/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အရိုးသန်မာစေမယ့်-သော့ချက်များ

အရိုးသန်မာစေမယ့် သော့ချက်များ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        “အသက်ကြီးလာရင် အရိုးပါးပြီး ပွတော့ အရိုးကျိုးလွယ်တာပေါ့ဟဲ့” လို့ ခပ်လွယ်လွယ်ပြောလိုက်ရပေမဲ့ ဒီအချက်ဟာ မြေကြီးလက်ခတ်မလွဲဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်အရိုးတည်ဆောက်မှုကို သတိထားပြီး ကြံ့ခိုင်သန်စွမ်းအောင် လုပ်ပေးနိုင်ရင် တစ်နည်းအားဖြင့် သင့်အရိုးများအားအရိုးပါးရောဂါမှ ဒိုင်းသဖွယ် ကာရံတားဆီးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။

          အရိုးပါးရောဂါမဖြစ်စေရန် အကောင်းဆုံးအာမခံချက်ကတော့ အသက် 30 ကျော်အရွယ်လောက်ကတည်းက အရိုးသိပ်သည်းနေအောင် အမြင့်ဆုံးတည်ဆောက်ပေးဖို့လိုပါသတဲ့။ အဲသလိုအရိုးသိပ်သည်းလာအောင် လုပ်ထားပြီး၊ နောက်ပိုင်းမှာ အရိုးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် နေထိုင်စားသောက်ဖို့လည်းလိုတယ်။ ဒါကြောင့် အသက် 40 ကျော်၊ 50 ကျော် သို့မဟုတ် ၎င်းနောက်ပိုင်းမှာတောင် အသက်ကြီးလာတာကြောင့်အရိုးဆုံးရှုံးမှုကို အစားထိုးရန်နှင့် အရိုးမဆုံးရှုံးရစေအောင် ကြိုတင်စီမံထားမှုတွေအများကြီးလုပ်ပေးနိုင်ပါသေးတယ်။ အဲဒါတွေကတော့ ခန္ဓာကိုယ်ကို မျှခြေဖြစ်အောင် ထိန်းထားပြီး၊ ကိုယ်အလေးချိန်မတက်အောင် ကိုယ်ကာယလေ့ကျင့်ခန်း နေ့စဉ် မှန်မှန်ပြုလုပ်ခြင်း၊ အစားအစာထဲမှာ ထုံးဓာတ်ခေါ် ကယ်လ်စီယမ်သတ္တုဓာတ်ဆားနှင့် ဗီတာမင် D လုံလုံလောက်လောက်ရအောင် စားပေးခြင်းနှင့် လမ်းမှန်မှန်လျှောက်ခြင်း စသည်တို့ဟာ အကောင်းဆုံးဆေးဝါးတွေဖြစ်တယ်။

          ကဲ-ဒါဆိုရင် ကယ်လ်စီယမ်သတ္တုဓာတ်ဆားကို ဘယ်လိုရအောင်စားကြမလဲဆိုတာကြည့်ရအောင်။

ကယ်လ်စီယမ်

        အရိုးသန်မာထွားကြိုင်းစေဖို့အရေးကြီးတဲ့ အာဟာရဓာတ်ကတော့ ကယ်လ်စီယမ်ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ ကယ်လ်စီယမ် လုံလုံလောက်လောက်ရရှိပါက အရိုးဆုံးရှုံးမှုကိုလည်း နှေးကွေးအောင်လုပ်နိုင်ပါတယ်။ ဒါဆိုရင် ကယ်လ်စီယမ်ကို အများကြီးစားဖို့လိုလားဆိုတာ မေးစရာဖြစ်လာပါတယ်။ တကယ်တော့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ ကယ်လ်စီယမ်ကြွယ်ဝတာမို့ နွားနို့တွေအများကြီးသောက်မိရင်လည်း နွားနို့ထဲကအဆီတွေ တက်လာနိုင်ပြန်ပါတယ်။ အဆီဓာတ်မြင့်ပြန်ရင်လည်း မကောင်း၊ ကျန်းမာရေးနဲ့မညီညွတ်တာမို့ အများကြီးစားသောက်ရန်မလိုအပ်ပါဘူးလို့ ဆေးသိပ္ပံပညာရှင်များက သတိပေးလာကြပြန်ပါတယ်။ ဒါကြောင့် ကယ်လ်စီယမ်ဓာတ်မြင့်မားတဲ့ အစားအစာတွေဖြစ်တဲ့ သငေ်္ဘာရွက်၊ ပျဉ်းတော်သိမ်ရွက်၊ မန်ကျီးရွက်၊ ကင်ပွန်းချဉ်ရွက် စတဲ့ဟင်းသီးဟင်းရွက်လေးတွေပါ ထပ်မံဖြည့်စွက်စားသင့်ပါတယ်။

          ဒါဆိုရင် ကယ်လ်စီယမ်ဓာတ်မည်မျှရရှိအောင်စားရမလဲဆိုတဲ့ အတွေးလေးရှိလာမှာဖြစ်ပါတယ်။ ဆေးသိပ္ပံပညာရှင်တွေ အကြံပြုတာကတော့ အရွယ်ရောက်သူတွေနှင့် အသက် 50 အရွယ်တွေအတွက် တစ်ရက်လျှင် ကယ်လ်စီယမ် 1000 မီလီဂရမ်နှင့် အသက် 51 နှစ်နှင့်အထက် လူကြီးတွေအတွက် တစ်ရက်လျှင် ကယ်လ်စီယမ် 1200 မီလီဂရမ်ရအောင်စားပေးရမယ်လို့ဆိုတယ်။ အသက်ကြီးလာလေလေ၊ အရိုးထိခိုက်ဆုံးရှုံးမှု မြန်လာလေလေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက် 50 ကျော်လာရင် အူက အစားအစာထဲက ကယ်လ်စီယမ်ကိုစုပ်ယူဖို့ မလွယ်ကူ၊ မမြန်ဆန်တော့ပါ။ ကျောက်ကပ်ကလည်း ကယ်လ်စီယမ်ကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်စွမ်းနည်းပါးလာပြန်တယ်။ ရလဒ်အနေနဲ့ ခန္ဓာကိုယ်ကြီးက အရေးကြီးတဲ့ဇီဝရုပ်ဖြစ်ပျက်မှုလုပ်ငန်းအတွက် အရိုးထဲက ကယ်လ်စီယမ်ဓာတ်ကို ခိုးယူပစ်လိုက်တာပါ။ တစ်ဖန် ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေအများကြီးစားမိပါက ဆီးကျိတ်ကင်ဆာဖြစ်နိုင် ခြေမြင့်မားပြီး ဒုက္ခရောက်စေနိုင်တာမို့ အသက်ရလာရင် ကယ်လ်စီယမ်ဆေးပြားတွေအများကြီး မသောက်သင့်ဘူး။ ဒါ့အပြင် ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ ဗိုက်နာပျောက်ဆေးပြားတွေလည်း အများကြီးမသောက်သင့်ဘူးလို့ အကြံပြုထားတယ်။

ဗီတာမင် D

        အရိုးတည်ဆောက်ရာမှာ ကယ်လ်စီယမ်နှင့်အတူ ဗီတာမင် D ကလည်း ပါဝင်ကူညီပေးပါတယ်။ ဗီတာမင် D ဟာ ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကိုစုပ်ယူစေရာမှာ အားပေးကူညီပါတယ်။ လေ့လာချက်များအရ ဗီတာမင် D ဟာ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးကြောင်းတွေ့ရှိရပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ နွားနို့ထဲမှာ ဗီတာမင် D ကိုပါ ထည့်သွင်းပြီး ရောင်းချပေးကြပါတယ်။ ဒါ့အပြင် စီရီယယ်၊ ဥများနှင့် ဗီတာမင်အားဆေးတွေမှာပါ ထည့်သွင်းရောင်းချလေ့ရှိကြတယ်။ ဗီတာမင် D ကို တချို့ဒိန်ချဉ်တွေနဲ့ အချိုရည်များ၊ ဖျော်ရည်များမှာပါထည့်ပေးပြီး ရောင်းချလာပါပြီ။

          အပူပိုင်းဇုန်းဒေသတွေမှာတော့ နေရောင်ခြည်တိုက်ရိုက်ရတဲ့အတွက် နံနက်စောစောနေခြည်နုနုလောက် နေပူထဲထွက်ရင် အရေပြားနဲ့နေရောင်ခြည်တိုက်ရိုက်ထိတွေ့လိုက်တာနဲ့ ဗီတာမင် D ကို အရေပြားက ထုတ်လုပ်ပေးလိုက်ပါပြီ။ နံနက် 10 နာရီမှ ညနေ 4 နာရီအတွင်း နေရောင်ကတော့ ပြင်းထန်လို့မထွက်သင့်ဘူးလို့ ပညာရှင်များကအကြံပေးခဲ့ပါတယ်။

          နေရောင်ခြည်လည်းမရ၊ အစားအစာတွေလည်းရှောင် သို့မဟုတ် ဇီဇာကြောင်သူဆိုရင်တော့ ဗီတာမင် D အားဆေး တစ်နေ့လျှင် 1000 IU လောက် သောက်သင့်ကြောင်း ပညာရှင်တချို့ကအကြံပြုတာကို ဖော်ပြလိုက်ရပါတယ်။

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 14, No: 1, 28 - 9 - 2016