တီဘီရောဂါနှင့်ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာအသိပညာပေးလှုပ်ရှားမှုများအား ကျန်းမာရေး၀န်ကြီးဌာနမှ တစ်လတိတိအကောင်အထည်ဖော်ဆောင်ရွက်သွားမည်
မြန်မာနိုင်ငံအတွင်း တီဘီရောဂါနှင့်ဆေးယဉ်ပါးတီဘီရောဂါအားလျှော့ချနိုင်ရန်အတွက် တီဘီရောဂါဆိုင်ရာအသိပညာပေးလှုပ်ရှားမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ အဆိုပါ အသိပညာပေး လှုပ်ရှားမှုများအား 3MDG အဖွဲ့နှင့် ကျန်းမာရေး၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း 16 ရက်၊ မတ်လ၊ 2016 ခုနှစ်က Sule Shangri-La ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော အခမ်းအနား တွင် ကြေညာခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပညာရှင်များမှ တီဘီရောဂါကာကွယ်ရေး၊ ကုသရေးစသည့်အကြောင်း အရာများအား အလေးထားဆွေးနွေးခဲ့ကြပြီး တီဘီရောဂါလူထုအခြေပြုအသိပညာပေးလှုပ်ရှားမှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချိန်ကာလအားဖြင့် တစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တီဘီရောဂါကို စနစ်တကျကုသမှုမခံယူရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ တီဘီလူနာနှစ်သိန်းခန့် နှစ်စဉ်တွေ့ရှိနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ကျန်းမာရေး၀န်ကြီးဌာန ၊ အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းရဲ့လှုပ်ရှားမှုကို ပံ့ပိုးကူညီခွင့်ရတာဟာ ဒီရောဂါကိုတိုက်ဖျက်ဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးရာရောက်ပါ တယ်။” ဟု 3MDG ၏ ရန်ပုံငွေညွှန်ကြားရေးမှူး ဒေါက်တာ ပေါလ်ဆဲန်ဒါမှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်တီဘီရောဂါအဖြစ်ပွားဆုံး နိုင်ငံ ၃၀ တွင်ပါ၀င်ပြီး တီဘီရောဂါဖြစ်ပွားမှုမှာ ကမ္ဘာ့ဖြစ်ပွားနှုန်းထက်သုံးဆမြင့်ကာ အာရှတိုက်တွင်တီဘီဖြစ်ပွားမှုအများဆုံးနိုင်ငံများတွင် ပါ၀င်နေကြောင်း သိရပါသည်။ “တီဘီရောဂါဟာအသက်အန္တရာယ်ရှိပြီး ကူးစက်နိုင်ချေမြင့်မားတဲ့ရောဂါဖြစ်ပေမယ့် ကုသလို့ရတဲ့ရောဂါဖြစ်တယ်။ ၁၉၉၀ ပြည့်နှစ်နဲ့နှိုင်းယှဉ်ပြီး တီဘီဖြစ်ပွားမှုနဲ့သေဆုံးမှုတွေကို ၅၀ ရာခိုင်နှုန်းလျှော့ချဖို့ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ကျန်းမာရေး၀န်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းအနေနဲ့၂၀၅၀ပြည့်နှစ်မှာ တီဘီရောဂါကိုပြည်သူ့ကျန်းမာရေးပြသနာတစ်ရပ်အဖြစ်ကနေ ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေး၀န်ကြီးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ စီမံကိန်းမန်နေဂျာ ဒေါက်တာစည်သူအောင်မှ ပြောကြားခဲ့သည်။
ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ဖြစ်သည့် မတ်လ ၂၄ရက်နေ့တွင် ရုပ်သံနှင့်ရေဒီယိုများ၌ တီဘီရောဂါဆိုင်ရာ အသိပညာပေးခြင်းများ ထုတ်လွှင့်သွားမည်ဖြစ်ပြီး တီဘီရောဂါ၏ လက္ခဏာများ၊ အခမဲ့စစ်ဆေးကုသမှုများပြုလုပ်နိုင်မည့် နေရာများနှင့် သတင်းအချက်အလက်များကို မီဒီယာများ ၊ ပိုစတာများ ၊ လက်ကမ်းစာစောင်များနှင့််တကွ ပြည်သူများသိရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Chit Chit Khaing
















