/
news/ကျန်းမာရေး-z/နေ၀င်ရီတရောမှာခံစားရတဲ့-လက္ခဏာစု-sundowner

နေ၀င်ရီတရောမှာခံစားရတဲ့ လက္ခဏာစု (Sundowner)

Category
ကျန်းမာရေး (A-Z)

           အသက်အရွယ်ကြီးလာသော ဘိုးဘွားများထဲတွင် သတိမေ့ေ၀ဒနာရှိသူ၊ အယ်လ်ဇိုင်းမားရောဂါရှိသူ၊ အပြုအမူနှင့် အသိဉာဏ်ပိုင်းဆိုင်ရာချို့ယွင်းချက် (dementia) ရှိသူများရှိပါက ညနေပိုင်းရောက်လာတာနှင့်အမျှ အပြုအမူများပြောင်းလဲလာတာကို သတိထားမိကောင်းထားမိပါလိမ့်မယ်။ ထိုကဲ့သို့ ပြောင်းလဲခြင်းကို ဆေးပညာအရ Sundowner’s Syndrome (Sundowning) လို့ခေါ်ပါတယ်။

          Sundowning ကရောဂါမဟုတ်ပါ။ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ခံစားရတဲ့လက္ခဏာစု ဖြစ်ပါတယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် အလင်းရောင်အားနည်းခြင်း၊ ပင်ပန်းနုံးခွေခြင်း၊ ခန္ဓာကိုယ်ကိုယ်တွင်း ဇီ၀နာရီပျက်ယွင်းခြင်း တို့ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ယူဆထားကြပါတယ်။

 

♦ ရောဂါလက္ခဏာများ

          တွေ့ရတဲ့ရောဂါလက္ခဏာတွေကတော့ စိတ်တိုခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပန်ခြင်း၊ ကတိုက်ကရိုက်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းမာခြင်း၊ ဂဏှာမငြိမ်ခြင်း၊ တကယ်မရှိတဲ့အရာကို တကယ်ရှိသည်၊ မြင်သည်၊ ကြားသည်ဟု ယုံကြည်နေခြင်း (Hallucination)၊ ပစ္စည်းများကို ခိုး၀ှက်ခြင်း၊ ငိုကြွေးခြင်း၊ တနေရာတည်းတွင် အတည်အကျမနေဘဲ လှည့်လည်သွားလာခြင်းတို့ပဲဖြစ်ပါတယ်။

 

♦ သက်သာနိုင်မည့်နည်းလမ်းများ         

          Sundowning လက္ခဏာစုကို အောက်ပါနည်းလမ်းတွေနဲ့ လျှော့ချနိုင်ပါတယ်။

1.       အိပ်ရေးပျက်ပါက Sundowning လက္ခဏာစု ပိုဆိုးစေတဲ့အတွက် အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရာ၀င်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်၊ အစာစားချိန်တို့ကို အချိန်မှန်မှန်ပြုလုပ်နိုင်ရန် ဂရုစိုက်ပါ။

2.       ညဘက်အိပ်ရာ၀င်ချိန်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်စေရန် နေ့ဘက်တွင်ငြိမ်ငြိမ်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။

3.       မိမိဝါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ပါ။ တေးသီချင်းများနားထောင်ပါ။ ငြိ်မ့်ညောင်းတဲ့ ဂီတသံဟာ လူတွေရဲ့စိတ်နှလုံးသားကို အေးချမ်းစေပါတယ်။

4.       သက်တောင့်သက်သာရှိတဲ့အိပ်ရာမှာ အိပ်စက်ပါ။

5.       ကဖင်းပါတဲ့ အရည်တွေက အိပ်မပျော်ဖြစ်စေတာကြောင့် အိပ်ရာ၀င်ခါနီးကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် စားသောက်ခြင်းကို ရှောင်ရှားပါ။

6.       ပတ်၀န်းကျင် ဆူညံသံတွေကို တတ်နိုင်သမျှ လျှော့ချပါ။

7.       ညမှောင်လာတာနှင့်အမျှ မီးသီးများထွန်းညှိပြီး အလင်းရောင်ကို ထိန်းထားပါ။

 

Dr. Htet Htet Aung

www.drmyanmar.com