မြန်မာနိုင်ငံအနှံ့အပြားမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ 170 ကို စမ်းသပ်စစ်ဆေးပြီး အခမဲ့ခွဲစိတ်ပေးမည့်အစီစဉ်စတင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကြီးမှူးပြီး Smile Asia နှင့် ကမေ်ဘာဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်သည့် Eight-Day Cleft Free Myanmar Initiative ကိုစတင်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခမဲ့ စစ်ဆေးခွဲစိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့်မေးရိုးဌာနမှ သိရသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ပေးမည့်အစီအစဉ်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ လူနာပေါင်း 170 ဦးခန့် ကုသမှုခံယူရန် စာရင်းပေးသွင်းမှုကို လက်ခံထားရှိပြီး ကျန်းမာရေး စစ်ဆေးပေးလျက်ရှိနေကာ ခွဲစိတ်ရန်သင့်တော်သည့်ကလေးငယ်များကို ရွေးချယ်ကာ စနစ်တကျ ခွဲစိတ်ကုသပေးသွားမည်ဟု သိရသည်။
''Eight-Day Cleft Free Myanmar Initiative အစီအစဉ်အတွက် မြန်မာနိုင်ငံက ကမေ်ဘာဇအလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) နှင့် ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်။ အခုနှစ် အစီအစဉ်မှာ အနည်းဆုံးလူပေါင်း 100 ရဲ့ လှပတဲ့အပြုံးသစ်တွေမြင်ရဖို့ ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်'' ဟု စင်္ကာပူအခြေစိုက်အဖွဲ့အစည်းဖြစ်သော Smile Asia ၏ Founder ဖြစ်သည့် Dr.Vincent Yeow ကပြောသည်။
Smile Asia အဖွဲ့အစည်းသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း 19 နိုင်ငံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို တက်ကြွစွာကုသပေးနေသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် 2010 ခုနှစ်မှစ၍ ယနေ့အထိအကြိမ်ကြိမ်လာရောက်ကာ လှပသည့်အပြုံးများပိုင်ဆိုင်ရန် ခွဲစိတ်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
''အမတို့အနေနဲ့က Smile asia နဲ့က ဒါနှစ်ကြိမ်မြောက်လက်တွဲခြင်းပါ။ 2012 ခုနှစ်ကလည်း အမတို့ KBZ Group ရဲ့အခွဲဖြစ်တဲ့ Air KBZ ကနေ ဒီနှုတ်ခမ်းကွဲ၊ အာခေါင်းကွဲကလေးတွေအတွက် အဲ့တုန်းကတော့ ငွေကြေးအနေနဲ့ပဲ ပံ့ပိုးပေးခဲ့တယ်ပေါ့။ အခုနှစ်မှာတော့ လူအားရောငွေအားပါ ပါဝင်ပံ့ပိုးထားပါတယ်။” ဟု ကမေ်ဘာဇ အလင်တန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူ မယုဝေမောင် ကပြောကြားသည်။
“Smile Asia အနေနဲ့ 2010 ထဲကနေစပြီး မြန်မာနှုတ်ခမ်းကွဲ၊ အာခေါင်းကွဲကလေးတွေကို ခွဲစိတ်ကုသပေးနေတာ ဒါနဲ့ဆို 6 ကြိမ်မြောက်ရှိပါပြီ။ အရင်ကတော့ လူနာတွေကိုမိခင်နဲ့ကလေးကနေပြီး ရှာဖွေကုသပေးတာဖြစ်ပြီး အခုအကြိမ်မှာတော့ ဖေ့ဘုတ်ကနေတဆင့်ရှာဖွေတာပေါ့နော်။ ကမေ်ဘာဇ အလင်းတန်းဖောင်ဒေးရှင်းအနေနဲ့ကလည်း ဖေ့ဘုတ်ပေါ်မှာကြေငြာပြီး လူနာစုဆောင်းတယ်။ ရန်ကုန်မျက်နှာနဲ့ မေးရိုးဌာနကပဲ သူတို့ရဲ့လူနာတွေလည်းရှိတယ်။ အဲ့ဒါတွေအားလုံးပေါင်းပြီး ဆေးစစ်တဲ့ စစ်ဆေးမှုတွေပြုလုပ်တာပါ။ အဓိက ဘယ်လိုရွေးချယ်လဲဆိုတော့ ပထမဆုံးလူနာရဲ့ ကိုယ်ရေးရာဇဝင် ကိုမေးတယ်၊ မိသားစုမှာတခြားလူတွေဖြစ်ဖူးလား၊ အဲ့ဒါမျိုးတွေမေးတယ်။ ဆေးစစ်ချက်တွေယူတယ်။ သွားဆရာဝန်မေ့ဆေးဆရာဝန်တွေနဲ့တွေ့ရတယ်။ စစ်ဆေးမှု process တွေပြီးသွားတဲ့အခါ ခွဲစိတ်ဆရာဝန်နဲ့ ကလေးအထူးကုတွေပြန်ညှိနှိုင်းတာပေါ့။ ဘာလို့လဲဆိုတော့ သူ့ရဲ့ဆေးစစ်ချက်တွေ အရမ်းကောင်းနေတယ်ဆိုရင် ခွဲစိတ်တဲ့အထဲထည့်လိုက်တယ်။ တစ်ခါတလေ ကလေးတွေပေါင်ချိန် မပြည့်တဲ့အခါ သူတို့အသက်အလိုက် ရှိရမယ့်ပေါင်ချိန်မရှိတဲ့အခါ ခွဲစိတ်ဖို့ခက်ခဲတယ်ပေါ့။ အဲ့ဒါမျိုးဆိုရင် စဉ်းစားတယ် ကလေးဆရာဝန်နဲ့ပြန်ညှိ ဆရာဝန်တွေအကုန်လုံးသဘောတူမှခွဲဖို့ဖြစ်တာပေါ့” ဟု Smile Asia ၏ Myanmar ဘက်မှ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ရှိသူ မဝင်းဝင်းသန်း ကပြောသည်။
လက်ရှိနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဝေဒနာရှင်များကို ခွဲစိတ်ကုသပေးမည့်ဆရာဝန်များမှာ Smile Asia ၏ ဖိတ်ခေါ်မှုနှင့် လာရောက်သောနိုင်ငံ 15 နိုင်ငံမှ ဆရာဝန်၊ သူနာပြုများအယောက် 50 နှင့် မြန်မာနိုင်ငံ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာနှင့်မေးရိုးခွဲစိတ်ကုသဌာနမှ ဆရာဝန်၊ သူနာပြု 30 စုစုပေါင်း အယောက် 80 ဖြင့် ကုသခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဖေ့ဘုတ်ကနေတဆင့် ဒီခွဲစိတ်ပေးမယ့်အစီအစဉ်ကိုသိတာပါ။ ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးလည်း အရမ်းတင်မိပါတယ်။ မမျှော်လင့်မိဘူးလေ။ အခုလိုဖြစ်လာမယ်လို့မထင်မိခဲ့ပေမယ့် အားလုံးဒီလိုလုပ်ပေးလို့ ၀မ်းသာမိပါတယ်။ လူတိုင်းကကိုယ့်ကလေးကို ဒီလိုတော့မဖြစ်စေချင်ကြဘူး။ ဒီမှာခွဲစိတ်စစ်ဆေးဖို့လာတဲ့ အခါကျမှပဲ ကိုယ့်လိုမိဘတွေ အများကြီးဆိုတာ သိခွင့်ရခဲ့တယ်။ အားလုံးကိုကောင်းသွားစေချင်ပါတယ်” ဟု ကယားပြည်နယ်မှ မိမိ၏ကလေးငယ်အား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေးနိုင်မှု စစ်ဆေးရန်လာရောက်သော ကလေးမိဘဖြစ်သူ ဒေါ်အယ်နယ်စတာ ကပြောသည်။
May Su Hlaing
















