/
news/ကျန်းမာရေး-z/လေပွခြင်းနှင့်-လေထိုးလေအောင့်ခြင်း

လေပွခြင်းနှင့် လေထိုးလေအောင့်ခြင်း

Category
ကျန်းမာရေး (A-Z)

            အူထဲမှာ လေရှိခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းများဖြစ်စေတဲ့ အရာတွေကြောင့် လေထိုးလေအောင့် ဖြစ်ကြရပါတယ်။ အူထဲမှာ လေတွေစုနေပြီး အဲဒီလေတွေကို ခန္ဓာကိုယ်အပြင်ဘက်ကို မထုတ်နိုင်ဘူးဆိုရင် လေထိုးလေအောင့်တတ်ပါတယ်။ လူအများစုက တစ်နေ့ကို အနည်းဆုံး ၁၀ ကြိမ်လောက် လေလည်လေ့ရှိကြပါတယ်။

            လေပြဿနာတွေနဲ့ လေထိုးလေအောင့်တာတွေကို လုံးဝမဟန့်တားနိုင်ရင်တောင် လေထွက်တဲ့အကြိမ်နည်းစေမယ်ဆိုရင် ကသိကအောင့်ဖြစ်ခြင်းနဲ့ အရှက်ရခြင်းတွေကိုတော့ သက်သာစေမှာပါ။

ရောဂါလက္ခဏာများ

            လူအများစုမှာ လေထိုးလေအောင့်ရောဂါလက္ခဏာတွေကို သိသိသာသာခံစားကြရပါတယ်။ လက္ခဏာတွေကတော့

၁။ လေလည်ခြင်း၊ လေတက်ခြင်း

၂။ ဗိုက်ထိုးထိုးအောင့်ခြင်း၊ ဗို်က်ရစ်ရစ်ပြီးနာခြင်း - ဗိုက်တပြင်လုံးဘယ်နေရာမှာမဆို အောင့်နိုင်ပြီး နေရာရွေ့တာမြန်သလို မြန်မြန်လည်း သက်သာတတ်ပါတယ်။

၃။ ဗိုက်ထဲမှ ဆုပ်ဆွဲထားသလိုနာခြင်း။

၄။ ဗိုက်ကယ်ခြင်း၊ ဗိုက်ပွခြင်း။

            တစ်ခါတစ်ရံမှာ လေထိုးလေအောင့်က အလွန်ပြင်းထန်ပြီး အောက်ပါအခြေအနေတွေနဲ့ မှားနိုင်ပါတယ်။

  • နှလုံးရောဂါ
  • သည်းခြေကျောက်တည်ခြင်း
  • အူအတက်ရောင်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်ကို သွားပြကြမလဲ?

            တစ်နေ့နဲ့ တစ်နေ့မတူပေမယ့် ပုံမှန်အားဖြင့်တော့ တစ်နေ့ကို ၁၀ကြိမ်မှ အကြိမ် ၂၀ လောက်အထိ လေလည်လေ့ရှိကြပါတယ်။ ဆရာဝန်ကို ပြရမယ့် အခြေအနေတွေကတော့

၁။ ဗိုက်အကြာကြီးအောင့်ခြင်း

၂။ သွေးဝမ်းသွားခြင်း

၃။ ၀မ်းအရောင် (သို့) ၀မ်းသွားသည့်အကြိမ်ရေ ပြောင်းခြင်း

၄။ ကိုယ်အလေးချိန်ကျခြင်း

၅။ ရင်ဘတ်အောင့်ခြင်း

၆။ အမြဲ (သို့) ခဏခဏ ပျို့ခြင်း၊အန်ခြင်း

            ဒါတွေအပြင် လေပြဿနာတွေက အရမ်းဆိုးပြီး နေ့စဉ်ဘဝမှာ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ရောဂါဖြစ်စေသော အကြောင်းအရင်းများ

            အူထဲမှာအစာမချေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘက်တီးရီးယားတွေက အချဉ်ဖောက်လိုက်တဲ့အခါ လေတွေဖြစ်ပေါ်လာပါတယ်။ အမျှင်ပါတဲ့အစားအစာတွေဟာ အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စရောဓာတ်များကို ထိန်းညှိပေးခြင်းစတဲ့ ကောင်းကျိုးများစွာရှိပေမယ့် လေတွေဖြစ်ပေါ်စေပါတယ်။

            လေပြဿနာတွေဖြစ်စေတဲ့ အမျှင်ဓာတ်အများအပြားပါဝင်တဲ့ အစားအစာတွေကတော့--

၁။ သစ်သီးများ

၂။ ဟင်းသီးဟင်းရွက်များ

၃။ ဂျုံ

၄။ ပဲအမျိုးမျိုး

            ဆိုဒါပါဝင်တဲ့ အချိုရည်တွေ၊ ဘီယာတွေကလည်း လေထစေပါတယ်။

လေများခြင်းရဲ့အခြားအကြောင်းအရင်းများမှာ---

၁။ လေများမျိုချခြင်း - စားသောက်ချိန်၊ အလောတကြီးစားချိန်၊ ပီကေဝါးချိန်၊ သကြားလုံးစုပ်ချိန်၊ ပိုက်နဲ့အအေးသောက်ချိန်တွေနဲ့ စိတ်လှုပ်ရှားတဲ့အချိန်တွေမှာ လေတွေကိုမျိုချမိလေ့ရှိပါတယ်။ အချို့လေတွေက အစာချေလမ်းကြောင်းရဲ့အောက်ပိုင်းအထိ တဖြည်းဖြည်း ရောက်ရှိသွားပါတယ်။

၂။ အခြားကျန်းမာရေးအခြေအနေများ - လေတွေများနေခြင်းဟာ နာတာရှည်ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ (ဥပမာ - Irritable Bowel Syndrome ဟုခေါ်သော အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစုရှိခြင်း)။ ဆီးချိုရောဂါကြောင့် အူသိမ်ထဲမှာ ဘက်တီးရီးယားတွေအများကြီး ပေါက်ဖွားနေရင်လည်း လေများပြီး လေပွနိုင်ပါတယ်။

၃။ အစာအစားတစ်ခုခုကို လက်မခံနိုင်ခြင်း - နို့ထွက်ပစ္စည်းတွေကိုစားပြီးချိန်မှာ လေပြဿနာဖြစ်တာဆိုရင်တော့ ခန္ဓာကိုယ်က နို့ထဲမှာပါတဲ့ lactose ဆိုတဲ့ ဓာတ်တစ်မျိုးကို မဖြိုခွဲနိုင်လို့ဖြစ်ပါတယ်။ အခြားအစာအစာများဖြစ်တဲ့ ဂျုံနဲ့ အခြားအစေ့အဆံတွေမှာပါဝင်တဲ့ အသားဓာတ်တစ်မျိုးဖြစ်တဲ့  gluten ကို လက်မခံနိုင်တာလည်းရှိပြီး လေတွေများခြင်း၊ ဝမ်းလျှောခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း စတွေဖြစ်တတ်ပါတယ်။

၄။ သကြားတုဖြင့်ပြုလုပ်ထားသော ဖြည့်စွက်ပစ္စည်းများ - ခန္ဓာကိုယ်က သကြားတုဖြင့်ပြုလုပ်ထားသောအစားအစာ(artificial sweeteners)၊ ပီကေနဲ့ သကြားလုံးတွေ မှာပါဝင်တဲ့ sorbitol, mannitol နဲ့ xylitol ကဲ့သို့သော အချိုဓာတ်တွေကို လက်မခံနိုင်တာမျိုးရှိပါတယ်။ ကျန်းမာတဲ့သူတွေတောင် ဒီလိုအချိုခဲတွေစားမိရင် လေပွပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

၅။ ဝမ်းချုပ်ခြင်း - လေထုတ်ရန်ခက်ခဲပြီး ဗိုက်ပွခြင်းကယ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတွေဖြစ်စေပါတယ်။

ရောဂါဖြစ်နိုင်ချေများသောသူများ

ဒီလိုအချက်တွေကြောင့် လေပြသနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

  • ခန္ဓာကိုယ်မှ lactose (သို့) gluten ဓာတ်များကို လက်မခံနိုင်ခြင်း
  • သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဂျုံ နှင့် ပဲအမျိုးမျိုး အများအပြားစားခြင်း
  • ဆိုဒါပါသော အချိုရည်များသောက်ခြင်း
  • အူရောင်ခြင်းကဲ့သို့သော နာတာရှည်အူလမ်းကြောင်းရောဂါတစ်ခုခုရှိခြင်း

            လေလည်ခြင်းက အသက်၊ ကျား၊မ စတာတွေနဲ့ မသက်ဆိုင်ပါဘူး။

စမ်းသပ်မှုများ

            ဆရာဝန်က အောက်ပါအချက်တွေပေါ်မူတည်ပြီး လေထိုးလေအောင့်ခြင်းနှင့် လေပြသနာဖြစ်ရတဲ့အကြောင်းအရင်းတွေကို ဆုံးဖြတ်ပါလိမ့်မယ်။

  • လူနာ၏ ကျန်းမာရေးရာဇဝင်
  • စားသောက်ပုံအလေ့အထအပေါ် သုံးသပ်မှု
  • ခန္ဓာကိုယ်ကို စစ်ဆေးခြင်း

ကုထုံးများ

            အခြားရောဂါတစ်ခုခုကြောင့် အောင့်တာဆိုရင်တော့ အောက်ခံရောဂါကိုကုသလိုက်ရင် သက်သာသွားပါလိမ့်မယ်။ ဒါမှမဟုတ် အစားအစာပြောင်းလဲခြင်း၊ လူနေမှုပုံစံပြောင်းလဲခြင်း နဲ့ အခြားဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကုသမှုပုံစံ မတူညီကြသော်လည်း အများအားဖြင့်တော့ သက်သာသွားကြပါတယ်။

I. အစားအစာ (Diet)

            အောက်ပါအစားစားမှုပုံစံအပြောင်းအလဲက ခန္ခာကိုယ်မှလေထုတ်မှုပမာဏကိုလျော့နည်းစေပါမယ် (သို့) ခန္ခာကိုယ်ထဲကလေတွေကို မြန်မြန်ထွက်စေပါမယ်။

၁။ လေထစေတဲ့ အစာအစာတွေကို ရှောင်ပါ။ ထိုအစားအစာတွေကတော့ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ပန်းမုန်လာ၊ မုန့်ညှင်းဖူး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ကညွှတ်၊ သစ်တော်သီး၊ ပန်းသီး၊ မက်မွန်သီး၊ ခရမ်းသီးခြောက်၊ သကြားလွတ် ချိုချဉ်နဲ့ ပီကေများ၊ ဂျုံ၊ ထောပတ်မုန့်၊ နို့၊ ခရင်၊ ရေခဲမုန့်၊ နို့အေး၊ ဘီယာ၊ ဆိုဒါနှင့် အခြားကာဗိုဟိုက်ဒရိတ်ပါသော အချိုရည်တွေ ဖြစ်ပါတယ်။

၂။ အဆီများပြီး ကြော်ထားတဲ့အစားအစာတွေကိုဖြတ်လိုက်ပါ။ အဆီတွေက အစာချေမှုကိုနှောင့်နှေးစေပြီး ပြည့်အီစေတဲ့အတွက် အဆီများတဲ့အစားအစာတွေစားရင်လည်း လေပွတတ်ပါတယ်။

၃။ အမျှင်ဓာတ်များတဲ့အစားအစာတွေကို ခဏဖြတ်ထားပါ။ ရက်သတ္တပတ်အတော်ကြာမှ ဖြည်းဖြည်းချင်းပြန်စားပါ။ အချို့လူတွေအတွက် အမျှင်ဓာတ်တွေကို ပြန်လက်ခံနိုင်ဖို့ ၃ပတ်လောက်ကြာပေမယ့် အချို့လူတွေကတော့ ပြန်စားမိတာနဲ့ လေပွတတ်ပါတယ်။

၄။ အမျှင်ဓာတ်အစားထိုးတွေကို ဖြည်းဖြည်းချင်းပြန်စားကြည့်ပါ။ ရောဂါလက္ခဏာတွေရှိနေသေးရင် အမျှင်ဓာတ်ဖြည့်စွက်စာတွေကို နည်းနည်းချင်းစားကြည့်ပါ။ အမျှင်ဓာတ်ဖြည့်စွက်စာတွေစားတဲ့အချိန်မှာ ရေတစ်ဖန်ခွက်နဲ့အတူစားပြီး တစ်နေ့လုံးလည်း ရေများများသောက်ပေးပါ။

၅။ နို့နှင့် နို့ထွက်ပစ္စည်းတွေကို လျှော့စားပါ။ နို့အစား Lactose ပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကိုပြောင်းသောက်ပါ။

၆။ နို့ကို တစ်ကြိမ်နည်းနည်းသောက်ခြင်း သို့ အခြားအစားအစာတွေနဲ့ တွဲပြီးသောက်သုံးခြင်းကလည်း အစာချေဖို့လွယ်ကူစေပါတယ်။ တစ်ချို့ကိစ္စတွေမှာတော့ နို့နှင့် နို့ထွက်ပစ္စည်းတွေကို လုံးဝဖြတ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။

 

II. ဖြည့်စွက်စာနှင့် ဆေးဝါးများ

1. Lactase ဖြည့်စွက်စာ - Lactose ကိုမချေဖျက်နိုင်တဲ့သူတွေအတွက် Lactose မပါ၀င်တဲ့ ဖြည့်စွက်စာကို စားခြင်းဖြင့် အစာချေဖျက်ရာမှာ ကူညီပေးပါလိမ့်မယ်။ Latose မပါတဲ့ (သို့) နည်းတဲ့ နို့နှင့် နို့ထွက်ပစ္စည်းတွေကို ရွေးချယ်စားသုံးပါ။

2. Simethicone – Simethicone ပါဝင်တဲ့ ဆေးများကလည်း လေပွလေထခြင်းကို သက်သာစေပါတယ်။ ဒီဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိကြပါတယ်။

3. Activated Charcoal – ဒီဆေးဝါးများကို အစားမစားမီနှင့် စားပြီး  သောက်သုံးခြင်းဖြင့်လည်း သက်သာစေနိုင်ပါတယ်။

နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

အောက်ပါလူနေမှုပုံစံ အပြောင်းအလဲများကြောင့် လေပြဿနာတွေကိုလျော့နည်းစေနိုင်ပါတယ်။

  • နည်းနည်းစီ စမ်းစားကြည့်ပါ။ ကျန်းမာရေးအတွက်သင့်တော်တဲ့ အစားအစာတော်တော်များများဟာလည်း လေထစေတတ်လို့ နည်းနည်းချင်းစီ စမ်းစားကြည့်ပါ။
  • အစာကို ဖြည်းဖြည်းနဲ့ သေချာကြေညက်အောင်ဝါးစားပါ။ မဝါးဘဲနဲ့မျိုမချပါနဲ့။ ဖြည်းဖြည်းချင်းစားဖို့ခက်နေတယ်ဆိုရင် တစ်လုတ်စားပြီးတိုင်း ဇွန်းခရင်းကိုတစ်ခါချထားပါ။
  • ပီကေဝါးခြင်း၊ သကြားလုံးမာမာများစုပ်ခြင်း၊ ပိုက်နဲ့စုပ်သောက်ခြင်းများကိုရှောင်ပါ။ ဒီအကျင့်တွေက လေတွေပိုပြီးမျိုချမိစေပါတယ်။
  • အံကပ်တွေကို စစ်ဆေးပါ။ အံမဝင်တဲ့ အံကပ်တွေက အစာစားတဲ့အခါလေတွေပိုပြီးမျိုချမိစေပါတယ်။
  • ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းဟာ လေတွေပိုပြီးမျိုချမိစေပါတယ်
  • လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းက အစာချေလမ်းကြောင်းထဲကနေ လေတွေထွက်သွားဖို့ ကူညီပါတယ်။

            လေထွက်တဲ့အန့ံပြင်းတယ်ဆိုရင် ဆာလဖာပါဝင်တဲ့အစားအစာတွေဖြစ်တဲ့ ဂေါ်ဖီထုပ်အနွယ်ဝင် ပန်းမုန်လာ၊ မုန်ညှင်းဖူး၊ ဘီယာ၊ နဲ့ အသားဓာတ်ပါတဲ့အစားအစာတွေကို လျှော့စားခြင်းဖြင့် အန့ံဆိုးတွေကိုလျော့ကျစေနို်င်ပါတယ်။ Charcoal ပါတဲ့ pads, အောက်ခံဘောင်းဘီနဲ့ ဘော်လီ ဝတ်ဆင်ခြင်းဖြင့် လေလည်လို့ထွက်လာတဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com