သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)
♦ ဘာကြောင့်သွေးလွန်တုပ်ကွေးရောဂါဖြစ်ရလဲ ?
လူတွေမျိုးရိုးကွဲသလိုပဲ ခြင်မျိုးစိတ်ကွဲတွေရှိတဲ့အနက်က အေအီးဒီးစ်အီဂျစ်ပ်တိုင်း (Aedes Aegypti) လို့ခေါ်တဲ့၊ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာ ပေါက်ဖွားတဲ့ ခြင်တစ်မျိုးရှိပါတယ်။ အေအီးဒီးစ်ခြင်မက သယ်ဆောင်လာတဲ့ ဖလာဘီဗိုင်းရပ်စ် (Flavivirus) ပိုးကသွေးလွန်တုပ်ကွေး ရောဂါဖြစ်စေပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဟာ ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ လို့ဆိုကြတာပါ။ သွေးလွန်တုပ်ကွေးပိုး ရှိတဲ့ခြင်ကိုက်ခံရပြီး ၂ ရက်မှ ၇ ရက်အတွင်း ရောဂါ ဖြစ်ပွားနိုင်ပါတယ်။
အေအီးဒီးစ်ခြင်ဟာ ရေကြည်ရေသန့်မှာပေါက်ဖွားတဲ့အတွက် လူနေအိမ်တွေမှာ နေထိုင်တတ် တဲ့ ခြင်မျိုးဖြစ်ပြီး နေ့ခင်းဘက်နဲ့ မနက်စောစောတွေမှာ လူ့သွေးကို ကိုက်စုပ်ပါတယ်။ သွေးစုပ်နေတုန်း မောင်း ထုတ်ဖို့လွယ်ကူသလို၊ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ကူးစက် ခံရထားတဲ့ခြင်မဟာ သွေးစုပ်တာ ပိုနှေးကွေးလာ ပါတယ်။ ဒီတော့အစာ၀ဖို့အတွက် လူတွေကို ထပ်မံကိုက်စုပ်ရာကနေ အေအီးဒီးစ် ခြင်မတစ်ကောင်တည်းနဲ့ လူပေါင်းများစွာကို သွေးလွန်တုပ်ကွေးပိုးကူးစက်စေနိုင်ပါတယ်။
လူဦးရေသိပ်သည်းခြင်း၊ မြို့နေလူတန်းစားဖြစ်ခြင်း၊ နေအိမ်ပတ်၀န်းကျင်မှာ ရေစီးရေလာ မကောင်းခြင်း၊ ခြင်ပေါများခြင်းတို့က သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရဖို့ ပိုတွန်းအားပေးပါတယ်။
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ဖြစ်တဲ့ Dengue ဗိုင်းရပ်စ်အမျိုးအစားပေါင်း (၄) မျိုးတိတိရှိပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး ရောဂါလက္ခဏာလုံး၀မပြတဲ့ သွေးလွန်တုပ်ကွေးအဆင့်မျိုးဖြစ် နိုင်သလို အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ သွေးလန့်တဲ့အဆင့် (DHF) အထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ “ သွေးလွန်တုပ်ကွေးရောဂါဟူသည် အမျိုးမျိုးသောရောဂါလက္ခဏာများဖြစ်ပွားနိုင်ပြီး ရံဖန်ရံခါတွင် မထင်မှတ်ထားသည့်ရောဂါ လက္ခဏာများပင် ဖြစ်ပေါ်လာနိုင်သည့်ရောဂါတစ်ခုဖြစ်သည် ” လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ ပါတယ်။
♦ သွေးလန့်ခြင်းကဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ ?
သွေးလန့်ခြင်း ခေါ် သွေးလွန်တုပ်ကွေးရောဂါရဲ့ပြင်းထန်တဲ့အဆင့် (DHF) ဖြစ်တဲ့လူနာစုစုပေါင်းရဲ့ 95% က အသက် (15) နှစ်အောက် ကလေးတွေပါ။ သွေးလွန်တုပ်ကွေးရောဂါတစ်ခါဖြစ်ဖူးရင် နောက်တစ်ခါ ထပ်ဖြစ်တဲ့ အခါ သွေးလန့်ခြင်းဖြစ်နိုင်ခြေအရမ်းများသွားပါတယ်။ အထက်မှာပြောခဲ့သလိုပဲ Dengue ဗိုင်းရပ်စ်ပိုးပေါင်း လေးမျိုးတိတိရှိ တာကြောင့် တစ်ကြိမ်နဲ့တစ်ကြိမ်မှာ ကူးစက်ခံရတဲ့ပိုးအမျိုးအစားမတူရင် လူ့ခန္ဓာကိုယ်က T cell လို့ခေါ်တဲ့သဘာ၀ကိုယ်ခံအားစနစ်က မတူတဲ့ရောဂါပိုးတွေကို အမျိုးမျိုးပြန်လည် ခုခံတုံ့ပြန်တာကြောင့်ပါ။
အာဟာရချို့တဲ့သောကလေးတွေဟာ အစာအာဟာရပြည့်ပြည့်၀၀စားသုံးရတဲ့ ကလေးတွေထက် သွေးလန့်ခြင်းပိုဖြစ်နိုင်ပါတယ်။ လူတစ်ဦးချင်းစီမှာ မတူကွဲပြားတဲ့ သဘာ၀ကိုယ်ခံစွမ်းအား စနစ်နဲ့ မျိုးရိုးဗီဇတွေရှိတာ ကြောင့် ရောဂါပိုးကူးစက်ခံရတာခြင်းအတူတူ အချို့သူတွေမှာ သွေးလန့်ခြင်းဖြစ်ဖို့ အခွင့်အရေးပို များပါတယ်။
♦ သွေးလွန်တုပ်ကွေးရောဂါခံစားရပြီဆိုရင် ဘယ်လိုလက္ခဏာတွေဖြစ်ပေါ်လာမလဲ ?
1. ရုတ်တရက်ကိုယ်ပူချိန်တက်ပြီး ကိုယ်လက်ကိုက်ခဲလာမယ်။ အပူချိန်ဟာ 106 ဒီဂရီဖာရင်ဟိုက် (41 .C) လောက်ထိ တက်နိုင်ပါတယ်။
2. မျက်ရိုးကိုက်တာ၊ ခေါင်းကိုက်တာတွေအပြင် ခြေဖဝါး၊ လက်ဖဝါးကလွဲပြီး တစ်ကိုယ်လုံးအနီစက် တွေပေါ်လာနိုင်ပါတယ်။
3. တစ်ရက်၊ နှစ်ရက်အကြာမှာ အထက်ပါလက္ခဏာတွေ ပျောက်သွားနိုင်သလို ကိုယ်ပူချိန်ကျပြီးမှ ပြန်တက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ခါစလောက်တော့ အပူချိန်မမြင့်တော့ပါဘူး။ အပူချိန်ရုတ်တရက်ကျသွားခြင်းဟာ သွေးလန့်ခြင်းအဆင့်ရောက်သွားတဲ့ သတိပေးလက္ခဏာ တစ်ခုဖြစ်တာမို့ ကိုယ်အပူချိန်ကျသွားပြီဆိုပြီး မပေါ့ဆဘဲ ပိုသတိထားစောင့်ကြည့်ရမှာပါ။ သွေးလွန်တုပ်ကွေးရောဂါရဲ့ ထူးခြားချက်တစ်ခုပါပဲ။
4. ခါးနာတာ၊ ကိုယ်လက်ကိုက်ခဲနာကျင်တာတွေဖြစ်ပေါ်နိုင်ပြီး အချို့သူတွေမှာ ရက်သတ္တပတ် ပေါင်းများစွာကြာတဲ့အထိ ခံစားနေရတတ်တာကြောင့် သွေးလွန်တုပ်ကွေးရောဂါကို အနောက်နိုင်ငံတွေမှာ အရိုးချိုးပစ်တဲ့ရောဂါ (Breakbone fever) လို့ တင်စားခေါ်ေဝါ်ပါတယ်။
5. ရောဂါပိုဆိုးလာပြီဆိုရင်တော့
- နှာခေါင်းသွေးလျှံခြင်း
- သွေးအန်ခြင်း
- ကတ္တရာစီးကဲ့သို့ ၀မ်းမည်းမည်းသွားခြင်း
- အလွန်အမင်း ဗိုက်အောင့်ခြင်း
- အဆက်မပြတ် အန်ခြင်း
- သွေးကြောငယ်များပေါက်သည့်အတွက် အရေပြားပေါ်တွင် သွေးခြေဥရာများ ပေါ်လာခြင်း တို့ ဖြစ်နိုင်ပါတယ်။
♦ သွေးလွန်တုပ်ကွေးရောဂါလို့ သံသယရှိရင် ဘာစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ရမလဲ ?
လူ့သွေးထဲမှာ သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးခဲခြင်းကိုဖြစ်ပေါ်စေတဲ့ Platelet စတာတွေ ရှိပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်တဲ့အခါ Platelet အရေအတွက်လျော့ကျသွားပြီး သွေးနီဥအရေ အတွက်များလာနိုင်ပါတယ်။
သွေးဖြူဥစုစုပေါင်းပမာဏ လျော့ကျသွားပေမယ့် လင်ဖိုဆိုက် (Lymphocyte) လို့ခေါ်တဲ့ သွေးဖြူဥတစ်မျိုးတည်းရဲ့ အရေအတွက်ကတော့ ပုံမှန်ထက် 15% လောက်များနေနိုင်ပါတယ်။
သွေးခဲခြင်းဖြစ်ပေါ်စေတဲ့ Platelet အရေအတွက်လျော့နည်းသွားလို့ သွေးခဲချိန်ကို စစ်ဆေးတဲ့ APTT နဲ့ PT ရလဒ်တွေဟာ ပုံမှန်ထက်သွေးခဲချိန်ပိုကြာကြောင်း ပြနေနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲက ဒြပ်မှုန်ပမာဏတွေကို စစ်ဆေးတဲ့အခါ ပုံမှန်မဟုတ်တာကို တွေ့ရနိုင်ပါ တယ်။
အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို စစ်ဆေးတဲ့အခါ AST လို့ခေါ်တဲ့ အသည်းအင်ဇိုင်း ပမာဏမြင့်တက်နေပါလိမ့်မယ်။
သွေးထဲမှာ Dengue ဗိုင်းရပ်စ်ပိုးရှိမရှိနဲ့ Dengue ဗိုင်းရပ်စ်ကို လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တုံ့ပြန်တိုက်ခိုက်ထားခြင်းရှိမရှိ (IgG, IgM) တို့ကိုစစ်ဆေးနိုင်ပါတယ်။
♦ သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကုသမလဲ ?
သွေးလွန်တုပ်ကွေးရောဂါ ချက်ချင်းသက်သာပျောက်ကင်းစေဖို့ သောက်သုံးရတဲ့ဆေး တိတိ ကျကျမရှိပါဘူး။ အရေးအကြီးဆုံးအချက်ကတော့ လူနာကိုဂရုတစိုက် အဆက်မပြတ်စောင့် ကြည့်တာပါပဲ။
နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ၊ ၀မ်းမည်းမည်းသွားတာ၊ ကော်ဖီရောင်အန်တာ၊ ဗိုက်နာတာ၊ ခြေဖျားလက်ဖျားအေးစက်လာတာ၊ ဆီးနည်းတာ စတဲ့ မိဘတွေ၊ လူနာစောင့်တွေ စောင့်ကြည့်လို့ ရတဲ့ အချက်တွေအပြင် သွေးပေါင်ချိန်ကျသွားတာ၊ သွေးခုန်နှုန်းမြန်လာတာ၊ အပေါ် သွေးနဲ့အောက်သွေး ကွာခြားချက်ပမာဏက 20 မီလီမီတာ မာကျူရီထက် လျော့နည်း လာတာ (ဥပမာ-90/70) စတဲ့သွေးလန့်ခြင်းရဲ့ လက္ခဏာတွေကို ဆရာ၀န်၊ ဆရာမတွေက စောင့် ကြည့်နေရပါတယ်။ ဒါမှသွေးလွန်တုပ်ကွေးရောဂါအဆင့်ကနေ သွေးလန့်ခြင်းအဆင့်ကို ကူးပြောင်းသွားတဲ့အခါ ချက်ချင်းသိရှိကုသပြီး အသက်ကယ်နိုင်မှာပါ။
စောင့်ကြည့်ဆဲကာလမှာ ရောဂါလက္ခဏာတွေကို သက်သာအောင်အောက်ပါအချက်တွေ ပြုလုပ်ပေး ရပါမယ်။
(1) ကိုယ်အပူချိန်ကျစေရန် ပါရာစီတမောတိုက်ကျေွးတာ၊ ရေပတ်၀တ်တိုက်ပေးတာ စတာတွေပြုလုပ်ပေးရပါမယ်။
(2) သွေးနီဥပမာဏ၊ Platelet ပမာဏ၊ အသည်းရဲ့လုပ်ငန်းဆောင်တာ၊ သွေးထဲကဒြပ်မှုန် ပမာဏတွေကို ဂရုစိုက် စမ်းသပ်စစ်ဆေးနေရပါမယ်။
(3) ကော်လွိုက်၊ ခရစ္စတယ်လွိုက်လို အရည်တွေသွင်းဖို့ လို၊ မလိုကို ဆရာ၀န်က ဆုံးဖြတ် ကုသရပါလိမ့်မယ်။
(4) သွေးလွန်တုပ်ကွေးရောဂါခံစားနေရစဉ်မှာ ဘက်တီးရီးယားပိုးကူးစက်မှုတွေ နောက်ဆက် တွဲအနေနဲ့ ၀င်လာနိုင်လို့ လိုအပ်ရင်ကုသမှုပေးရပါမယ်။
(5) သွေးလွန်ခြင်းအဆင့်နဲ့ ရှော့ခ်ရတဲ့အဆင့်တွေမှာ သွေးရည်ကြည်သွင်းဖို့ လိုလာပါလိမ့်မယ်။
♦ သွေးလွန်တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ?
ရောဂါအရမ်းဆိုးလာပြီဆိုရင်တော့ အဆုတ်၊ အသည်းနဲ့ နှလုံးတို့ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေပါတယ်။ သွေးပေါင်ချိန်များ အလွန်အမင်းကျဆင်းပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။
♦ သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?
I. ခြင်နှိမ်နင်းခြင်း
အဓိကကတော့ ခြင်ကိုက်မခံရအောင် ဂရုစိုက်ဖို့နဲ့ ခြင်ကျားပိုးလောက်လန်း တစ်ကောင်မှ မရှိစေရေးအတွက် အလေးထားဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။ ကျန်းမာရေး၀န်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း အောက်ပါတို့ကို လုပ်ဆောင်ဖို့ လိုပါတယ်။
- ဖုံး - ရေလှောင်ထားသော အိုးခွက်များတွင် ခြင်များ၀င်ရောက်မဥနိုင်ရန် လုံခြုံစွာ ဖုံးအုပ်ထားရန်
- သွန် - အိုးခွက်နံရံတွင်ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊ ခြင်ကျားလောက် လန်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုး ထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်
- လဲ - ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော၍ ရေများကို တစ်ပတ် 2 ကြိမ်လဲလှယ်ရန်
- စစ် - ခြင်ကျားလောက်လန်းများ မပါစေရန် ရေစစ်ထည့်ရန်
- လောင်း - ရေထည့်ထားသော ကြောင်အိမ်အောက်ခံခွက် များနှင့် ရေမြောင်းများတွင် ဒီဇယ်ဆီနှင့် စက်ဆီဟောင်းများ လောင်းထည့်ရန်
- ထောင် - ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင် အိပ်ရန်၊ တတ်နိုင်ပါက ဆေးစိမ်ခြင်ထောင် အသုံးပြုရန်
- ခတ် - မလှယ်မသွန်နိုင်သော အုတ်ကန်၊ ကျောက်စည် တို့တွင် ခြင်လောက်လန်းသတ်ဆေးအဘိတ် (Abate) ၀ယ်ခတ်ရန်
- မြှုပ် - အသုံးမပြုတော့သော ရေတင်ကျန်နေသည့် စွန့်ပစ်ပစ္စည်းများ ကို မြေမြှုပ်ရန်
- ဖွင့် - အလင်းရောင်ရရန် ပြတင်းပေါက်များကို ဖွင့်ထားရန်
10. ရှင်း - အိမ်အတွင်း၊ အပြင် ခြင်များမခိုအောင်းနိုင်ရန် သန့်ရှင်းစွာထားရန်၊ ခြုံများရှင်းရန်၊ အမှိုက်ရှင်းရန်
11. မှုတ် - လူနာရှိက ဆေးမှုတ်မည့် အဖွဲ့ကို ကူညီရန်
ခြင်ကျားပိုးလောက်လန်းတွေကိုစားတဲ့ငါး (ဥပမာ - ဒေါင်းငါး၊ တီလာဗီးယားငါး) တွေကိုလည်း အိ်မ်တွေမှာ မွေးထားသင့်ပါတယ်။
II. ခြင်အန္တရာယ်မှ ကာကွယ်ခြင်း
ခြင်ကျားပိုးလောက်လန်းတွေ မပေါက်ဖွားအောင် ဆောင်ရွက်ရင်း တဆက်တည်းမှာပဲ ခြင်ကိုက် မခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်ရပါမယ်။ ခြင်မကိုက်လိမ်းဆေးတွေလိမ်းမယ်၊ အရောင်ဖျော့တဲ့ အကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေ ၀တ်မယ်၊ ဆေးစိမ်ခြင်ထောင်ထောင် အိပ်မယ်၊ အဆောက်အဦတိုင်းမှာ ခြင်လုံဇကာတပ်မယ်စသည်ဖြင့် ခြင်ကိုက် မခံရအောင် ဂရုစိုက်ရပါမယ်။
III. ကာကွယ်ဆေးထိုးခြင်း
2016 ခုနှစ်အတွင်းမှာ WHO ကနေ သွေးလွန်တုပ်ကွေးကာကွယ်ဆေးတစ်မျိုး ကို အတည်ပြုပေးလိုက်ပါတယ်။ ဆေးနာမည်က Dengvaxia ဖြစ်ပြီး ပြင်သစ်နိုင်ငံအခြေစိုက် Sanofi Pasteur ဆေးကုမ္ပဏီမှ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ တီထွင်စမ်းသပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒီဆေးကို တစ်နှစ်အတွင်း သုံးကြိမ်ထိုးနှံရမှာဖြစ်ပြီး အရင်က သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့ အသက် (၉)နှစ်အထက် လူတွေအတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။
Dr. Kay Khine Maung (IM-1)
















