/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကင်ဆာကုထုံး-အတွေးစုံ၊-အမြင်စုံ-အပိုင်း-2

ကင်ဆာကုထုံး အတွေးစုံ၊ အမြင်စုံ (အပိုင်း - 2)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကအဆက်ပါ။ ရင်သားကင်ဆာမှာ DCIS အဖြေထွက်တဲ့ အသက် 54 နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးအတွက် ကင်ဆာဆရာ၀န်များရဲ့ ကုသမှုအမြင်လေးတွေကို ဆက်လက်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ မခွဲမစိတ်ဘဲ အနီးကပ်စောင့်ကြည့်မည်။ (ဒေါက်တာလော်ရာ- Laura Esserman, (ရင်သားကင်ဆာ ခွဲစိတ်ပါမောက္ခ)

 

          ပထမအရေးကြီးဆုံးတစ်ချက်ကတော့ ဒက်ဘီရဲ့ DCIS ပြဿနာဟာ သေရေးရှင်ရေး ချက်ချင်းအရေး ယူဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ပါ။ ကျွန်မတို့ စဉ်းစားကြရမှာက ဒက်ဘီ့အတွက် တစ်ချိန်မှာ ရင်သားကင်ဆာဖြစ်မလာအောင် ဘယ်လိုကာကွယ်တားဆီးကြမလဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ ဒက်ဘီရဲ့ အသားစအဖြေထဲမှာကိုက သူ့ရဲ့ DCIS ပြဿနာဟာ Low grade လို့ ဖော်ပြထားပြီးသားဖြစ်ပါတယ်။ ဒက်ဘီ့မှာ ဖြစ်နေတဲ့ အခုပြဿနာဟာကင်ဆာရောဂါမဟုတ်ပါလို့ အရင်ဆုံးပြောချင်ပါတယ်။

 

          ဒက်ဘီ့ကို ကျွန်မအရင်ဆုံး ရှင်းပြလိုတာကတော့ ရင်သားကင်ဆာဆိုတာနဲ့ Low grade DCIS ဆိုတာ လုံး၀မတူပါ။ DCIS များရဲ့ သဘောသဘာ၀ ကြီးထွားလာမယ်ဆ်ိုရင်တောင် အလွန်နှေးကွေးတဲ့ အရှိန်နဲ့ ကြီးထွားကြတာဖြစ်ပါတယ်။ ဒီတော့ ဒက်ဘီရဲက DCIS က ကင်ဆာအဖြစ်ပြောင်းလဲသွားမယ်ဆိုရင်တောင် လက်ရှိကုသမှုနဲ့ လုံး၀ပျောက်ကင်းသွားမှာဖြစ်ပါတယ်။ လက်ရှိကုသမှုဆိုရာမှာ ရင်သားထဲက ကင်ဆာကျိတ်လေးကိုပဲ ခွဲထုတ်လိုက်ပြီး ဟော်မုန်းဆေးတွေကျေွးတာကို ပြောတာပါ။

 

          သည်နေရာမှာ ကျွန်မရဲ့ယူဆချက်ကတော့ ရင်သားအကျိတ်လေးခွဲထုတ်ပြီး ဟော်မုန်းသောက်ရင် လုံလောက် ပါပြီ။ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဆက်လက်ကုသစရာ မလိုတော့ပါ။ ဘာဖြစ်လို့ပြောရလဲဆိုတော့ လက်တွေ့စမ်းသပ် ပြီးသား သုတေသနတွေရှိနေလို့ပါ။ DCIS ဖြစ်တဲ့လူနာတွေ အကျိတ်ကိုထုတ်ပြီး ဓာတ်ရောင်ခြည်ပေးကြည့်တဲ့အခါ ထွက်လာတဲ့ ရလဒ်များအရ တခြားလူနာတွေထက်ပိုပြီးသာလွန်ကောင်းမွန်တဲ့အချက်မတွေ့လှပါ။ ဘေးထွက်ဆိုးကျိုး များနေတာကိုပဲ တွေ့ခဲ့ကြရပါတယ်။ သည်တော့ ဒက်ဘီအတွက် အမှန်တကယ်ဆုံးဖြတ်ဖို့လိုတာက ရင်သားအကျိတ် ကလေးကို ထုတ်ပစ်မလား၊ ဒါမှမဟုတ်မခွဲစိတ်ဘဲ အနီးကပ်စောင့်ကြည့်မလားဆိုတဲ့ အချက်ပါ။

 

          DCIS အသားစအဖြေထွက်လာတဲ့ အမျိုးသမီးအများစုဟာ ကင်ဆာအဖြစ်ပြောင်းလဲမသွားကြပါ။ တိတိကျကျ ပြောရမယ်ဆိုရင် DCIS ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ လူနာ၏သက်တမ်းအပေါ်မှာ တစ်စုံတစ်ရာသက်ရောက်စေမှာ မဟုတ်ပါ။ ဒက်ဘီ့အတွက် ရင်သားကင်ဆာဖြစ်လာနိုင်မှု အခြေအနေဟာ 10 နှစ်ကနေ နှစ် 20 အတွင်း ကြုံဆုံနိုင်ကောင်းရှိမယ့် အနေအထားဖြစ်ပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ ကင်ဆာဖြစ်လာမှာ မဟုတ်ပါ။

 

          သည်တော့ ဒက်ဘီ့အတွက် အသင့်တော်ဆုံး လုပ်ဆောင်ဖွယ်ရာက ရင်သားကင်ဆာကာကွယ်ရေးနည်းလမ်း များဖြစ်ပါတယ်။ သုတေသနများမှာ သက်သေပြုပြီးတဲ့အတိုင်း တစ်ရက်ကို နာရီ၀က်လေ့ကျင့်ခန်းလုပ်မယ်၊ BMI ကို 25 နဲ့အောက်မှာပဲထားပြီး ကိုယ်အလေးချိန်ကို ထိန်းမယ်၊ ဟော်မုန်းဆေးသောက်မယ်၊ ဒီလိုနည်းလမ်းများနဲ့ DCIS ကနေ ရင်သားကင်ဆာဖြစ်မလာအောင် ထိန်းရမှာဖြစ်ပါတယ်။ Endocrine ကုသမှုခေါ်တဲ့ ဟော်မုန်းဆေးများသောက် သုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို 50 ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သုတေသနများအတိအကျပေါ် ထွက်ပြီးဖြစ်ပါတယ်။

 

          ဒက်ဘီ့မှာ စိုးရိမ်နေတာလေးတွေရှိပါတယ်။ ဆေးကုသမှု မလုံလောက်ရင် နောင်တစ်ချိန်မှာ ရင်သားကင်ဆာ ဖြစ်လာမှာကို ကြောက်တယ်။ တစ်ဖက်ကလည်း ခွဲစိတ်မှုတွေ မလုပ်ချင်ဘူး။ အမှန်တော့ အကျိတ်ရှိနေတဲ့ ရင်သားတစ်ဖက်ကို ဖြတ်ထုတ်လိုက်ရင် ဒီပြဿနာက လုံး၀ရှင်းသွားမှာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာတော့ DCIS ကို ရင်သားတစ်ဖက်လုံးခွဲထုတ်လိုက်ပြီး ကုတာမျိုးတွေ ရှိနိုင်ပါတယ်။

 

          ဒက်ဘီ့လို စိုးရိမ်နေတဲ့ လူနာမျိုး၊ ရင်သားအကျိတ်ကို မခွဲစိတ်ချင်တဲ့ DCIS လူနာမျိုးတွေအတွက် ကျွန်မရဲ့ ရင်သားကင်ဆာဌာနမှာ သုတေသနပြုလုပ်နေတာရှိပါတယ်။ ပါ၀င်ချင်ရင် နာမည်စာရင်းပေးသွင်းလို့ရပါတယ်။ CALGB 40903 သုတေသနလို့ အမည်ရပါတယ်။ အဲဒီသုတေသနမှာပါ၀င်တဲ့ လူနာတွေကို ပထမဆုံးရင်သားသံလိုက် စက်ကွင်း ဓာတ်မှန် (MRI) ရိုက်ပါတယ်။ baseline scan ခေါ်တာပေါ့။ ရောဂါနောက်ခံအခြေအနေ၊ ကင်ဆာပျံ့နှံ့မှု ရှိ/မရှိ ကြည့်ထားတာပေါ့။ MRI ရိုက်ပြီးတာနဲ့ ဟော်မုန်းဆေးတွေ စကျေွးပါတယ်။ ရင်သားအကျိတ်ကို မခွဲစိတ်ပါဘူး။ ဟော်မုန်းဆေးသောက်ပြီး သုံးလတစ်ကြိမ်နဲ့ နှစ်ခါတိတိ ရင်သားကို သံလိုက်စက်ကွင်းဓာတ်မှန်ပြန်ရိုက်ပါတယ်။

 

          ရင်သားမှာ ရှိနေတဲ့ အကျိတ်ကလေးသေးသွားတယ်၊ ပျောက်သွားတယ်ဆိုရင် ဒက်ဘီတို့လို DCIS လူနာအဖို့ အကျိတ်ကို ခွဲစိတ်စရာမလိုတော့ဘူးပေါ့။ ဟော်မုန်းဆေးကိုပဲ 5 နှစ်အနည်းဆုံး ဆက်လက်သောက်သုံးနေရင် ရပါပြီ။ ရင်သားဓာတ်မှန်ကိုတော့ တစ်နှစ်တစ်ကြိမ် ဆက်လက်ရိုက်ပြီး စစ်ဆေးနေရမှာဖြစ်ပါတယ်။

 

          နောက်ထပ်တစ်နည်းရှိပါသေးတယ်။ ကယ်လဖိုးနီးယား တက္ကသိုလ်မှာ မော်လီကျူးစစ်ဆေးနည်းသစ် တစ်ခု ရှိပါတယ်။ Oncotype DCIS နည်းပညာလို့ခေါ်ပါတယ်။ ဒက်ဘီ့မှာ ဖြစ်သလို DCIS တွေရဲ့ ပြင်းထန်မှုအဆင့်ကို ပိုပြီး တိတိကျကျဖော်ထုတ်ပေးနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ အဲဒီအဖြေတွေကိုကြည့်ပြီး ရင်သားအကျိတ်ကို ထုတ်ပစ် သင့်သလား၊ ဟော်မုန်းဆေးထဲက ဘယ်ဆေးကို ရွေးချယ်ရမလဲ၊ ဒါမှမဟုတ် အကျိတ်ကိုမထုတ်ဘဲ ဟော်မုန်းဆေးသောက်ရုံနဲ့ လုံလောက်ပြီလား စသဖြင့် ပိုပြီးတိတိကျကျ ခန့်မှန်းလို့ရပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးကတော့ DCIS အခြေအနေမှာ မလိုအပ်တဲ့ကုထုံးလို့ပဲ ပြောချင်ပါတယ်။

 

          ဒက်ဘီ့လို ရင်သားမှာ DCIS ပြဿနာဖြစ်နေတဲ့ လူနာများကို အားပေးလိုတာကတော့ DCIS သည် အရေးပေါ်အခြေအနေမဟုတ်ပါ။ အရင်က DCIS ဆို်ရင် ရင်သားအကျိတ်ကိုသာမက ရင်သားတစ်ခုလုံးကို ခွဲစိတ်ထုတ်ပစ် ရတာမျိုးတွေရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ခွဲစိတ်ကုသမှုကို တတ်နိုင်သမျှ ရှောင်ရှားစောင့်ဆိုင်းပြီး စိတ်ချလက်ချ စောင့်ကြည့်နေနိုင်တဲ့ နည်းလမ်းတွေပေါ်ထွက်နေပြီဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ သုတေသနများမှာ ၀င်ရောက်စာရင်းပေးသွင်းပါ၀င်ပြီး ကိုယ့်ရင်သားကျန်းမာရေးကို အနီးကပ်စောင့်ကြည့်နိုင်ကြပြီဖြစ်ပါတယ်။

 

          ဒက်ဘီ့အတွက်လည်း သူ့ရဲ့ DCIS ပြဿနာအတွက် အကောင်းဆုံးကုထုံးကို ရွေးချယ်စဉ်းစားနိုင်ဖို့ အချိန် အများကြီးရပါတယ်လို့ အကြံပေးလိုက်ရပါတယ်။

 

=======

 

ပြီးခဲ့တဲ့ အပတ်က အဆက်ပါ။  ရင်သားကင်ဆာမှာ DCIS အဖြေထွက်တဲ့ အသက် 54 နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦးအတွက် ကင်ဆာဆရာ၀န်များရဲ့ ကုသမှုအမြင်လေးတွေကို ဆက်လက်ဖော်ပြ ပေးခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတုန်းကတော့ DCIS ကို မခွဲမစိတ်၊ ဓာတ်ရောင်ခြည်မပေးဘဲ ဟော်မုန်းဆေးနဲ့ပဲ ကုသမယ်လို့ ဆိုတဲ့ကင်ဆာဆရာ၀န်ကြီးတစ်ယောက်ရဲ့ အမြင်ကိုဖော်ပြခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ DCIS ဆိုရင် အကျိတ်ကို ထုတ်ကို ထုတ်ပစ်ရမယ်၊ ပြီးမှ ဓာတ်ရောင်ခြည်ပေးဖို့ စဉ်းစားမယ်ဆိုတဲ့ ကင်ဆာဆရာ၀န်ကြီးတစ်ဦးရဲ့ အမြင်ကို ဆက်လက်ဖော်ပြ လိုက်ပါတယ်။ လေ့လာကြည့်ကြပါဦး။

 

ရင်သားအကျိတ်ကို ထုတ်ပစ်ပြီး ဓာတ်ရောင်ခြည်ပေးသင့်၊ မသင့်ဆက်လက်စဉ်းစားလုပ်ဆောင်မည် (ဒေါက်တာ မော်နီ ကာ၊ ရင်သားကင်ဆာခွဲစိတ်ကုသမှုဌာနမှူး)

        လက်ရှိကျန်းမာရေး အခြေအနေဒေါင်ဒေါင်မြည်ကောင်းမွန်နေတဲ့ အသက် 54 နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအတွက် ရင်သားကင်ဆာဖြစ်လာနိုင်ချေရှိတဲ့ DCIS အသားစ အဖြေထွက်လာတဲ့အခါ မခွဲမစိတ်ဘဲ အနီးကပ် စောင့်ကြည့်ဖို့ဆိုတာဟာ ကျွန်မအတွက်တော့ လက်မခံနိုင်တဲ့ အခြေအနေပါ။ နိုင်ငံပေါင်းစုံက အမျိုးသမီးလူနာ 1385 ယောက် ပါ၀င်တဲ့ ရင်သားကင်ဆာ သုတေသနတစ်ခုရှိပါတယ်။ အဲဒီအမျိုးသမီးတွေဟာ ရင်သားအကျိတ်ကို အ၀ကျယ်အပ်နဲ့ အသားစအဖြေယူပြီး DCIS လို့ အဖြေထွက်လာကြသူတွေ ဖြစ်ပါတယ်။ ထိုအမျိုးသမီးများရဲ့ 20 ရာခိုင်နှုန်းဟာ အသားစယူတဲ့ အပ်ထဲမှာ မပါသွားလို့ ရင်သားကင်ဆာကို မသိလိုက်ကြရတာဖြစ်နိုင်တယ်ဆိုတဲ့ အဖြေထွက်လာသော သုတေသနပါ။

 

          သဘောကတော့ အသားစယူတဲ့ အဖြေဟာ 20 ရာခိုင်နှုန်းမှားနေနိုင်တယ်ပေါ့။ ကင်ဆာရှိနေတဲ့ အကျိတ် နေရာကို အသားစမယူမိဘဲ အခြားနေရာကယူမိလို့ အဖြေလွဲမှားသွားနိုင်တယ်ပေါ့။ သည်လောက် အမှားများနိုင်တဲ့ အခြေအနေမျိုးမှာ DCIS လူနာများတွက် ပြင်ပလူနာအခြေအနေနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ ရင်သားအကျိတ်ခွဲ ထုတ်ပစ်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကုသမှုလို့ ကျွန်မယုံကြည်ပါတယ်။ ရင်သားထဲက အကျိတ်ကလေးကို ထုတ်ပစ်တာမို့ ဘေးထွက်ဆိုးကျိုးလည်း အလွန်နည်းပါးတာဖြစ်ပါတယ်။

 

          အကျိတ်ကလေးကို ထုတ်ပြီးမှ အသားစကိုပြန်စစ်၊ အဲဒီအခါမှာ DCIS လို့ သေချာတော့မှ လိုအပ်တဲ့ကုသမှု တွေကို စိတ်ချလက်ချလုပ်လို့ရပါသေးတယ်။ လူနာအများစုဟာ DCIS နဲ့ ပတ်သက်လာရင် အစိုးရိမ်လွန်တတ်ကြတာ ဖြစ်လို့ ကင်ဆာဆရာ၀န်များအနေနဲ့ DCIS လူနာများကို အချိန်ပေးပြီး ဆွေးနွေးရှင်းပြဖို့လိုအပ်ပါတယ်။ သည်နေရာမှာ အကျိတ်လေးထုတ်ရုံထုတ်ပြီး ကျန်ရစ်ခဲ့တဲ့ ရင်သားကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ ဆက်လက်ကုသဖို့ လို၊ မလို ဆက်လက်ဆွေးနွေးပါ့မယ်။

 

          အချိန် 12 နှစ်ကြာမြင့်ပြီး လူနာပေါင်း 5194 ဦး ပါ၀င်တဲ့ ECOG အမည်ရ သုတေသနတစ်ခုရှိပါတယ်။ 2.5 စင်တီမီတာအောက် သေးငယ်တဲ့ ရင်သားအကျိတ်လေးတွေကို ခွဲထုတ်ရုံခွဲထုတ်ပြီး 12 နှစ်ကြာ စောင့်ကြည့်တဲ့အခါ ကင်ဆာအဖြစ် ပြောင်းလဲသွားတဲ့နှုန်းက 14.4 ရာခိုင်နှုန်းရှိနေတယ်ဆိုတဲ့ အဖြေထွက်ခဲ့တဲ့သုတေသနဖြစ်ပါတယ်။ တစ်ဖက်ကလည်း 2.5 စင်တီမီတာ အကိျတ်ရှိတဲ့ DCIS လူနာတွေကို ခွဲစိတ်ထုတ်ပစ်ပြီး ဓာတ်ရောင်ခြည်ပေးကြည့် တဲ့အခါ နောင် 7 နှစ်အကြာ ကင်ဆာပြန်ဖြစ်နှုန်း 6.7 ရာခိုင်နှုန်းကနေ 0.9 ရာခိုင်နှုန်း အထိသာရှိနေတာကိုတွေ့ကြ ရပါတယ်။

 

          DCIS လူနာများမှာ အကျိတ်ကို ခွဲစိတ်ထုတ်ပစ်ပြီး ဓာတ်ရောင်ခြည်ပေးခြင်းဟာ ဓာတ်ရောင်ခြည်နဲ့မကုတဲ့ တခြားသော DCIS လူနာများနဲ့ အသက်ရှည်မှုနှုန်း ကွာဟချက် မရှိဘူးဆိုတာတော့မှန်ပါတယ်။ ဓာတ်ရောင်ခြည်ပေး လိုက်လို့ အသက်ပိုရှည်လာမှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဓာတ်ရောင်ခြည်ပေးလိုက်ခြင်းအားဖြင့်တော့ DCIS လူနာများမှာ ကင်ဆာပြန်ဖြစ်လာနှုန်း သိသာစွာကျဆင်းတာကိုတော့ သိသိသာသာ တွေ့ရပါပြီ။ တစ်ဖက်မှာလည်း မူလကင်ဆာဖြစ်တဲ့နေရာမှာ ကင်ဆာပြန်ကြွလာခြင်းဟာ ရင်သားကင်ဆာကြောင့် သေဆုံးမှုကို မြင့်တက်စေနိုင်တယ် ဆိုတဲ့ သုတေသနများလည်းရှိနေပါတယ်။

 

          လက်ရှိဗြိတိန်နိုင်ငံမှာ ပြုလုပ်နေတဲ့ DCIS သုတေသနတစ်ခုရှိပါတယ်။ အသက် 46 နှစ်ထက်ကြီးတဲ့ အမျိုးသမီး DCIS လူနာများပါ၀င်တဲ့ သုတေသနပါ။ ပုံမှန်ရင်သားဓာတ်မှန် တစ်နှစ်တစ်ကြိမ်ရိုက်နေရာက မသင်္ကာ စရာတွေ့လာတာနဲ့ အသားစယူ၊ DCIS ဆိုတာနဲ့ အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ တစ်စုကတော့ ရင်သားအကျိတ်ကို ခွဲထုတ်လိုက်တယ်။ ကျန်အုပ်စုကတော့ အကျိတ်ကို ခွဲမထုတ်ဘဲစောင့်ကြည့်တဲ့ အုပ်စုပါ။ နောက် 5 နှစ်ကြာတဲ့အခါ အဆိုပါ အုပ်စုနှစ်စုအကြား ရင်သားကင်ဆာ ဘယ်နှယောက်ဖြစ်လာမလဲ၊ ဘယ်အုပ်စုမှာ ပိုဖြစ်မလဲ။ အဲဒီရလဒ် တွေကိုကြည့်ပြီးတော့မှ DCIS လူနာတွေကို အကျိတ်မထုတ်ဘဲ စောင့်ကြည့်သင့်၊ မသင့်ဆုံးဖြတ်သင့်တယ်လို့ယူဆပါတယ်။

 

          လောလောဆယ်အထိကတော့ ကျွန်မရဲ့ သဘောထားက DCIS ဆိုတာနဲ့ ရင်သားအကျိတ်ကို ထုတ်ကိုထုတ် ပစ်သင့်တယ်။ နောက်မှ ရင်သားဓာတ်မှန်ပေး၊ မပေးဆိုတာကို လူနာနဲ့တိုင်ပင်ပြီး ဆက်လက်စဉ်းစားရမယ်လို့ ပြောချင် ပါတယ်။ အထူးသဖြင့် ကျန်းမာရေးအလွန်ကောင်းမွန်ပြီး နောင်နှစ်ပေါင်းများစွာ အသက်ရှည်မယ့် အမျိုးသမီးများအတွက် DCIS ပြဿနာကို စောင့်ကြည့်ပြီး တာရှည်မွေးမြူ မထားသင့်ဘူးလို့ အကြံပြုလိုက်ပါရစေ။

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 26+28, 23- 3- 2016