ကမ်ဘာ့အနှံ့ပျံ့နှံ့နေသော မကူးစက်တတ်သည့်ရောဂါ DIABETES (ဆီးချိုသွေးချို ထိန်းသောဆေးများသောက်ခြင်း)
ဆီးချိုသွေးချိုထိန်းသောဆေးများ သောက်ခြင်း
ဆီးချိုသွေးချိုသည် နာတာရှည်ရောဂါဖြစ်သည့်အားလျော်စွာ ဆီးချိုသွေးချိုထိန်းသော ဆေးများအား ဆရာ၀န် ညွှန်ကြားထားသည့်အတိုင်း အချိန်မှန်မှန်သောက်ရန် လိုအပ်ပါသည်။ သို့မှသာ ဆေးအာနိသင်ရ၍ သွေးချိုဓာတ် ပမာဏကို ထိန်းထားနိုင်မည်ဖြစ်သည်။
အင်ဆူလင်ထိုးခြင်း
အင်ဆူလင်ထိုးရန် လိုအပ်သောအခြေအနေများမှာ -
- အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ
- အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါတွင် သောက်ဆေးများဖြင့် သွေးအတွင်းအချိုဓာတ်ပမာဏမထိန်းနိုင်တော့ခြင်း
- ကိုယ်၀န်ဆောင်မိခင်များတွင် ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း
- အရေးပေါ်ခွဲစိတ်မှုခံယူချိန်တွင် သွေးချိုတက်နေခြင်း
အင်ဆူလင်ထိုးခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ ၎င်းတို့မှာ -
- သွေးအတွင်းရှိ အချိုဓာတ်ပမာဏကို ထိန်းညှိပေးခြင်း
- ဆီးချိုသွေးချို၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော မျက်စိထိခိုက်မှုအန္တရာယ်အား ၇၅ ရာခိုင်နှုန်း ကျဆင်းစေခြင်း
- ဆီးချိုသွေးချို၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော အာရုံကြောထိခိုက်မှုအန္တရာယ်အား ၆၀ ရာခိုင်နှုန်းကျဆင်းစေခြင်း
- ဆီးချိုသွေးချို၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သော ကျောက်ကပ်ပျက်စီးမှုအန္တရာယ်အား ၅၀ ရာခိုင်နှုန်း ကျဆင်းစေခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဆရာ၀န်မှ အင်ဆူလင်ထိုးရန် လိုအပ်သည်ဟု အကြံပေးလျှင် သေချာလိုက် နာရန်သင့်ပါသည်။
အင်ဆူလင် အမျိုးအစားများ
အင်ဆူလင် (အကြည်)
အာနိသင်ပြချိန် - ၃၀ မိနစ်မှ ၆ နာရီ
အင်ဆူလင် (အနောက်)
အာနိသင်ပြချိန် - ၂ နာရီမှ ၁၂ နာရီ
အင်ဆူလင် (အရော)
အာနိသင်ပြချိန် - ၃၀ မိနစ်မှ ၁၂ နာရီ
လိုက်နာသင့်သည့်အချက်များ
- အင်ဆူလင်ဆေးပုလင်းအား အေးသောနေရာ၌ ထားရမည်။
- အအေးဓာတ်များလွန်သောနေရာများ (ဥပမာ - အေးခဲစေသောနေရာ) မှ ရှောင်ကြဉ်ရမည်။
- နေရောင်တိုက်ရိုက်ကျသောနေရာများ၊ ပူလွန်းသော နေရာများမှ ရှောင်ကြဉ်ရမည်။
- အင်ဆူလင်ဆေးအား စနစ်ကျစွာ ထိုးရမည်။
- အင်ဆူလင်ဆေးပုလင်းကို ဆေးမစုပ်မီ လက်ထဲ၌ အကြိမ်ကြိမ်လှိမ့်ပါ။
- ဆေးပုလင်းမှ အဖုံးကိုဖယ်ရှားပါ။
- ဆေးထိုးအပ်မှ အဖုံးကို ဖယ်ရှားပါ။
- မိမိထိုးရမည့် အင်ဆူလင်ယူနစ်အတိုင်း ဆေးထိုးအပ်ထဲသို့ လေကိုစုပ်ယူပါ။
- စုပ်ယူထားသောလေကို အင်ဆူလင်ဆေးပုလင်းထဲသို့ ထိုးသွင်းပါ။
- ပြီးလျှင် မိမိထိုးရမည့် အင်ဆူလင်ပမာဏကို စုပ်ယူပါ။
- ဆေးစုပ်ထားသော အင်ဆူလင်ထိုးမည့်အပ်အား အရေပြားအောက် အဆီပြင်အတွင်းသို့ ၄၅ ဒီဂရီ (သို့မဟုတ်) ၉၀ ဒီဂရီထား၍ ထိုးရမည်။
- အရေပြားကို အပေါ်ယံရှပ်ထိုးခြင်း မပြုရပါ။
- အင်ဆူလင်ဆေးထိုးရမည့်နေရာများမှာ လက်မောင်း၊ ၀မ်းဗိုက်၊ ပေါင်တို့ဖြစ်ပါသည်။
- အင်ဆူလင်ထိုးဆေးသည် သွေးချိုကျစေသောအန္တရာယ်ရှိသောကြောင့် အစားအစာများအား အချိန်မှန်မှန်၊ ပမာဏ မှန်မှန်စားရမည်။ တစ်ရက်လျှင် ၆ ကြိမ် ခွဲ၍စားပါ။
လိုအပ်သည်များ ပုံမှန်စစ်ဆေးခြင်း
1) သွေးအတွင်း အချိုဓာတ်ပမာဏအား စစ်ဆေးခြင်း
ဆီးချိုသွေးချိုေ၀ဒနာရှင်များအနေနှင့် လက်ထိပ်သွေးဖောက်စစ်ရသော သွေးချိုတိုင်းစက်ကလေးများဆောင် ထားသင့်ပါသည်။ သို့မှသာ လိုအပ်သည့်အချိန်တွင် အဆင်ပြေစွာဖြင့် သွေးချိုဖောက်စစ်နိုင်မည်။ လက်ထိပ်သွေး ဖောက်စစ်ရာတွင် နည်းလမ်းမှန်ကန်မှုရှိမှသာ မှန်ကန်သော အဖြေကိုရရှိနိုင်ပေမည်။
- သွေးဖောက်မည့် လက်ချောင်းထိပ်အား အရက်ပြန်ဆွတ်ထားသော ဂွမ်းဖြင့်သုတ်ပါ။ အရက်ပြန်အများကြီး မထည့်ရ။
- ပြီးလျှင် လက်ထိပ်တွင် အရက်ပြန်ခြောက်ရန် အချိန်စောင့်ပါ။ (အရက်ပြန်များသွားလျှင်ဖြစ်စေ၊ အရက်ပြန်မခြောက်ခင် သွေးဖောက်မိလျှင်ဖြစ်စေ သွေးအဖြေမှားနိုင်ပါသည်)
- အရက်ပြန်ခြောက်သွားပါက အပ်ဖြင့် သွေးဖောက်ပါ။
- သွေးအနီရဲရဲထွက်လာမှ သွေးစစ်တံထဲ သွေးထည့်ပါ။ (သွေးရည်ကြည်သာ ထည့်မိပါက အဖြေမှားနိုင်ပါသည်)
- သွေးချိုအဖြေကို မှတ်ရန် သွေးချိုမှတ်တမ်းစာအုပ်ထားရှိပါ။
- ရရှိလာသော သွေးချိုအဖြေကို သွေးချိုမှတ်တမ်းစာအုပ်တွင် နေ့စွဲ၊ အချိန် (ဥပမာ - အစာမစားခင်၊ နေ့လယ်စာ စားပြီး ၂ နာရီ၊ ညအိပ်ခါနီး စသည်) နှင့် တကွချက်ချင်း ရေးမှတ်ပါ။
- ရက်လွန်သော သွေးစစ်တံများအား မသုံးရပါ။ (အဖြေမှားနိုင်ပါသည်)
သွေးချိုမှတ်တမ်းနမူနာ (၁)
နေ့စွဲ - မစားခင် | မနက်စာ - ၂ နာရီ | နေ့လယ်စာ စားပြီး - ၂ နာရီ | ညစာ စားပြီး | ညအိပ်ခါနီး |
၁၂ . ၂ . ၂၀၁၄ | ၁၂၈ |
|
|
|
၁၉ . ၂ . ၂၀၁၄ |
| ၁၆၀ |
|
|
၂၆ . ၂ . ၂၀၁၄ |
|
| ၁၅၀ |
|
၅ . ၃ . ၂၀၁၄ |
|
|
| ၁၄၀ |
သွေးချိုမှတ်တမ်းနမူနာ (၂)
နေ့စွဲ | မနက်စာ | နေ့လယ်စာ မစားခင် | ညစာ မစားခင် | ညအိပ်ရာ၀င် မစားခင် |
၇ . ၅ . ၂၀၁၄ | ၁၂၈ |
|
|
|
၁၀ . ၅ . ၂၀၁၄ |
| ၁၄၀ |
| ၁၃၀ |
၁၅ . ၅ . ၂၀၁၄ |
|
| ၁၄၂ |
|
- လက်ထိပ်သွေးချိုဖောက်စစ်ရာတွင် စစ်ရမည့်အချိန် (ဥပမာ - မနက်စာ မစားခင်၊ နေ့လယ်စာစားပြီး (၂) နာရီ၊ ညစာမစားခင် စသည်) နှင့် အကြိမ်အရေအတွက် (တစ်ပတ်လျှင် ၂ ကြိမ်၊ တစ်ပတ်လျှင် ၃ ကြိမ်၊ နေ့စဉ် ၁ ကြိမ် စသည်ဖြင့်) သည် သောက်ဆေးသုံးခြင်း၊ အင်ဆူလင်ထိုးခြင်း၊ သွေးတွင်းအချိုဓာတ်ပမာဏပေါ်မူတည်ပါသည်။
- လက်ထိပ်သွေးချိုဖောက်စစ်ရန် အချိန်နှင့်အကြိမ်အရေအတွက်အား မိမိကုသမှုခံယူနေသော ဆရာ၀န်ညွှန်ကြား သည့်အတိုင်းလိုက်နာပါ။
- ဆေးခန်းသို့ ရက်ချိန်းသွားပြလျှင် သွေးချိုမှတ်တမ်းစာအုပ်ကို မမေ့မလျော့ယူသွားပြီး အဖြေများအား ပြသပါ။
- မနက်စာမစားမီ (ည ၁၀ နာရီနောက်ပိုင်းမှစ၍ အစာမစားဘဲ နောက်တစ်နေ့ မနက်စာမစားခင် စစ်ခြင်း)
- နေ့လယ်စာစားပြီး ၂ နာရီ (ဥပမာ - နေ့လယ်စာကို နေ့လယ် ၁၂ နာရီတွင် စားပါက နေ့လယ် ၂ နာရီတွင် သွေးဖောက်စစ်ခြင်း)
- ညစာစားပြီး ၂ နာရီ (ဥပမာ - ညနေစာကို ည ၆ နာရီတွင် စားပါက ည ၈ နာရီတွင် သွေးဖောက်စစ်ခြင်း)
ရှိသင့်သည့် သွေးချိုထိန်းသိမ်းမှု ရည်မှန်းချက်များ
- မနက်စာ မစားမီ - ၉၀ မှ ၁၃၀ mg/dl
- အစာစားပြီး ၂ နာရီ - ၁၈၀ mg/dl အောက်
- အိပ်ရာမ၀င်မီ - ၁၁၀ မှ ၁၅၀ mg/dl
- အစာမစားမီ - ၁၄၀ mg/dl အောက်
သွေးအတွင်းပျမ်းမျှ ၃ လ အချိုပမာဏအား ဓာတ်ခွဲခန်းတွင် စစ်ခြင်း
HbA1C
HbA1C စစ်ခြင်းဖြင့် သွေးအတွင်း ပျမ်းမျှအချိုဓာတ်ပမာဏကို သိရှိနိုင်ပါသည်။ ဓာတ်ခွဲခန်းတွင် HbA1C ကို ၃ လမှ ၆ လ တစ်ခါ စစ်သင့်ပါသည်။ HbA1C များနေပါက သွေးချိုထိန်းညှိမှု အားနည်းနေပြီး နောက်ဆက်တွဲဆိုးကျိုးများ ၀င်လာနိုင်ပါသည်။
HbA1C ပမာဏအား ၁ ရာခိုင်နှုန်း လျှော့ချခြင်းဖြင့် -
- မျက်စိထိခိုက်မှုအား ၁၉ ရာခိုင်နှုန်း လျှော့ချနိုင်သည်
- နှလုံးထိခိုက်မှုအား ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်သည်
- ခြေထောက်ဖြတ်ရခြင်းအန္တရာယ်အား ၄၃ ရာခိုင်နှုန်းလျှော့ချနိုင်ပါသည်။
ရှိသင့်သည့် HbA1C ပမာဏမှာ - HbA1C - ၆.၅ မှ ၇ ရာခိုင်နှုန်းအောက်
သွေးပေါင်ချိန်တိုင်းခြင်း
သွေးတိုးရောဂါနှင့် ဆီးချိုသွေးတိုးရောဂါ နှစ်မျိုးလုံးရှိနေပါက သွေးကြောပျက်စီးမှု၊ ကျောက်ကပ်ပျက်စီးမှု အန္တရာယ်ပိုများနိုင်ပါသည်။ ထို့ကြောင့် သွေးဆုံးမှုမရှိစေရန်၊ သွေးပေါင်မှန်မှန်ချိန်ကြည့်ရန် လိုအပ်ပါသည်။ အစား အသောက်ဆင်ခြင်ခြင်း၊ အငန်လျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊ သွေးတိုးရောဂါရှိပါက သွေးတိုး ကျစေသောဆေးများ မှန်မှန်သောက်ခြင်းဖြင့် သွေးပေါင်ချိန်အား ထိန်းထားရမည်။
ရှိသင့်သည့် သွေးပေါင်ချိန်
အပေါ်သွေး - ၁၃၀ mmHg အောက်
အောက်သွေး - ၈၀ mmHg အောက်
မျက်စိ စစ်ဆေးခြင်း
ဆီးချိုသွေးချိုရောဂါရှင်များသည် မိမိခြေထောက်အား နေ့စဉ် ပုံမှန်စစ်ဆေးရန်လိုပါသည်။
- အရေပြားအရောင်၊ အပူချိန်ပြောင်းလဲမှု ရှိ၊ မရှိ
- ခြေစွယ်ငုပ်ခြင်း ရှိ၊ မရှိ
- အနာဖြစ်ခြင်း ရှိ၊ မရှိ စသည်ဖြင့် ပုံမှန်စစ်ဆေးရမည်။
တစ်စုံတစ်ရာ ပုံမမှန်ရှိပါက အနာဖြစ်နေပါက တတ်ကျွမ်းသော ဆရာ၀န်နှင့် အချိန်မီကုသမှု ခံယူရမည်။ သွေးကြောအား ထိခိုက်စေသော ဆေးလိပ်သောက်ခြင်းမှလည်း ရှောင်ကြဉ်ရမည်။ သို့မှသာ ခြေထောက်ပုပ်ခြင်း၊ ခြေထောက်ဖြတ်တောက်ခံရခြင်း အန္တရာယ်မှ ကင်းေ၀းနိုင်မည်ဖြစ်ပါသည်။
ကျောက်ကပ်နှင့်ဆိုင်သော ဆီး၊ သွေး စစ်ခြင်း
ဆီးချိုသွေးချိုရောဂါရှင်များတွင် ကျောက်ကပ်ထိခိုက်မှု ပြဿနာများသောကြောင့် ကျောက်ကပ်နှင့်ဆိုင်သော ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းများ တစ်နှစ်လျှင် အနည်းဆုံး ၁ ကြိမ်မှ ၂ ကြိမ်ခန့် ပြုလုပ်သင့်ပါသည်။ ထို့ပြင် ဆီးပိုးမ၀င်စေရန် ကာကွယ်ခြင်း၊ ကျောက်ကပ်အား ထိခိုက်စေသောဆေးများကို ဆရာ၀န်ညွှန်ကြားချက်မရှိဘဲ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ တညင်းသီး ရှောင်ခြင်း၊ အသားလျှော့စားခြင်း စသည်တို့သည်လည်း အရေးကြီးပါသည်။
သွေးအတွင်းရှိ အဆီပမာဏ စစ်ဆေးခြင်း
သွေးအတွင်း အဆီများပါက သွေးကြောများ ပျက်စီးနိုင်သောကြောင့် သွေးအတွင်းအဆီမများစေရန် ဂရုပြုရမည်။
ရှိသင့်သည့် သွေးတွင်းအဆီပမာဏ
LDL Cholesterol - ၁၀၀ mg/dl အောက်
Triglyceride - ၁၅၀ mg/dl အောက်
HDL Cholesterol - ၄၀ mg/dl အထက်
ECG ရိုက်ခြင်း
နှလုံးသွေးကြောအခြေအနေများသိရှိစေရန် တစ်နှစ်လျှင် ၁ ကြိမ် ၂ ကြိမ် အနည်းဆုံး ECG ရိုက်သင့်ပါသည်။
စိတ်ဖိစီးမှု လျှော့ချခြင်း
စိတ်ဖိစီးမှု နည်းစေရန် -
- အစားအသောက်မှန်မှန်စားပါ။
- အိပ်ရေး၀အောင် အိပ်ပါ။
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။
- မိမိတို့ဘာသာအလျောက် ဘာသာတရား၏ အဆုံးအမများနှင့် အညီနေပါ။
- အခက်အခဲပြဿနာများကို ခေါင်းအေးအေးထားဖြေရှင်းပါ။
- ကိုယ်၊ စိတ်အပန်းဖြေချိန်ပေးပါ။
- အကောင်းဘက်မှ ဆင်ခြင်တွေးတောလုပ်ဆောင်ပါ။
သတိမူစရာအချက်များ
- ဆီးချိုသွေးချိုရောဂါရှိသူများသည် အကြောင်းတစ်ခုခုကြောင့် ဆေးရုံ၊ ဆေးခန်းသွားရလျှင် ဆီးချိုသွေးချိုရောဂါ ရောဂါရှိကြောင်း ဦးစွာပြောပြပါ။
- ဆီးချိုသွေးချိုရောဂါသည် နာတာရှည်ရောဂါဖြစ်သောကြောင့် အစားအသောက် ပုံမှန်ထိန်းခြင်း၊ ဆေးပုံမှန်သောက်ခြင်း၊ အင်ဆူလင် ထိုးရလျှင်လည်း ပုံမှန်ထိုးခြင်း ပြုလုပ်ပါ။ မိမိသဘောနှင့် မိမိမဖြတ်မိပါစေနှင့်။
- သွေးချိုအတက်အကျမမှန်ပါက မိမိအား ကုသမှုပေးနေသော ဆရာ၀န်နှင့် ဆေးပြန်ညှိပါ။
- သွေးချိုအဖြေများအား သေချာမှတ်သားထား၍ မိမိဆရာ၀န်အားပြသပါ။
Credit: ဒေါက်တာအေးအေး၀င်း
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 241, February 2015





























