ပန်းလှိုင်စီလုံဆေးရုံကြီးအား ၂၀၁၇ခုနှစ်၌ JCI အသိအမှတ်ပြုလက်မှတ်ရ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးအဖြစ် ပြောင်းလဲမည်
ပန်းလှိုင်ဆေးရုံကြီးသည် JCI ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများနှင့် နည်းလမ်းများကို အသုံးပြု၍ ၂၀၁၇ ခုနှစ်၊ နှစ်လည်ပိုင်းတွင် JCI အသိအမှတ်ပြုလက်မှတ်ကို ရယူရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ၁၅ရက် ၊ မတ်လ၊ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Joint Commission International (JCI) သည် အမေရိကန်နိုင်ငံတွင်အခြေစိုက်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူနာများ၏ဘေးကင်းလုံခြုံဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများ နှင့်နည်းလမ်းများအား ကူညီပ့ံပိုးပေးလျက်ရှိပြီး နိုင်ငံပေါင်း ၁၀၀ကျော်တွင် JCI ၏ လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ ဆေးရုံများ၊ ဆေးခန်းများ နှင့်ဆေးပညာရပ်ဆိုင်ရာစင်တာများ၊ အစိုးရဌာနများ၊ အေဂျင်စီများနှင့် မိတ်ဖက်ပြုထားပြီး ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများ၊ နည်းလမ်းများကို ပ့ံပိုးပေးခြင်းဖြင့် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစွမ်းဆောင်ရည်ရအောင် လက်တွဲလုပ်ဆောင်လျက်ရှိသည်။
"အခုလိုမိမိနိုင်ငံအတွက်ပြန်လာပြီးကျန်းမာရေးအဆင်မြှင့်တင်မှုမှာ ပါဝင်ရလို့ အလွန်ကျေနပ်ပျော်ရွှင်မိ ပါတယ်။ ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာအဆင့်မှီဝန်ဆောင်မှုတွေပေးနိုင်မှာဖြစ်လို့လည်း ဂုဏ်ယူပါတယ်။ ပန်းလှိုင်စီလုံဆေးရုံကြီးဟာ၂၀၁၇ခုနှစ်၊ နှစ်လည်ပိုင်းမှာ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းတွေကို လိုက်နာကျင့်သုံးတဲ့ JCI အသိအမှတ်ပြုလက်မှတ်ရရှိတဲ့ ပထမဆုံးမြန်မာဆေးရုံဖြစ်တယ်လို့ကြေညာနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပန်းလှိုင်စီလုံဆေးရုံကြီး၏ အထွေထွေမန်နေဂျာ ဒေါက်တာ ဦးကျော်ကိုသက်မှပြောသည်။
ပန်းလှိုင်စီလုံဆေးရုံ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ဒေါ်သက်သက်ခိုင်မှလည်း "လူနာများရဲ့လုံခြုံစိတ်ချရမှုနှင့်အရည်အသွေးမြင့်ကျန်းမာရေးဝန်ဆောင်မှုအတွက် နိုင်ငံတကာအသိအမှတ်ပြု JCIရွှေတံဆိပ်ဟာဆေးရုံရဲ့နိုင်ငံတကာအဆင့်မီ၀န်ဆောင်မှုဖြစ်ကြောင်းသက်သေပြမယ့်သငေ်္ကတဖြစ်ပါတယ်။ JCI ဆေးရုံတစ်ရုံရဲ့သတ်မှတ်ချက်တွေဟာလုံခြုံစိတ်ချရတဲ့ဆေးရုံပတ်ဝန်းကျင်၊ ဆရာဝန်၊ သူနာပြု၊ လူနာ၊ လူနာမိသားစု၊ ဆေးရုံဝန်ထမ်းများအတွက် အန္တရာယ်ကင်းရှင်းမှု၊ လုံခြုံစိတ်ချမှု စတာတွေကို မြင့်မားတဲ့စံသတ်မှတ်ချက်တွေနဲဲ့ ထိန်းချုပ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။
ပန်းလှိုင်စီလုံဆေးရုံအား JCI မှ အသိအမှတ်ပြုလိုက်သည်နှင့် ဆေးရုံ၏ကျန်းမာရေးဝန်ဆောင်မှုများ သည် လူနာများအတွက်ယုံကြည်စိတ်ချရပြီး လုံခြုံမှုပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ ဆေးရုံကြီး အဖြစ် ပြည်သုလူထုလက်ခံလာနိုင်တော့မည်ဖြစ်ကြောင်း၊ ယခုနိုင်ငံခြားသို့ဆေးကုသရန် သွားရောက်နေရသည့် လူနာများ နိုင်ငံခြားသို့သွားရောက်ရန်မလိုအပ်တော့ဘဲ မိမိနိုင်ငံမှာတင် နိုင်ငံတကာစံနှုန်းနှင့်အညီ ဆေးကုသနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
Chit Chit Khaing






























