြင်းကို ခံစားရလေ့ရှိပါတယ်။

-  ဆီးကြိတ်ကင်ဆာ - ကင်ဆာကြောင့် ဆီးမထိန်းနိုင်တာဖြစ်နိုင်သလို ကင်ဆာကုသမှုကြောင့်လဲ ဆီးမထိန်းနိုင်တာ ဖြစ်နိုင်ပါတယ်။

-  ဆီးလမ်းကြောင်းတလျောက် ပိတ်ဆို့ခြင်း

-  အာရုံကြောဆိုင်ရာရောဂါရှိခြင်း - ဦးနှောက်ကျူမာရှိသူများ၊ လေဖြတ်ထားသူများ၊ ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရထားသူတွေဟာ ဆီးမထိန်းနိုင်ခြင်းကိုခံစားရနိုင်ပါတယ်။

 

          ဆီးမထိန်းနိုင်ခြင်း ဖြစ်ပေါ်မှုကို မြင့်တက်စေတဲ့ အကြောင်းရင်းများမှာ -

-  အ၀လွန်သူများ

-  အမျိုးသမီးများ

-  အသက်အရွယ်ကြီးရင့်သူများ

-  ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါရှိသူများတို့ ဖြစ်ပါတယ်။

 

အမျိုးအစားများ

          အမျိုးအစားအားဖြင့် ဆီးမထိန်းနိုင်ခြင်းကိုအမျိုးအစား (5) မျိုးခွဲခြားနိုင်ပါတယ်။

1.   ချောင်းဆိုး၊ ရယ်မော၊ နှာချေတဲ့အခါမှာ ဆီးထွက်ကျတဲ့ Stress Incontinence

2.   ရုတ်တရက် ဆီးတအားသွားချင်ပြီး သန့်စင်ခန်းသို့ရောက်အောင် မသွားနိုင်ဘဲဆီးထွက်ကျတဲ့ Urge incontinence

3.   ဆီးသွားပြီးသည့်တိုင်အောင် ဆီးတစက်စက်ကျနေတဲ့ Overflow Incontinence

4.   ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်တဲ့ FunctionalIncontinence

5.   အထက်ပါအမျိုးအစားများထဲမှ တစ်မျိုးထက်ပိုသော ဆီးမထိန်းနိုင်ခြင်းကိုခံစားရတဲ့ (Mixed Incontinence)

 

စစ်ဆေးခြင်း

          ဆီးမထိန်းနိုင်ခြင်းအမျိုးအစားကို သေချာစွာသိရှိဖို့လိုအပ်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းကို ခံစားရပါက အောက်ပါစစ်ဆေးမှုများကို ဆရာ၀န်နဲ့တိုင်ပင်ပြီး ပြုလုပ်နိုင်ပါတယ်။

1.  ဆီးစစ်ဆေးခြင်း (urinalysis)

2.  ရေဘယ်လောက်သောက်တယ်၊ ဆီးဘယ်လောက်သွားတယ်ဆိုတာကို မှတ်သားခြင်း (Bladder diary)

3.  ဆီးသွားပြီးနောက် ဆီးအိမ်ထဲကျန်ခဲ့သော ဆီးပမာဏကိုတိုင်းတာခြင်း (Post Void Residual Measurement)

4.  ဆီးအိမ်အတွင်းသို့ ဆီးပိုက်ဖြင့်ရေဖြည့်ပြီး ဆီးအိမ်အတွင်းရှိဖိအားကို တိုင်းတာခြင်း (urodynamic testing)

5.  ဆီးအိမ်အတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း (Cystoscopy)

6.  ဆီးအိမ်အတွင်းသို့ ဆေးထိုး၍ဓာတ်မှန်ရိုက် စစ်ဆေးခြင်း (Cystogram)

7.  ဆီးလမ်းကြောင်းတလျှောက် အာထရာဆောင်းရိုက်ခြင်း (Pelvie Ultra Sound)

 

ကုသခြင်း

          ကုသမှုနည်းလမ်းများကတော့ -

1.  ဆီးအိမ်ကိုလေ့ကျင့်ပေးခြင်း- ဆီးသွားချင်လာတဲ့အခါ 10 မိနစ်ခန့် အောင့်ထားခြင်းဖြင့် ဆီးအိမ်ကို ပြန်လည်လေ့ကျင့်နိုင်ပါတယ်။

2.  Double Voiding ဆီးသွားပြီး မိနစ်အနည်းငယ်ကြာလျှင် ဆီးထပ်သွားပေးပါ။

3.  Scheduled toilet trips နှစ်နာရီခြားတစ်ခါဆီးသွားပေးပါ။

4.  အရက်၊ ဘီယာ၊ အချဉ်အစပ်၊ ကော်ဖီစတာတွေကိုရှောင်ရှားပါ။

5.  ကိုယ်အလေးချိန်လျှော့ပါ

6.  ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ

7.  Kegelလေ့ကျင့်ခန်းပြုလုပ်ပေးပါ။ Kegel လေ့ကျင့်ခန်းဆိုတာ တနည်းအားဖြင့် တင်ပဆုံရှိကြွက်သားများ သန်မာအောင်ပြုလုပ်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ၎င်းလေ့ကျင့်ခန်းပြုလုပ်နည်းကလည်း လွယ်လွယ်လေးပဲဖြစ်ပါတယ်။ ဆီးသွားချိန်တွင် ဆီးကိုရုတ်တရက်ရပ်တန့်သကဲ့သို့ အောက်ပိုင်းကြွက်သားများ ကို ငါးစက္ကန့်ခန့်ကျုံ့လိုက် ငါးစက္ကန့်ခန့်ဆန့်လိုက်ပြုလုပ်ပေးပါ။ တစ်ခါလုပ် ဆယ်ကြိမ်နဲ့တစ်နေ့လျှင် 3 ကြိမ် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ၎င်းလေ့ကျင့်ခန်းက ဆီးမထိန်းနိုင်ခြင်းတစ်မျိုးဖြစ်တဲ့ Stress Incontinence ကိုသက်သာစေပေမယ့် Urge Incontinence ကိုတော့ မသက်သာစေနိုင်ပါဘူး။

8.  Electrical Stimulation -  လျှပ်ခေါင်းများကိုစအို (သို့) မိန်းမကိုယ်အတွင်းသို့ထည့်၍ တင်ပဆုံကြွက်သားများ သန်မာလာအောင် လျှပ်စစ်ဖြင့်လှုံ့ဆော်တဲ့နည်းဖြစ်ပါတယ်။

        ဆီးမထိန်းနိုင်ခြင်းအတွက် အသုံးများတဲ့ ဆေးဝါးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် -

1.   Anticholinergies - Oxybutynin, tolterodine, darifenacin, fesoterodin eတွေဟာ urge incontinence မှာသုံးတဲ့ အမျိုးအစားများဖြစ်ပါတယ်။

2.   Mirabegron -  Urge Incontinence မှာ၎င်းဆေးဝါးအမျိုးအစားကို အသုံးပြုနိုင်ပါတယ်။ ဆီးသွားတဲ့အခါမှာ ပမာဏကိုများစေပြီး ဆီးအိမ်ထဲမှာဆီးမကျန်စေဖို့ ကူညီပေးပါတယ်။

3.   Alpha blockers  - terazosin, doxazosin စတဲ့ ဆေးဝါးများကို Overflow Incontinece (သို့) Urge Incontinence မှာအသုံးပြုပါတယ်။ ဆီးအိမ်လည်တိုင်ရှိ ကြွက်သားများကို ပျော့ပျောင်းစေပြီး ဆီးအိမ်ထဲမှာဆီးမကျန်စေရန် ကူညီပေးပါတယ်။

4.   Topical Estrogen -  အီစထိုဂျင်လိမ်းဆေးကို မိန်းမကိုယ်တ၀ိုက်တွင် လိမ်းပေးခြင်းကလည်း ဆီးမထိန်းနိုင်ခြင်းကိုသက်သာစေပါတယ်။

          အမျိုးသမီးများတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ -

Urethral insert -  ဆီးလမ်းကြောင်းထဲကို tempon ကဲ့သို့သော အတောင့်ထိုးသွင်းခြင်းကလည်း ဆီးယိုစိမ့်ခြင်းကိုကာကွယ်ပေးပါတယ်
Pessary -  သားအိမ်ခေါင်း၀တွင် ကွင်းထည့်ခြင်းက ဆီးအိမ် (သို့) သားအိမ်ကျွံကျနေသူများအတွက် သင့်တော်တဲ့နည်းဖြစ်ပါတယ်။  ၎င်းကို 3 လမှ 6 လ အတွင်းလိုအပ်သလို လဲလှယ်ပေးနိုင်ရန် ဆရာ၀န်နှင့်မှန်မှန်ပြသရပါမယ်။

 

အခြားကုသမှုတွေအနေနဲ့

1.  ဆီးလမ်းကြောင်းအနီးရှိတစ်ရှုးများထဲသို့ အထူးပြုလုပ်ထားတဲ့ ပစ္စည်းထိုးသွင်းပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ Balking material Injection ပြုလုပ်ခြင်း

2.  Botulinum toxin type A (ဘိုတောက်) ထိုးသွင်းခြင်း

3.  ဆီးအိမ်ထိန်းချုပ်မှုမှာအရေးပါတဲ့ Sacral အာရုံကြောကို လျှပ်စစ်စီးကြောင်းဖြင့် လှုံ့ဆော်ခြင်း (nerve stimulator)

 

ခွဲစိတ်ကုသခြင်း

        ပြုလုပ်နိုင်တဲ့ ခွဲစိတ်မှုတွေကတော့ - 

- ဆီးထွက်ပြွန်တ၀ိုက် အထူးပြုလုပ်ထားတဲ့ပစ္စည်း အသုံးပြုပြီးပိတ်ထားတဲ့ Sling Procedure
- ဆီးထွက်ပြွန်နှင့် ဆီးအိမ်လည်တိုင်ကို ထောက်ကန်နိုင်တဲ့ ခွဲစိတ်မှု Bladder neck suspension
- သားအိမ်ကိုထောက်မထားသော အရွတ်များကိုခွဲစိတ်ပြီး သားအိမ်ကျွံခြင်းကို ခွဲစိတ်ပြုပြင်ခြင်း (Prolapse Surgery) တို့ဖြစ်ပါတယ်။

          လိုအပ်ပါက Diaper ခံခြင်း၊ ဆီးပိုက်ထည့်ခြင်းတို့ကိုလည်း ပြုလုပ်ရပါမယ်။

 

ဆီးမထိန်းနိုင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

- ဆီးပူလောင်ခြင်းကြောင့် အရေပြားတွင်အနာဖြစ်ခြင်း

-  ဆီးလမ်းကြောင်းပိုး၀င်ခြင်း

- နေထိုင်မှုဘ၀တွင် အနှောက်အယှက်ဖြစ်ခြင်း

 

ဆီးအပူလောင်ခြင်းကြောင့် အရေပြားပွန်းပဲ့ခြင်းမှ ကာကွယ်ရန်

        အရေပြားကိုခြောက်သွေ့အောင်ထားပါ။ မကြာခဏဆေးကြောခြင်းနှင့် ရေပန့်အသုံးပြု၍ ခဏခဏဆေးကြောခြင်းမပြုလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းက ဆီးလမ်းကြောင်းမှာ သဘာ၀အတိုင်းရှိနေတဲ့ ခုခံအားစနစ်ကိုပျက်ဆီးစေပါတယ်။

          ပတ်ထရိုလီယံဂျယ်လီ (သို့) Cocoa butter ကဲ့သို့သော ခရင်မ်များအသုံးပြုပါ။ သန့်စင်ခန်းသို့ သွားရာလမ်းတစ်လျှောက်တွင် ပရိဘောဂခုံများရှိနေပါက ခိုက်မိနိုင်ပါသဖြင့် သန့်စင်ခန်းသို့သွားရာ လမ်းတစ်လျှောက်ရှိပရိ ဘောဂပစ္စည်းများကို ဖယ်ရှားထားပါ။ ဒါမှမဟုတ် အိပ်ခန်းထဲတွင် ဆီးအိုးထားပါ။

 

ဆီးမထိန်းနိုင်ခြင်းမဖြစ်ပွားစေရန်

- ဆီးမထိန်းခြင်းဖြစ်ပွားမှုကို လျှော့ချနိုင်အောင် ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းထားပါ။

 - Kegel လေ့ကျင့်ခန်းပြုလုပ်ပါ

- ဆီးရွှင်စေတဲ့အစားအစာတွေဖြစ်တဲ့ ကော်ဖီ၊ အက်ဆစ်ဓာတ် သဘာ၀ရှိသော အစားအစာများကို ရှောင်ရှားပါ။

- အမျှင်ဓာတ်ပါတဲ့အစားအစာကို ဦးစားပေးစားသုံးပါ။

 

Dr. Htet Htet Aung

www.drmyanmar.com