သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
သားအိမ်ခေါင်းသည်သားအိမ်၏ အောက်ဆုံးအပိုင်းနှင့် မိန်းမကိုယ်ကို ဆက်သွယ်ပေးထားသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များမှဖြစ်ပွားသော ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါကို ဖြစ်ပေါ်စေသည့်အဓိကအကြောင်းရင်းမှာ human papilloma virus (HPV) ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါတယ်။
♦ ဖြစ်ပွားရသည့်အကြောင်းရင်းများ
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း ယေဘူယျအားဖြင့် Human Papilloma Virus (HPV) ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ၎င်းဗိုင်းရပ်သည် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်သောဗိုင်းရပ်ဖြစ်ပြီး အချို့သောအမျိုးသမီးများတွင် ဗိုင်းရပ်ပိုးသည် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် အသက်ရှင်နိုင်ခြင်းကြောင့် သားအိမ်ခေါင်းအတွင်းရှိ ဆဲလ်များသည် ကင်ဆာဆဲလ်များ အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေသည့်အကြောင်းရင်းများမှာ -
- လိင်ဆက်ဆံဖော်များခြင်း
- အသက်ငယ်ရွယ်ချိန်မှစ၍ လိင်ဆက်ဆံခြင်း
- အခြားသောလိင်မှတဆင့် ကူးစက်သောရောဂါများရှိခြင်း
- ခုခံအားစနစ်အားနည်းသောသူများ
- ဆေးလိပ်သောက်သူများတို့ဖြစ်ပါတယ်။
♦ ရောဂါလက္ခဏာများ
အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိပေ။
ရောဂါလက္ခဏာများမှာ -
- အမျိုးသားနှင့်အတူနေစဉ် သွေးထွက်ခြင်း
- နာကျင်ခြင်း
- အနံ့ဆိုးသောအရည် ကျဲကျဲအရည်များထွက်ခြင်း
- တင်ပဆုံတ၀ိုက်နာကျင်ခြင်း
♦ စစ်ဆေးခြင်း
သားအိမ်ခေါင်းကင်ဆာရှိနေကြောင်းကိုအောက်ပါနည်းလမ်းများဖြင့် သိရှိနိုင်ပါသည်။
(1) Pap test – သားအိမ်ခေါင်းရှိ ဆဲလ်များကို ယူပြီး ကင်ဆာဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ပါတယ်။
(2) HPV DNA test – HPV ဗိုင်းရပ်စ်အမျိုးအစားကို ခွဲခြားပေးဖို့ အသုံးပြုပါတယ်။ Pap test လိုပဲ သားအိမ်ခေါင်းရှိဆဲလ်များကို ခြစ်ယူပြီး ဓာတ်ခွဲစမ်းသပ်တာဖြစ်ပါတယ်။
(3) Colposcope – သားအိမ်ခေါင်းကြည့်မှန်ပြောင်းဖြင့် ကြည့်ရှု၍စစ်ဆေးခြင်း၊
(4) သားအိမ်ခေါင်းမှ အသားစယူ၍ စစ်ဆေးခြင်း၊
(5) သားအိမ်ခေါင်းအတွင်းပိုင်းရှိအလွှာများမှ အသားစယူ၍ စစ်ဆေးခြင်း
♦ ရောဂါအဆင့်သတ်မှတ်ချက်
သားအိမ်ခေါင်းကင်ဆာရောဂါ၏အဆင့်များကိုCTscan, MRI, PET နှင့် X-ray ရိုက်ခြင်းဖြင့်လည်းကောင်း၊ မှန်ပြောင်းအသုံးပြု၍ ဆီးအိမ်နှင့်ခအိုကို စစ်ဆေးခြင်းဖြင့်လည်းကောင်း ခွဲခြားနိုင်ပါတယ်။
အဆင့် I - ကင်ဆာဆဲလ်များကိုသားအိမ်ခေါင်း၌သာ တွေ့ရပါတယ်။
အဆင့် II - ကင်ဆာဆဲလ်များသည် သားအိမ်ခေါင်းနှင့် မိန်းမကိုယ်အတွင်းသို့ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
အဆင့် III - ကင်ဆာဆဲလ်များသည်သားအိမ်ခေါင်း၊ တင်ပဆုံဘေးနံရံများနှင့် မိန်းမကိုယ်၏ အောက်ဆုံးအပိုင်းတို့ကိုပါ ပျံ့နှံ့နေပြီဖြစ်ပါတယ်။
အဆင့် IV - ကင်ဆာဆဲလ်များသည် အခြားသောကင်ဆာအစိတ်အပိုင်းများသို့ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။
♦ ကုသမှု
ကုထုံးများသည်ကင်ဆာရဲ့အဆင့်၊ လူနာ၏အထွေထွေကျန်းမာရေးနှင့် လူနာရဲ့ရွေးချယ်မှုတို့အပေါ် မူတည်ပါတယ်။
ခွဲစိတ်ခြင်း (Surgery)
သားအိမ်ခေါင်းအတွင်းသို့ ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုဟာ 3mm အောက်လျော့နည်းပါက သားအိမ်ခေါင်းနှင့်သားအိမ်ကို ခွဲစိတ်ဖြတ်ထုတ်နိုင်သော်လည်း ကင်ဆာဆဲလ်များ၏ ထိုးဖောက်မှုသည် 3mm ထက် များပြားပါက သားအိမ်ခေါင်း၊ သားအိမ်တို့နှင့်အတူ မိန်းမကိုယ် တစ်စိတ်တစ်ပိုင်းနှင့် ပြန်ရည်ကြောများကိုပါ ခွဲစိတ်မှာဖြစ်ပါတယ်။
ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation)
ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ကင်ဆာဆေးသွင်း၍ ကုသခြင်းနှင့် အတူတူတွဲ၍လည်းကောင်း၊ ခွဲစိတ်မှု မခံယူခင်တွင်လည်းကောင်း၊ ခွဲစိတ်ပြီးနောက်ပိုင်း ကင်ဆာဆဲလ်များကို သုတ်သင်ရန်အတွက်လည်းကောင်း အသုံးပြုပါတယ်။
ကင်ဆာဆေးသွင်းခြင်းဖြင့် ကုသခြင်း (Chemotherapy)
ကင်ဆာဆဲလ်များကို သတ်နိုင်သောဆေးများကို အကြောမှတဆင့် ထိုးသွင်းခြင်းဖြင့် ကုသသောနည်း ဖြစ်ပါတယ်။ ဓါတ်ကင်ခြင်းနှင့်တွဲ၍ ကုသလျှင် ပိုမိုထိရောက်မှုရှိစေပါတယ်။
♦ သားအိမ်ခေါင်းကင်ဆာ ေ၀ဒနာရှင်များအတွက် လိုက်နာသင့်သည့်နည်းလမ်းများ
သားအိမ်ခေါင်းကင်ဆာရောဂါကို ခံစားနေရတယ်ဆိုပါက
- ၎င်းရောဂါနှင့်ပတ်သက်သောဗဟုသုတများကိုလေ့လာပါ
- လိုအပ်ပါကသူငယ်ချင်းများ၊ မိသားစု၀င်များ ထံမှအကူအညီယူပါ
- ကင်ဆာရောဂါကိုအရှုံးမပေးဘဲတတ်ကျွမ်းသောပညာရှင်များနှင့် တိုင်ပင်ပြီးကုသမှုခံယူပါ
- ဝါသနာပါတဲ့အလုပ်တစ်ခုခုကို လုပ်ဆောင်ပြီးစိတ်ဖိစီးမှုများကိုအနိုင်ယူပါ
♦ ကြိုတင်ကာကွယ်ခြင်း
သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်နိုင်ရန် အောက်ပါနည်းလမ်းများကို လုပ်ဆောင်သင့်ပါတယ်။
- လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးပါ
- လိင်ဆက်ဆံဖော်အများကြီးထားခြင်းကိုရှောင်ရှားပါ
- ဆေးလိပ်မသောက်ပါနှင့်
- သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးထားပါ။ အသက် 9 နှစ်မှ 26 နှစ်ကြား အမျိုးသမီးတိုင်းထိုးထား သင့်ပါတယ်။ အကောင်းဆုံးကတော့ အိမ်ထောင်မပြုခင်အရွယ် ကလေးဘ၀ကတည်းကထိုးထားသင့်ပါ တယ်။
- သားအိမ်ခေါင်းကင်ဆာရှိ၊ မရှိအသက် ၂၁ နှစ်အရွယ်ကတည်းက Pap Smear ယူခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ ဖြစ်နိုင်ပါက သုံးနှစ်မှာတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။
♦ သားအိမ်ခေါင်းကင်ဆာေ၀ဒနာရှင်များ စားသင့်သောအစားအစာများ
မုန်လာဥနီ - မုန်လာဥနီဟာမျက်လုံးအတွက်တင် ကောင်းတာမဟုတ်ပါဘူး။ မုန်လာဥနီမှာပါ၀င်တဲ့ provitamin A နှင့် ရောင်ခြယ်ပစ္စည်း Carotenoids တို့က ကင်ဆာဆဲလ်များ ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်ခြင်းကိုတားဆီးပေးပါတယ်။
လက်ဘက်စိမ်းလက်ဖက်ရည် (Green Tea) – Green Tea မှာ အင်တီအောက်ဆီးဒင့်တွေ ပါ၀င်တာကြောင့် ကင်ဆာဆဲလ်ပွားများခြင်းကို တားဆီးနိုင်တာကြောင့် Green Tea ကို နေ့တိုင်းသောက်သုံးသင့်ပါတယ်။
ပဲအမျိုးမျိုး - ပဲအမျိုးမျိုးမှာပါ၀င်တဲ့ phytochemicals ဟာ ပုံမှန်ဆဲလ်များမှ ကင်ဆာဆဲလ်များသို့ ကူးပြောင်းသွားခြင်းကို တားဆီးပေးတာကြောင့် ပဲအမျိုးမျိုးကိုစားသုံးသင့်ပါတယ်။
ဆလတ်ရွက် - ဆလတ်ရွက်မှာ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ flavonoid ဓါတ် ပါ၀င်ပါတယ်။
♦ သားအိမ်ခေါင်းကင်ဆာေ၀ဒနာရှင်များ ရှောင်သင့်သောအစားအစာများ
- မလိုင်အပြည့်ပါသော နွားနို့များ
- အဆီများသောအသားများ
- အနီရောင်အသားများ
- အသွင်ပြောင်းထားသောအဆီများ ( ဥပမာ - မာဂျရင်း )
- တူးနေသော အစားအသောက်များ ( ဥပမာ- အကင်ပေါ်မှ အတူးများ )
Dr. Htet Htet Aung
















