ကင်ဆာရောဂါ ခွဲစိတ်ကုသရာ
“ကင်ဆာရောဂါခွဲစိတ်ကုသရာ” ဆိုပြီး ဘာများကွန့်ဦးမှာလဲဆိုပြီး ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတစ်ဦးက ခနဲ့ လာပါတယ်။ ခွဲစိတ်တာခြင်းအတူတူ သာမန်ရောဂါတွေမှာ ခွဲစိတ်တာနဲ့ ကင်ဆာရောဂါမှာ ခွဲစိတ်တာ ဘာများထူးခြားမှုရှိလို့လဲ၊ ခွဲစိတ်ခန်းထဲမှာ မေ့ဆေးဆရာ၀န်၊ လက်ထောက်ဆရာ၀န်၊ သူနာပြုတွေနဲ့ ခွဲစိတ်ကြတာအတူတူပဲ မဟုတ်လားဆိုပြီး မေးလာပါတယ်။ ပြီးတော့ ကင်ဆာရောဂါတိုင်းမှာရော ခွဲစိတ်ကြတာ ပဲလားတဲ့၊ ဒီကင်ဆာဖြစ်နေ တဲ့ လူနာကိုခွဲစိတ်ရာမှာ ကင်ဆာရောဂါကိုပဲ အဓိကမူတည်ဆုံးဖြတ် ပါသလားဆိုပြီး ထပ်သိချင်လာပါတယ်။ သူ့ ဒီမေးခွန်းတွေကို ဖြေကြားပေးတာဟာ ကင်ဆာရောဂါခွဲစိတ်ရာမှာ ဘာတွေကို အဓိကအလေးပေးစဉ်းစားကြရတယ်။ ဘယ်လိုခွဲစိတ်ကြတယ်ဆိုတာတွေကို ထိုက်သင့်သလောက် သိကြမှာဖြစ်ပါတယ်။
တကယ်တော့ ကင်ဆာရောဂါတိုင်းမှာ ခွဲစိတ်ကုသကြတာမဟုတ်ပါဘူး။ ကင်ဆာဟာ ခန္ဓာအစိတ်အပိုင်း တစ်ခုမှာပဲရှိနေပြီး အဲဒီအင်္ဂါအစိတ်အပိုင်းကို ခွဲစိတ်ထုတ်ပစ်လို့ရပါက ခွဲစိတ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ကင်ဆာဟာ သွေးကင်ဆာ (Leukaemia) လိုဖြစ်ကာ တစ်ကိုယ်လုံး ပျံ့နှံ့နေတဲ့အခါမှာ ခွဲစိတ်ကုသမှုကို မလုပ်ကြတော့ပါဘူး။ ဒီကင်ဆာက ပဋိဇီ၀ဆဲလ်တွေကို သုတ်သင်နိုင်တဲ့ဆေးဝါးတွေပေးပြီး ကုသပေးကြပါတယ်။ အလားတူပဲ တချို့ကင်ဆာတွေဟာ ဆေးတွေနဲ့ ကုသတဲ့အခါ ဆေးနဲ့ ဓာတ်ရောင်ခြည်ပေါင်းပြီး ကုသပေးတဲ့အခါမှာ လုံး၀ ပျောက်ကင်းနိုင်ပါတယ်။ ဥပမာအားဖြင့် ပြန်ရည်ကျိတ် (Lymphnode) မှာဖြစ်တဲ့ Lymphoma ကင်ဆာတွေမှာလည်း ခွဲစိတ်ပြီး ကုသတာကို မလုပ်ကြပါဘူး။ ဒါပေမယ့် ဒီရောဂါကို သိရှိဖို့ ပြန်ရည်ကျိတ်ကို ထုတ်ယူစစ်ဆေးရာ မှာတော့ ခွဲစိတ်ခြင်းပြုကြရပါတယ်။ ရောဂါကို အသေအချာသိမှာပဲ ဘယ်လိုကုသပေးရမလဲဆိုတာ သမားတော်တွေက သုံးသပ်ဆုံးဖြတ်ကြရတာဖြစ်ပါတယ်။
ကင်ဆာဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းကို ခွဲစိတ်ကုသရာမှာတော့ သာမန်ရောဂါကို ခွဲစိတ်ကုသတာနဲ့ခြား နားတတ်ပါတယ်။ ရောဂါဖြစ်စ Carcinoma Insitu နဲ့ Stage l အဆင့်တွေမှာ ရောဂါဟာ ဒီအင်္ဂါအစိတ်အပိုင်း တွင်းမှာပဲ ရှိနေတာမို့ ဒီအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ပြီး လိုအပ်တဲ့အခါမှာ ကင်ဆာဆေးတွေ သွင်းပေးတာ၊ ဓာတ်ရောင်ခြည်ကုသမှုတွေ ထပ်ပေးတာလုပ်ကြရပါတယ်။ အူအတက်ရောင်တာတို့၊ သည်းခြေအိတ်ကျောက်တည် ရောင်ရမ်းတာတို့မှာတော့ ဒီအင်္ဂါအစိတ်အပိုင်းတွေကို ခွဲစိတ်ဖြတ်ထုတ်ပေးတာနဲ့တင် လုံလောက်ပါတယ်။ ကင်ဆာရောဂါမှာတော့ ခွဲစိတ်ထုတ်ပြီးတဲ့ အစိတ်အပိုင်းကို ပြန်စစ်ဆေးပြီးလိုအပ်တဲ့ ကုသမှုအမျိုးအစားတွေထပ် ဖြည့်ပေးရပါတယ်။
ကင်ဆာရောဂါဟာ ပတ်၀န်းကျင် ခန္ဓာအစိတ်အပိုင်းတွေကို တိုး၀င်ပျံ့နှံ့သလို သွေးကြောပြန်ရည်ပြွန်တွေ ကတစ်ဆင့် ပြန်ရည်ကျိတ်တွေနဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပျံ့နှံ့အမြစ်တွယ်ပွားများတတ်လို့ ဒီပြန်ရည် ကျိတ်တွေကိုပါ ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်းနဲ့အတူ တစ်ပေါင်းတစ်စည်းတည်း ထုတ်ပစ်တဲ့ ခွဲစိတ်ကုသမှု Block Direction သို့မဟုတ် Radical Surgery လုပ်ပြီး ခွဲစိတ်ပေးရပါတယ်။ ရောဂါဖြစ်နေတဲ့ အင်္ဂါအစိတ်အပိုင်း ကို ခွဲစိတ်ထုတ်ပစ်ရုံနဲ့ မလုံလောက်ပါဘူး။ ပိုပြီးကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် ခွဲစိတ်ထုတ်ပစ်ရတာမို့ ကင်ဆာရောဂါခွဲစိတ်ကုသရတာဟာ ပိုပြီးကြီးမားပြင်းထန်လို့ အန္တရာယ်လည်း ပိုများတတ်ပါတယ်။ သာမန်ရင် သားအကျိတ်မှာ ဒီအလုံးအကျိတ်ကို ခွဲစိတ်ထုတ်ပစ်တာ လုံလောက်ပေမယ့် ကင်ဆာဖြစ်စနဲ့ အဆင့် (1) ကင်ဆာတွေမှာတော့ ရင်သားတစ်ခုလုံးကို ဖြတ်ထုတ်ပေးကြရပါတယ်။ ဒါပေမယ့် လူနာကသဘောတူလက်မခံပါက ရင်သားကင်ဆာအကျိတ်ကို ဖြတ်ထုတ်ပေးပြီး ကျန်ရှိနေနိုင်သေးတဲ့ ကင်ဆာအမြစ်တွေကိုတော့ ဆေးဝါး သို့မဟုတ် ဆေးဝါး+ဓာတ်ရောင်ခြည်နဲ့ ကုသပေးရပါတယ်။ ခွဲစိတ်ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ ဒီကင်ဆာဟာ ဟော်မုန်းဓာတ်ကို အားထားနေရတဲ့ ER, PR (Estrogen နဲ့ Progesterone Receptor တွေ Positive ဖြစ်ပါက Hormonal Therapy ပါ ပေးရပါတယ်။
ချိုင်းထဲက ပြန်ရည်ကျိတ်တွေမှာပါ ကင်ဆာရောဂါပျံ့နှံ့နေတဲ့အဆင့် (2) ကင်ဆာမှာတော့ ရင်သားတစ်ခုလုံးကို ခွဲစိတ်ထုတ်ပစ်ရုံနဲ့ မလုံလောက်ဘဲ ချိုင်းထဲက အကျိတ်အဖုတွေကိုပါ တတ်နိုင်သမျှ အကုန်ထုတ်ပြီး ဓာတ်ရောင်ခြည်နဲ့ ကုသတာ၊ ဆေးဝါးနဲ့ ကုသမှုတွေကို ပိုပြုလုပ်ပေးကြရပါတယ်။ HERS 2 Positive ဖြစ်တဲ့ ဖျက်အား ကောင်းတဲ့ ကင်ဆာအမျိုးအစားတွေမှာတော့ ပိုပြီးအားပြင်းတဲ့ Monoclonal anticancer drug တွေဖြစ်တဲ့ Herceptin ဆေးတွေကိုပါပေးကြရပါတယ်။ ဒီအခါမှာတော့ ခွဲစိတ်ရတာ ပိုပြီးပြင်းထန်လို့ လူနာအတွက်ပိုပြီး အန္တရာယ်များလှပါတယ်။ ဒီလိုမဖြစ်စေဖို့တော့ ရင်သားမှာ အကျိတ်အဖုတွေတွေ့ခြင်း၊ သက်ဆိုင်ရာ ခွဲစိတ်ကုသမားတော်နဲ့ ပြသကုသမှုခံယူခြင်းဖြင့် ရောဂါအဆင့်နုစဉ်မှာ ကြီးကြီးကျယ်ကျယ် မခွဲစိတ်ရဘဲ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ အလားတူပဲ အခြားအင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်နေပါက စောစောစီးစီးပြသစစ်ဆေးပြီး ကုသမှုခံယူခြင်းဖြင့် သက်တမ်းစေ့အသက်ရှင်သန်နိုင်ကြပါတယ်။ လည်ပင်းအကျိတ်တွေ၊ အဆုတ်အသည်းအရိုး စတာတွေမှာ ကင်ဆာပျံ့နှံ့အမြစ်တွယ်နေရင်တော့ ရောဂါအဆင့်ရင့်တဲ့ အဆင့် (3) - အဆင့် (4) သို့ရောက်နေလို့ ပျောက်ကင်းအောင် ခွဲစိတ်ကုသဖို့ မလွယ်တော့ပါဘူး။ တချို့လူနာတွေမှာတော့ ခွဲစိတ်ထုတ်ပစ်ဖို့ပင် မလွယ်တော့တာမို့ အကျိတ်အဖုသေးငယ်ပြီး တွယ်ကပ်နေမှု လျော့သွားစေဖို့ Neoadjuvant ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်းများပြုလုပ်ပြီးမှ ခွဲစိတ်ပေးရပါတယ်။ ဒီအခြေအနေမှာတော့ ရောဂါစင်အောင် Radical Surgery မလုပ်တော့ဘဲ ရောဂါသက်သာရုံ Palliative Surgery သို့မဟုတ် ရောဂါအစိုင်အခဲ သေးငယ်သွားစေဖို့ Debulking Operation ကို သာလုပ်ပေးကြရပါတယ်။ ၎င်းအပြင် တတ်နိုင်သမျှလူနာ အသက်ရှင်သန်ပြီး ခံစားရမှုနည်းပါးစေဖို့ပဲ အဓိကရည်မှန်းကုသပေးကြရပါတယ်။ ဒီလိုကုသပေးခြင်းမျိုးကိုတော့ ရောဂါအဆင့်မြင့်ပြီး အားလုံးကို ခွဲစိတ်ထုတ်ပစ်လို့မရနိုင်တဲ့ လူနာတွေ၊ ရောဂါအဆင့်မမြင့်ပေမယ့် ပူးတွဲရှိနေတဲ့ အခြားရောဂါများကြောင့် လူနာမှာကြီးမားတဲ့ ခွဲစိတ်ကုသမှုကို မခံနိုင်တဲ့အခါတွေမှာ ဆောင်ရွက်ပေးကြရပါတယ်။
ဒါကြောင့် ကင်ဆာရောဂါမှာ ရောဂါရဲ့အမျိုးအစား၊ အဆင့်တွေကို အဓိကထားစဉ်းစားကြပေမယ့်လူနာရဲ့ ပကတိ ကျန်းမာရေးအခြေအနေကိုလည်း အလေးထားကြရပါတယ်ဆိုတာ သိစေလိုပါတယ်။ ဆိုလိုတာက ကင်ဆာရောဂါကို ခွဲစိတ်ကုသရာမှာ ရောဂါ အမျိုးအစား၊ ရောဂါအဆင့်နဲ့ လူနာ၏ အခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ပြီးမှ ပျားလည်းစွဲနိုင်စေ၊ ရှဥ့်လည်းလျှောက်သာစေဆိုသလို လူနာခံနိုင်မည့် ရောဂါပျောက်ကင်းစေနိုင်မည့် ခွဲစိတ်ကုသမှုမျိုးကို လူနာအတွက် ဦးထိပ်ပန်စဉ်းစားပြီး ဆောင်ရွက်ပေးကြရပါတယ်ဆိုတာ သိထားခြင်းဖြင့် ခွဲစိတ်ကုသနည်းများကို ကွဲပြားခြားနားမှုရှိနိုင်ပါတယ်ဆိုတာကို သိစေချင်ပါကြောင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။
Credit; ပါမောက္ခမြသိန်းဟန် (ခွဲစိတ်အထူးကုသမားတော်ကြီး)
Health Digest Journal (No. 27)















