/
news/ကျန်းမာရေး-z/သည်းခြေအိတ်ကင်ဆာ

သည်းခြေအိတ်ကင်ဆာ

Category
ကျန်းမာရေး (A-Z)

          သည်းခြေအိတ်ဆိုတာ ၀မ်းဗိုက်ရဲ့ညာဘက်အခြမ်း၊ အသည်းရဲ့အောက်နားမှာရှိတဲ့ သစ်တော်သီး သဏ္ဌာန် သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ သည်းခြေအိတ်ထဲမှာ အသည်းက ထုတ်လုပ်၍ အစာချေတဲ့နေရာမှာ လိုအပ်တဲ့ သည်းခြေရည်တွေကို သိမ်းဆည်းထားပါတယ်။

          သည်းခြေအိတ်ကင်ဆာဆိုတာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး စောစောစီးစီးအဆင့်မှာပင် သိရပါက ပျောက်ကင်းနိုင်ခြေ များပါတယ်။ ဒါပေမဲ့ သည်းခြေအိတ်ကင်ဆာ တော်တော်များများဟာ နောက်ဆုံးအချိန်ကျမှသာ သိရတဲ့အတွက် ရောဂါအခြေအနေက ဆိုးရွားနေပြီ ဖြစ်ပါတယ်။

          သည်းခြေအိတ်ကင်ဆာဟာ ဘာရောဂါလက္ခဏာမျှ မပြတဲ့အတွက် ရောဂါရှာဖွေဖို့ အလွန်ပင် ခက်ခဲပါတယ်။ ထို့ပြင် သည်းခြေအိတ်ဟာလည်း အသည်းရဲ့အောက်ဘက်နားမှာ မြှုပ်နေတာကြောင့် သတိမပြုမိဘဲ ကင်ဆာဆဲလ်တွေ ကြီးထွားလာရတာ ဖြစ်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

•        ၀မ်းဗိုက်အထက်ပိုင်း အောင့်ခြင်း

•        လေထခြင်း

•        အဖျားတက်ခြင်း

•        ကိုယ်အလေးချိန် ကျဆင်းခြင်း

•        ပျို့ခြင်း

•        အသားဝါခြင်း၊ မျက်စိဝါခြင်း

 

>>    ဘယ်အချိန်မှာ ဆရာ၀န်နဲ့ သွားရောက်ပြသင့်သလဲ?

          စိုးရိမ်စရာ ရောဂါလက္ခဏာတစ်ခုခုကို သတိပြုမိတာနဲ့ တစ်ပြိုင်နက် ဆရာ၀န်နဲ့ ချက်ချင်း သွားရောက် ပြသသင့်ပါတယ်။

 

>>    ဖြစ်ပွားရတဲ့ အကြောင်းအရင်းများ

          သည်းခြေအိတ်ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို သေချာမသိပေမယ့် သည်းခြေဆဲလ်တွေ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပွားရတယ်ဆိုတာတော့ သိကြပါတယ်။ ပုံမှန်ဆဲလ်တွေလို သေဆုံးခြင်း မရှိတော့ဘဲ အဆမတန် ပွားများလာကာ ကင်ဆာကျိတ်ဖြစ်လာစေ၍ သည်းခြေအိတ်အပြင် အခြားနေရာများသိုပါ ပျံ့နှံ့ရောက်ရှိစေပါတယ်။

          သည်းခြေအိတ်ကင်ဆာ အများစုဟာ သည်းခြေအိတ်ရဲ့ အတွင်းမျက်နှာပြင်မှာရှိတဲ့ ဆဲလ်တွေက နေလောင်ဖြစ်ပွားလေ့ရှိပြီး adenocarcinoma အမျိုးအစားလို့ သတ်မှတ်ကြပါတယ်။ အမည်သတ်မှတ်ပုံကတော့ ဆဲလ်တွေကို မှန်ဘီလူးအောက်မှာကြည့်ပြီး တွေ့တဲ့အတိုင်း ခေါ်ေဝါ်ကြတာ ဖြစ်ပါတယ်။

 

>>    ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အကြောင်းအရင်းများ

•        သည်းခြေအိတ်ကင်ဆာဟာ အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ ရှိပါတယ်။

•        အသက်ကြီးလာတာနဲ့အမျှ သည်းခြေအိတ်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်လာပါတယ်။

•        သည်းခြေ ကျောက်တည်ဖူးတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိသော်လည်း သည်းခြေအိတ်ကင်ဆာဆိုတာ ရှားပါးကင်ဆာတစ်ခု ဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။

•        သည်းခြေအိတ်၌ အသားပိုများ ရှိခြင်း၊ ပိုး၀င်ဖူခြင်းတွေဟာ သည်းခြေအိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါတယ်။

 

>>    ရောဂါရှာဖွေခြင်း

          သည်းခြေအိတ်ကင်ဆာကို သိနိုင်စေရန် အောက်ပါစစ်ဆေးချက်များကို ပြုလုပ်နိုင်ပါတယ်။

•        သွေးစစ်ဆေးခြင်း - အသည်းရဲ့လုပ်ငန်းဆောင်တာများကို စစ်ဆေးခြင်းဖြင့် လူနာခံစားနေရတဲ့ ရောဂါလက္ခဏာတွေရဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ပါတယ်။

•        ပုံရိပ်ဖော်စစ်ဆေးခြင်းများ - တယ်လီဗွီးရှင်းဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်လှိုင်းဓာတ်မှန်

 

>>    သည်းခြေအိတ်ကင်ဆာအဆင့်ကို ခွဲခြားသတ်မှတ်ခြင်း

          သည်းခြေအိတ်ကင်ဆာမှန်း သေချာတာနဲ့ တစ်ပြိုင်နက် ကင်ဆာအဆင့်ကိုသိဖို့ ဆရာ၀န်မှ ကြိုးပမ်းပါလိမ့်မယ်။ ထိုသို့သိမှသာ ရောဂါရဲ့ရှေ့အလားအလာနဲ့ ကုသမှုပုံစံတွေကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ သည်းခြေအိတ်ကင်ဆာကို အဆင့်သတ်မှတ်နိုင်မယ့် စစ်ဆေးမှုတွေကတော့ -

•        ရောဂါရှာဖွေခြင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း - သည်းခြေအိတ်ကင်ဆာဟာ ပျံ့နှံ့နေခြင်း ရှိ/မရှိကို သိနိုင်ဖို့အတွက် ခွဲစိတ်ကုသရန် ဆရာ၀န်မှ ညွှန်ကြားပါလိမ့်မယ်။

          မှန်ပြောင်းကို အသုံးပြုပြီး ခွဲစိတ်မှုကို ပြုလုပ်မယ်ဆိုပါက ဒဏ်ရာသေးသေးလေးသာ ပေးဖို့လိုအပ်ပြီး သေးငယ်လှတဲ့ ကင်မရာရဲ့အကူအညီနဲ့ ပတ်၀န်းကျင်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကင်ဆာပျံ့နှံ့ခြင်း ရှိ/မရှိကို သိနိုင်ပါတယ်။

•        သည်းခြေပြွန်များကို စစ်ဆေးခြင်း - သည်းခြေပြွန်ထဲကို ဆိုးဆေးထိုးထည့်ကာ ဆိုးဆေးသွားရာ လမ်းတစ်လျှောက်ကို ပုံရိပ်ဖောက်စက်ရဲ့ အကူအညီနဲ့ ကြည့်ရှုကာ လမ်းကြောင်းပိတ်ဆို့နေခြင်း ရှိ/မရှိကို သိနိုင်ပါတယ်။

•        အခြားစစ်ဆေးမှုများ - ကင်ဆာပျံ့နှံ့နေခြင်း ရှိ/မရှိကို သိနိုင်ဖို့အတွက် လူနာအများစုဟာ စစ်ဆေးမှု အများအပြားကို ပြုလုပ်ဖို့ လိုအပ်တတ်ပါတယ်။ ဥပမာ - ရင်ဘတ်နဲ့ ၀မ်းဗိုက်ကွန်ပျူတာဓာတ်မှန်၊ တယ်လီဗွီးရှင်းဓာတ်မှန်၊ အသည်းသံလိုက်လှိုင်းဓာတ်မှန်

 

>>    သည်းခြေအိတ်ကင်ဆာ အဆင့်များ

•        အဆင့် 1 - ကင်ဆာဆဲလ်များသည် သည်းခြေအိတ်ရဲ့ အတွင်းနံရံ၌သာ ရှိနေသေးသည်။

•        အဆင့် 2 - ကင်ဆာဆဲလ်များသည် သည်းခြေအိတ်ရဲ့ အပြင်အလွှာကို ထိုးဖောက် ၀င်ရောက်လာသည်။

•        အဆင့် 3 - ကင်ဆာဆဲလ်များသည် အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းတစ်ခုခု (အသည်း၊ အူသိမ်၊ အစာအိမ်) သို့ ရောက်ရှိကာ ပြန်ရည်ဖုများဆီသို့ ပျံ့နှံ့နေပြီဖြစ်သည်။

•        အဆင့် 4 - ကင်ဆာကျိတ်ကြီးတွေဟာ အနီးအနား အင်္ဂါအစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်နေကာ အရွယ်အမျိုးမျိုးရှိတဲ့ အကျိတ်တွေကလည်း အခြားေ၀းလံတဲ့အင်္ဂါတွေမှာ ဖြစ်ပွားနေတတ်ပါတယ်။

 

>>    ကုသမှုခံယူခြင်း

          ကုသမှုနည်းလမ်းဟာ ကင်ဆာအဆင့်၊ ကျန်းမာရေးအခြေအနေနဲ့ လူနာရဲ့ရွေးချယ်မှုအပေါ် မူတည်ပြီးတော့ အမျိုးမျိုး ကွဲပြားပါတယ်။ ကနဦးကုသခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သည်းခြေအိတ်ကို ဖယ်ရှားပစ်ဖို့ဖြစ်ပြီး အကယ်၍ မဖြစ်နိုင်ပါက ရောဂါဖြစ်ပွားနှုန်းကို ထိန်းချုပ်ဖို့နဲ့ သက်သောင့်သက်သာရှိဖို့ကို ဦးစားပေး စဉ်းစားရမှာ ဖြစ်ပါတယ်။

 

>>    စောစီးစွာ သိရှိတဲ့ သည်းခြေအိတ်ကင်ဆာများအတွက် ခွဲစိတ်ကုသမှု နည်းလမ်းများ

          သည်းခြေအိတ်ကင်ဆာကို စောစောစီးစီး သိပါက ခွဲစိတ်ကုသမှု ခံယူတာဟာ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

•        သည်းခြေအိတ်ကို ဖယ်ရှားခြင်း - သည်းခြေအိတ်အတွင်းမှာပဲ ရှိသေးတဲ့ သည်းခြေအိတ်ကင်ဆာမျိုး ဆိုပါက သည်းခြေအိတ်ကို ဖယ်ရှားလိုက်ရုံဖြင့် ကုသနိုင်ပါတယ်။

•        သည်းခြေအိတ်ရဲ့ အသည်းအစိတ်အပိုင်းအချို့ကို ဖယ်ရှားခြင်း - အသည်းအတွင်းသို့ ကင်ဆာဆဲလ်များ ရောက်ရှိနေပြီဆိုပါက သည်းခြေအိတ်အပြင် အသည်းရဲ့ အစိတ်အပိုင်းအချို့နဲ့ သည်းခြေအိတ်နားမှာရှိတဲ့ သည်းခြေပြန်တို့ကိုပါ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

          ခွဲစိတ်ကုသမှု ခံယူပြီးနောက် အခြားကုသမှုတွေ လို/မလိုကတော့ ယခုအချိန်ထိ တိတိကျကျပြောလို့ မရသေးပါဘူး။ အချို့ဆရာ၀န်တွေကတော့ ခွဲစိတ်ပြီးနောက် ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားတတ်ပါတယ်။ မည်သည့်ကုသမှုမျိုးကိုမဆို ကောင်းကျိုး၊ ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားကာ ဆရာ၀န်နှင့် သေချာတိုင်ပင်၍ ပြုလုပ်သင့်ပါတယ်။

 

>>    နောက်ကျမှသိရတဲ့ သည်းခြေအိတ်ကင်ဆာအတွက် ကုထုံးများ

          အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့နေတဲ့ ကင်ဆာကို ခွဲစိတ်မှုခံယူရုံဖြင့် မကုသနိုင်ပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာတွေ သက်သာစေဖို့နဲ့ သက်သောင့်သက်သာရှိဖို့ကို ဆရာ၀န်တွေက အဓိကထား လုပ်ဆောင်လေ့ ရှိပါတယ်။ နည်းလမ်းတွေကတော့ -

•        ဆေးသွင်းကုသခြင်း - ဓာတုပစ္စည်းတွေရဲ့အကူအညီနဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။

•        ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း - အလွန်ပြင်းတဲ့စွမ်းအင်းတွေကို အသုံးပြု၍ ကင်ဆာဆဲလ်တွေကို ဖယ်ရှားရှင်းလင်းပစ်တာ ဖြစ်ပါတယ်။

•        ဆေးအသစ်များကို စမ်းသပ်အသုံးပြုခြင်း

 

>>    ပိတ်ဆို့နေတဲ့ သည်းခြေပြွန်များကို ကောင်းမွန်အောင် ပြန်လည်ပြုပြင်ခြင်း

          နောက်ဆုံးအဆင့်ရောက်နေတဲ့ သည်းခြေအိတ်ကင်ဆာသည် သည်းခြေပြွန်များကို ပိတ်ဆို့စေကာ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သည်းခြေပြွန်တွေကို ပွင့်အောင် ပြုလုပ်ခြင်းဟာ များစွာသက်သာရာ ရစေပါတယ်။ ဥပမာအားဖြင့် ခွဲစိတ်ဆရာ၀န်ဟာ ပိတ်နေတဲ့နေရာမှာ သတ္တုပြွန်တစ်ချောင်း ထည့်ပေးတာဖြစ်ဖြစ်၊ ပိတ်ဆို့နေတဲ့အပိုင်းကို ဖြတ်ပစ်၍ အကောင်းအပိုင်းများကို ပြန်ဆက်ပေးတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)