တုပ်ကွေးရောဂါ (Flu)
တုပ်ကွေးဆိုတာ ဘာရောဂါလဲ?
မိုးရာသီနဲ့ ဆောင်းရာသီမှာ လူအများအပြား တုပ်ကွေးရောဂါ ဖြစ်ပေါ်ခံစားရတဲ့အတွက် အနောက်နိုင်ငံတွေမှာ ရာသီပေါ်ရောဂါ (Seasonal Flu) လို့တင်စားခေါ်ကြပါတယ်။ အထူးသဖြင့် ဆောင်းရာသီအစ ရက်သတ္တပတ် (၆) ပတ် ကနေ (၈) ပတ်အတွင်းဖြစ်တတ်ပါတယ်။
တုပ်ကွေးဘာကြောင့်ဖြစ်ရသလဲ?
အင်ဖလူရမ်ဇာ (Influenza) ဗိုင်းရပ်စ်ပိုးကြောင့် တုပ်ကွေးရောဂါဖြစ်ပွားပါတယ်။
အင်ဖလူရမ်ဇာ ဗိုင်းရပ်စ် အေ၊ ဘီ နဲ့ စီသုံးမျိုးရှိတဲ့အနက်က ဗိုင်းရပ်အေနဲ့ ဘီကြောင့် တုပ်ကွေးဖြစ်ပွားမှုက အများဆုံးပါ။
အင်ဖလူရမ်ဇာဗိုင်းရပ်စ်အေမှာရှိတဲ့ မျိုးရိုးဗီဇတစ်ခုဖြစ်တဲ့ H1N1 ကြောင့် Swine Flu ဖြစ်သွားပါ တယ်။ မြန်မာနိုင်ငံမှာတော့ ၀က်တုပ်ကွေးလို့ လူသိများပါတယ်။
တုပ်ကွေးရောဂါ ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ ?
- ကလေးတွေနဲ့ အသက် (၆၀) ကျော်အရွယ် သက်ကြီးပိုင်းတွေ
(၀က်တုပ်ကွေးရောဂါကတော့ ကလေးနဲ့လူငယ်ပိုင်းမှာအဖြစ်များပြီး အသက် (၆၀) ကျော်အရွယ် လူကြီးမှာ အဖြစ်နည်းပါတယ်။)
- တုပ်ကွေးဖြစ်နေတဲ့လူတွေကို ပြုစုစောင့်ရှောက်ကုသရတဲ့ ကျန်းမာရေး၀န်ထမ်းတွေ
- လူအများနဲ့ စုပေါင်းနေထိုင်ရတဲ့သူတွေ (ဥပမာ-ကျောင်း၊ အဆောင်၊ ဘိုးဘွားရိပ်သာတွေမှာ နေထိုင်သူတွေ)
- ကင်ဆာရောဂါကုသမှုခံယူနေရတဲ့သူတွေ
- ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုခုအစားထိုး လဲလှယ်ထားလို့ ဆေးသောက်နေရသူတွေ၊
- စတီးရွိုက်ဆေးသုံးစွဲနေရသူတွေမှာ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ခံစွမ်းအားစနစ် ကျဆင်းနေတဲ့သူတွေ (ဥပမာ- HIV ၊ TB ေ၀ဒနာရှင်တွေ) ၊ ပန်းနာရင်ကြပ်ရောဂါ သည်တွေ၊ ဆီးချိုေ၀ဒနာရှင်တွေ၊ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါ ဖြစ်ပွားနေသူတွေမှာ တုပ်ကွေးရောဂါဖြစ်ရင် နောက်ဆက်တွဲ ပြဿ နာတွေဖြစ်ဖို့ အလားအလာပိုများပါတယ်။
ကိုယ်၀န်ဆောင်အမျိုးသမီးတွေဟာ ကိုယ်၀န်ဆောင်ကာလ (၄) လကနေ မွေးခါနီးအချိန်အထိ ကာလအတွင်းမှာ တုပ်ကွေးဖြစ်ခဲ့ရင်လည်း နောက်ဆက်တွဲပြဿ နာတွေ၀င်ဖို့ အခွင့်အရေးပိုများပါတယ်။
တုပ်ကွေးရောဂါရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ ?
အားလုံးသိပြီးတဲ့အတိုင်းပါပဲ။ ကိုယ်ပူကြီးမယ်။ ကိုယ်လက်ကိုက်ခဲမယ်၊ နှာစေးချောင်းဆိုးဖြစ်မယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်မယ်စတဲ့ ရောဂါလက္ခဏာတွေကြောင့်ပဲ ငယ်ရွယ်တက်ကြွတဲ့အရွယ်တွေတောင်မှ တုပ်ကွေးဖြစ်တဲ့ အခါ အိပ်ရာထဲမှာပဲလှဲနေချင်ကြပါတယ်။
(၂) နှစ်အောက် ကလေးငယ်တွေမှာတော့ အသက်ရှုရခက်ခဲတာ၊ နို့တိုက်ရခက်တာတွေဖြစ်လာပြီး ကိုယ်အပူချိန် အရမ်းမြင့်လာရင် တက်သွားနိုင်ပါတယ်။
တုပ်ကွေးဖြစ်ခါစတစ်ရက်၊ နှစ်ရက်အတွင်းမှာ ရောဂါလက္ခဏာတွေဟာ အဆိုးဆုံးဖြစ်ပြီး နောက်ရက်တွေမှာတော့ တဖြည်းဖြည်းပြန်သက်သာသွားပါလိမ့်မယ်။ နည်းနည်းစိတ်ညစ်စရာ ကောင်းတာကတော့ တခြားလက္ခဏာတွေ သက်သာသွားပေမယ့် လည်ချောင်းယားပြီး ချောင်းဆိုးတာ မသက်သာဘဲ ရက်သတ္တပါတ်အနည်းငယ်ထိ ခံစားရနိုင် ပါတယ်။
၀က်တုပ်ကွေးရောဂါမှာတော့ အထက်ပါလက္ခဏာတွေကို ပိုတိုးပြီးခံစားရတဲ့အပြင် ၀မ်းလျှောတာပါတွဲနိုင်ပါတယ်။
တုပ်ကွေးရောဂါအတွက် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သင့်သလဲ ?
တုပ်ကွေးဟာရောဂါလက္ခဏာနဲ့ဖြစ်ပွားတဲ့အချိန်ကို ကြည့်ရုံနဲ့တင် ရောဂါအမည်အကြမ်း ဖျဉ်းတပ်လို့ရပါတယ်။
ရောဂါလက္ခဏာဆင်တူတဲ့ အခြားရောဂါတွေနဲ့ ကွဲပြားအောင် စစ်ဆေးချင်ရင်တော့ နှာခေါင်း (သို့) လည်ချောင်း ကနေ နှပ်၊ သလိပ်၊ ချွဲတွေကို ဂွမ်းစနဲ့ယူပြီး တုပ်ကွေးဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်ဆေးနိုင်ပါတယ်။
တုပ်ကွေးရောဂါကို ဘယ်လိုကုသမလဲ ?
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တုပ်ကွေးရောဂါကို တုန့်ပြန်တိုက်ခိုက်တာနဲ့ သူ့အလိုလို ပျောက်ကင်းသွား ပါလိမ့်မယ်။
မပျောက်ကင်းသေးခင် အတောအတွင်းမှာ ရောဂါလက္ခဏာတွေ သက်သာအောင်ကုသဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေ၀င်မလာအောင်ကာကွယ်ဖို့ပဲလိုအပ်တာပါ။
(၁) တတ်နိုင်သလောက် အိမ်မှာပဲနေခြင်းအားဖြင့် တခြားလူတွေကို တုပ်ကွေးပိုးထပ်မံမကူး စက်စေတော့ပါဘူး။ နှာချေရင်၊ ချောင်းဆိုးရင် ပါးစပ်ကို လက်ကိုင်ပုဝါနဲ့အုပ်ထားပါ။
(၂) ကိုယ်ပူချိန်တက်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်ေ၀ဒနာတွေကို သက်သာပျောက်ကင်းစေဖို့အတွက် ပါရာစီတမော (သို့) အိုင်ဗျူပရိုဖန် ( ibuprofen ) သောက်နိုင်ပါတယ်။
(၃) ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ်ရည် စတာတွေများများသောက်ပေးပါ။
(၄) လည်ချောင်းနာတာ၊ နှာပိတ်တာသက်သာအောင် ငုံဆေးနဲ့ နှာခေါင်းထဲ အစက်ချဆေးရည်တွေကိုလည်း လိုအပ်ရင်သုံးနိုင်ပါတယ်။
(၅) (၆) နှစ်အောက်ကလေးငယ်တွေမှာ တုပ်ကွေးဖြစ်ရင်တော့ ဆရာ၀န်ညွှန်ကြားချက်မရဘဲ လူကြီးတွေသုံးတဲ့ ဆိုင်တွေမှာ အလွယ်တကူ၀ယ်လို့ရတဲ့ တုပ်ကွေးရောဂါ သက်သာပျောက်ကင်းဆေးတွေကို မသုံးစွဲသင့်ပါဘူး။
(၆) အင်ဖလူရမ်ဇာဗိုင်းရပ်စ်ရဲ့ ပြန့်ပွားမှုကို ထိန်းချုပ်ပေးတဲ့ Oseltamivir (ဈေးကွက်ထဲမှာ Tamiflu အမည်နဲ့ တင်သွင်းပါတယ်) နဲ့ Zanamivir (ဈေးကွက်ထဲမှာ Relenza အမည်နဲ့ တင်သွင်းပါတယ်) ဆေးတွေကိုတော့ လူထုထဲမှာ တုပ်ကွေးရောဂါပြန့်ပွားမှုအလွန်များတဲ့အခါမှသာ ပြင်ပဆေးခန်းတွေမှာပေးဖို့ ခွင့်ပြုထားပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တဲ့အထိ ရောဂါပြင်းထန်တဲ့ တစ်ချို့လူနာတွေကိုလည်းပေးနိုင်ပါတယ်။ ဒီဗိုင်းရပ်ထိန်းချုပ် ဆေးတွေ မပေးလည်း တုပ်ကွေးဟာအလိုလိုပျောက်ကင်းမှာဖြစ်ပေမယ့် ရောဂါလက္ခဏာလျော့နည်းသက်သာ ဖို့နဲ့ နောက်ဆက်တွဲပြဿ နာတွေ သိပ်မဆိုးစေဖို့ပေးကြတာပါ။ တုပ်ကွေးဖြစ်ဖြစ်ချင်း (၄၈) နာရီအတွင်းမှာ သောက်သုံးရင် အကျိုးသက်ရောက်မှုပိုအားကောင်းပါတယ်။
တုပ်ကွေးကူးဖို့ အလားအလာရှိသူတွေမှာလည်း ကာကွယ််တဲ့အနေနဲ့ ဒီဆေးတွေကို ကြိုသောက်ထားနိုင်ပါ တယ်။
(၇) အင်္ဂလိပ်ဆေးပညာအခေါ် antibiotics မြန်မာဆေးပညာအခေါ် ပဋိဇီ၀ဆေး၊ အရပ်ထဲ အခေါ် ပိုးသတ်ဆေးဟာ ဘက်တီးရီးယားကိုပဲ သတ်တာဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ တုပ်ကွေးမှာပုံမှန်အားဖြင့် သောက်စရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ တုပ်ကွေးရဲ့ နောက်ဆက်တွဲပြဿ နာတွေဖြစ်တဲ့ အဆုတ်ထဲပိုး၀င်တာ၊ နမိုးနီးယား ဖြစ်တာတွေဖြစ်လာ ရင်တော့ သောက်ဖို့လိုအပ်လာတတ်ပါတယ်။
တုပ်ကွေးရောဂါရဲ့ ပြန်ကောင်းနိုင်ချေက ဘယ်လောက်ရှိသလဲ ?
တုပ်ကွေးရောဂါဖြစ်ပွားသူစုစုပေါင်းရဲ့ ၉၅% ဟာ ရက်အနည်းငယ်အတွင်းမှာပဲ ေ၀ဒနာ ပျောက်ကင်းသက်သာ သွားကြပါတယ်။
ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်အားနည်းနေရင်တော့ နောက်ဆက်တွဲ ပြဿ နာတွေ လွယ်လင့်တကူ ၀င်လာနိုင်ပါတယ်။
တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲပြဿ နာတွေက ဘာတွေလဲ ?
သာမန်လူတွေမှာ တုပ်ကွေးရောဂါဟာ သူ့အလိုလိုပျောက်ကင်းသွားမှာဖြစ်ပြီး ဘာနောက်ဆက်တွဲပြဿ နာမှ မ၀င်နိုင်ပါဘူး။
ဒါပေမဲ့အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ အဆုတ်ထဲတိုး၀င်ခြင်း၊ နမိုးနီးယား ဖြစ်ခြင်း၊ ထိပ်ခပ်နာ၊ နားပြည်ယိုခြင်းစတာတွေဖြစ်ပေါ်နိုင်ပါတယ်။ အရမ်းရှားရှား ပါးပါးအနေနဲ့ ဦးနှောက်အမြှေးပါးရောင် တဲ့အထိ ဖြစ်သွားနိုင်တာမျိုးလည်းရှိပါတယ်။
ကိုယ်ပူကျသွားပြီးမှနောက်ပိုင်းမှ ပြန်ဖျားလာတာ၊ အသက်ရှုမ၀တာ၊ အသက်ရှုမြန်တာ၊ ရင်ဘတ်အောင့်တာ တွေ ခံစားရပြီဆိုရင်တော့ တုပ်ကွေးရဲ့နောက်ဆက်တွဲ ပြဿ နာ၀င်တာ ဖြစ်နိုင်တဲ့အတွက် ဆရာ၀န်နဲ့ ပြသတိုင်ပင်ရ ပါမယ်။
တုပ်ကွေးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ?
တုပ်ကွေးရာသီမှာ လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။ မဖြစ်မနေသွားရပြီဆိုရင် လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးပေးပါ။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေဖို့ အစာအာ ဟာရပြည့်ပြည့်၀၀စားပြီး အိပ်ရေး၀အောင်အိပ်ပါ။ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းစတဲ့ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ တတ်နိုင်သလောက်လုပ်ပေးပါ။
တုပ်ကွေးရောဂါကာကွယ်ဆေးထိုးထားပါ။ တစ်နှစ်တစ်ခါပြန်ထိုးဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ တုပ်ကွေး ဖြစ်စေတဲ့ အင်ဖလူရမ်ဇာပိုးရဲ့ မျိုးရိုးဗီဇတွေဟာ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ ပြောင်းလဲနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထိုးပြီး ၁၄ ရက်အကြာမှာ ကာကွယ်ဆေးရဲ့ အာနိသင်အပြည့်အ၀ကိုရပါတယ်။
ဈေးကွက်ထဲမှာ တုပ်ကွေးကာကွယ်ဆေးကို ပုံစံ ၂ မျိုးနဲ့ တွေ့ရပါတယ်။ တစ်မျိုးက ထိုးဆေး ( Flu Shot Vaccine) ဖြစ်ပြီး နောက်တစ်မျိုးက ဖြန်ဆေး ( Nasal Spray Vaccine) ဖြစ်ပါတယ်။
၁။ Flu Shot Vaccine
(၁) ထိုးနှံသင့်သူများ
အသက် ၆ လနှင့် အထက် ကလေး၊ လူကြီးတိုင်း ထိုးနှံနိုင်ပါတယ်။
(၂) မထိုးသင့်သူများ
- ကိုယ်လက် မအီမသာဖြစ်နေသူများ
- အသက် ၆ လအောက် ကလေးငယ်များ
- Gelatin ၊ ပဋိဇီ၀ပိုးသတ်ဆေးများနှင့် ဓာတ်မတည့်သူများ
- တုပ်ကွေးကာကွယ်ဆေး (Flu Shot ) တွင် ပါ၀င်သော ပစ္စည်းများနှင့် ဓာတ်မတည့်သူများ
(၃) မထိုးခင် ဆရာ၀န်နှင့်တိုင်ပင်သင့်သူများ
- ကြက်ဥနှင့် ဓာတ်မတည့်သူများ
- GBS ( ပြင်းထန်သော အကြောသေရောဂါတစ်မျိုး) ရောဂါ ဖြစ်ခဲ့ဖူးသူများ
တုပ်ကွေးကာကွယ်ဆေး (Flu Shot Vaccine ) တွေက ဆေးအမျိုးအစားအလိုက် တစ်မျိုးနှင့် တစ်မျိုး အညွှန်းချင်းမတူတဲ့အတွက် မထိုးခင်မှာ သေချာဖတ်ဖို့တော့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆရာ၀န်မရှိတဲ့နေရာမှာ ဆိုရင် တောင် နားလည်တတ်ကျွမ်းတဲ့ ဆေးဝါးပညာရှင်တွေဆီမှာသာ ထိုးနှံသင့်ပါတယ်။
Flu Shot Vaccine ကို ဦးစားပေးထိုးသင့်သူများ
တစ်ခါတစ်ရံ ကာကွယ်ဆေးရှားပါးသွားတာနဲ့ ကြုံရတတ်တဲ့အတွက် အောက်ဖော်ပြပါ အချက်အလက် တွေနဲ့ ကိုက်ညီသူတွေကို ဦးစားပေးပြီး ထိုးပေးသင့်ပါတယ်။
- အသက် ၆ လမှ ၄ နှစ် အထိ ကလေးများ
- အသက် ၅၀ နှင့်အထက် လူကြီးများ
- နာတာရှည် ရောဂါတစ်မျိုးမျိုးရှိသူများ
- ကိုယ်ခံစွမ်းအားစနစ် ချို့ယွင်းနေသူများ
- Aspirin ဆေးဝါးစွဲသောက်နေရသော အသက် ၆ လမှ ၁၂ နှစ်ကြား ကလေးများ
- နေ့ကလေးထိန်းကျောင်းများ ၊ ဘိုးဘွားရိပ်သာများတွင် နေသူများ
- အလွန်အမင်း အ၀လွန်သူများ (BMI 40 နှင့်အထက် ရှိသူများ)
- ကျန်းမာရေး၀န်ထမ်းများ
- အသက် ၅ နှစ်အောက်နှင့် အသက် ၅၀ အထက် ရှိသူများကို အနီးကပ်စောင့်ရှောက်ပေးသူများ
၂။ Nasal Spray Vaccine
(၁) ဖျန်းဆေးအသုံးပြုနိုင်သူများ
အသက် ၂ နှစ်မှ ၄၉ နှစ်အထိ အသုံးပြုနိုင်ပါတယ်။
(၂) ဖျန်းဆေးမသုံးသင့်သူများ
- အသက် ၂ နှစ်အောက် ကလေးများ
- အသက် ၅၀ နှင့်အထက် လူကြီးများ
- Aspirin ဆေးဝါး စွဲသောက်နေရသော အသက် ၂ နှစ် အရွယ်ကလေးများ မှစ၍ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်များ အထိ
- ကိုယ်၀န်ဆောင်များ
- ကိုယ်ခံစွမ်းအားစနစ် ကျဆင်းနေတဲ့သူများ (ဥပမာ- HIV ၊ TB ၊ ကင်ဆာေ၀ဒနာရှင်များ)
- ပန်းနာရင်ကျပ်ရောဂါရှိသော အသက် ၂ နှစ်မှ ၄ နှစ် အထိ ကလေးများ
- လွန်ခဲ့သော တစ်နှစ်အတွင်း အဆုတ်ရောဂါတစ်မျိုးမျိုးကြောင့် အသက်ရှုစဉ် တစ်ရွှီရွှီမြည်သံထွက်ခဲ့ဖူး သော အသက် ၂ နှစ်မှ ၄ နှစ် အထိ ကလေးများ
- တုပ်ကွေးရောဂါထိန်းဆေးများကို ၂ ရက်အတွင်း သောက်သုံးထားသူများ
(၃) ဖျန်းဆေးမသုံးမီ ဆရာ၀န်နှင့် တိုင်ပင်သင့်သူများ
- ပန်းနာရင်ကျပ်ေ၀ဒနာရှင်များ
- နာတာရှည် ရောဂါတစ်မျိုးမျိုး ရှိသူများ
- GBS ( ပြင်းထန်သော အကြောသေရောဂါတစ်မျိုး) ရောဂါ ဖြစ်ခဲ့ဖူးသူများ
- တစ်လအတွင်း အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားသူများ
- ကိုယ်လက်မအီမသာ ဖြစ်နေသူများ
















