ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အား 2016 ခုနှစ်၊ မတ်လ (24) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အား 2016 ခုနှစ်၊ မတ်လ (24) ရက်နေ့တွင် ကျန်းမာရေး၀န်ကြီးဌာန (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ (၂၄) ရက်နေ့တွင် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပပြုလုပ်လျှက်ရှိသည်။
အခမ်းအနားတွင် တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ အသိပညာပေးလှုပ်ရှားမှု အရှိန်အဟုန် မြှင့်တင်ခြင်းအား ယနေ့ (24.3.2016) ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားမှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ စစ်ဆေးကုသမှုများကို ကျန်းမာရေး၀န်ကြီး ဌာန ဆေးရုံဆေးခန်းများနှင့် မြို့နယ်ကျန်းမာရေးဌာနများတွင် အခမဲ့ရရှိနိုင်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံအရ 2014 ခုနှစ်တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် 1.5 သန်း သည် တီဘီရောဂါကြောင့် သေဆုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့တီဘီဖြစ်ပွားမှု၏ သုံးဆခန့်မြင့်မားနေပြီး နှစ်စဉ်တီဘီလူနာ 200,000 ခန့်ဖြစ်ပွားမည်ဟု ခန့်မှန်းထားကြောင်း၊ တီဘီရောဂါသည် စနစ်တကျ ကုသပါက ခြောက်လအတွင်း ပျောက်ကင်နိုင်ခြင်းကြောင် ့စောစီးစွာကုသခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဆရာ၀န်ကြီးများမှ ဟောပြောခဲ့ပါသည်။
“တီဘီရောဂါကင်းေ၀းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့ (Unite to End TB)” ဟူသည့် ဆောင်ပုဒ်အတိုင်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း၊ ထောင်စုနှစ်ဖွ့ံဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေအဖွဲ့ (3MDG) နှင့် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့်အတူ တီဘီရောဂါ အသိပညာပေးလှုပ်ရှားမှုများအား ပြည်သူလုထုအကြား အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရပါသည်။
Chit Chit Khaing






























