/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကင်ဆာအဖုအကျိတ်ကုဖို့-ကြီးမားတဲ့-ထိုးဖောက်အောင်မြင်မှု

ကင်ဆာအဖုအကျိတ်ကုဖို့ ကြီးမားတဲ့ ထိုးဖောက်အောင်မြင်မှု

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        နေ့တစ်နေ့၏ မိနစ်တိုင်း၊ မိနစ်တိုင်းမှာ လူသားတွေရဲ့ ဒီအန်န်အေ (DNA) ခေါ် မျိုးဗီဇကလာပ်စည်းများဟာ (အသက် တစ်မိနစ်ကြီးလာတာနဲ့အမျှ) အဆင့်ဆင့်ပြောင်းလဲလာတာ သဘာ၀ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် ဆိုင်ရာဆိုင်ရာ DNA မော်လီကျူးတွေဆိုတာကလည်း မွေးရာပါ မတည်မငြိမ်ပြောင်းလဲနေရတဲ့ အားလျော်စွာ ပျက်စီးမှု၊ ချွတ်ယွင်းမှုဖြစ်မြဲပါ။ တစ်နည်းဆိုရရင် ကလာပ်စည်းမှန်သမျှ ဖြစ်ပြီးရင် ပျက်ရတဲ့သဘောပါ။ DNA Polymerase ခေါ် ရိုးရိုးဗီဇကလာပ်စည်းတွေမှ သည် ကြီးမားတဲ့ မော်လီကျူးအတွဲတွေအထိ ဖြစ်ပေါ်လာအောင် ကူညီဓာတ်ပြောင်းပေးတဲ့ အင်ဇိုင်းတစ်မျိုးက ပုံတူပွားပေးလေ့ ရှိရာမှာ တချို့သော ဗီဇ DNA တွေကို မှားယွင်းစွာ ပုံတူကူးပွားပေးတတ်တာမျိုး ရှိလာရင် ပြဿနာပေါ်လာတော့တာပါပဲ။ ပုံတူကူးတာ သင့်တင့်မျှတနေမှသာ လူဟာ ရောဂါဘယတွေ မဖြစ်စေတော့ပါ။ DNA ရဲ့ပုံတူကူးမှုမှာ နှစ်ပင်လိမ်မုန့်ကြိုးလိမ် ကလေးတွေနဲ့ ပုံသဏ္ဌာန်တူပြီး ပုံမှန်အားဖြင့် အဲဒီအမျှင်လေးတွေမှာ ပုံတူပွားပါက ဥပမာ - အမျှင်တစ်ဖက်ထိပ်က A ဖြစ်ရင်၊ ၎င်းနှင့် ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်ထိပ်မှာ T ရှိရသလို၊ အခြားအမျှင်၏ တစ်ဖက်ထိပ်မှာ G ဆိုပါက သူ့ရဲ့ မျက်နှာချင်းဆိုင် ထိပ်မှာ C နဲ့တွဲပြီး ရှိတတ်တယ်။

          ဒါပေမယ့် တစ်ခါတစ်ရံမှာ DNA ပုံတူပွားတဲ့အခါ ထိုသို့ မှန်ကန်စွာတွဲပြီးနေရမယ့်အစား မှားယွင်းစွာ တွဲလာတတ်ပါတယ်။ (ဥပမာ - ဗီဇ T ဟာ ဗီဇ C နဲ့ မှားတွဲတာမျိုး ရှိလာတတ်ပါတယ်။) ဤအမှားအယွင်း ကပင် DNA အတွဲမှားခြင်းကြောင့် တစ်နည်းအားဖြင့် ချွတ်ယွင်းမှုဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် အဖုအကျိတ်တွေကို ဖြစ်ပေါ် လာစေပါတော့တယ်။ ရှင်းအောင်ပြောပြရပါလျှင် ဤ DNA ဖြစ်စဉ်အမှား ကို ပြန်ပြုပြင်ပေးပါက ကင်ဆာကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဤအမှားအယွင်းကို ပြုပြင် မပေးနိုင်ပါက မျိုးဗီဇပြောင်းလဲတွဲခြင်းကြောင့် ကင်ဆာရောဂါတွေဖြစ်ပွား နိုင်တဲ့အခြေအနေ ရောက်သွား မှာဖြစ်ပါတယ်။ ထိုသို့ မျိုးဗီဇအတွဲမှားခြင်းကို ဗီဇ DNA အတွဲမှန်ကန်အောင် ပြုပြင်ပေးနိုင်တဲ့ DNA MMR ဖြင့် ပြန်လည်ပြင်ဆင်ပေးသင့်တယ်လို့ IBS အခြေခံသိပ္ပံ အင်စတီကျုမှ သုတေသနခေါင်းဆောင် ဒါရိုက်တာ မြောင်ကျွမ်ကျေး (Myung Kyungjae) က ဖော်ထုတ် ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် လူတချို့မှာ အဲဒီ DNA MMR ချို့တဲ့သော ကင်ဆာကလာပ်စည်းတွေဖြစ်ပါက ကင်ဆာကုထုံးဆေးဝါးများကို ယဉ်ပါးကာ ဆေးမတိုးအာနိသင်မထက်မြက်ရခြင်း ဖြစ်နိုင်ပါတယ်။

          ယခု အခြေခံသိပ္ပံအင်စတီကျုမှ သုတေသနအဖွဲ့၏ လေ့လာစမ်းသပ်ချက်များအရ Baicalenin ခေါ် ရန်သူ ကင်ဆာကလာပ်စည်းများအား တိုက်ထုတ်နိုင်တဲ့ သေးငယ်သော မော်လီကျူးအသစ် တစ်မျိုးကို ဖော်ထုတ်နိုင် ခဲ့ပါတယ်။ ထိုမော်လီကျူးကို အာရှနိုင်ငံအချို့တွင် အသည်းကျန်းမာရေးအတွက် သဘာ၀ဆေးဖက်၀င် အားဆေးအဖြစ် အသုံးချနေပါတယ်။ ထိုအဖွဲ့မှ ၎င်းမော်လီကျူးများကို ကင်ဆာကလာပ်စည်းများအား တိုက်ထုတ်နိုင်အောင် အသေအချာထိန်းညှိပေးခြင်းဖြင့် ကုသနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ၎င်းစမ်းသပ်ချက်ကို ကြွက်တွေမှာ သုတေသနပြုခဲ့တာဖြစ်တယ်။ အူမကြီးကင်ဆာဖြစ်အောင် စမ်းသပ်ထားတဲ့ ကြွက်ကလေးများကို အုပ်စု 2 စုခွဲပြီး အုပ်စု (1) ကို အသားဓာတ် 18 ရာခိုင်နှုန်းပါတဲ့ ပုံမှန်ကြွက်စာပဲ ထည့်ကျေွးပြီး၊ အုပ်စု (2) ကိုတော့ ပုံမှန်အသားဓာတ် 18 ရာခိုင်နှုန်းနှင့် Baicalein 0.05 ရာခိုင်နှုန်းပါတဲ့ အစာနှစ်မျိ်ုးရောပြီး ကျေွးကာ စစ်ဆေးစောင့်ကြည့်ခဲ့ခြင်းဖြစ် တယ်။ ထိုအခါ Baicalein ထည့်ကျေွးခံရတဲ့ ကြွက်ကလေးတွေမှာ အူမကြီးကင်ဆာအရွယ်အစား နှစ်ဆ ခန့်သေးငယ်လျော့ပါးလာတာ အံ့သြဖွယ်ရာတွေ့ရှိလာခဲ့ပါတယ်။ ထိုသို့ ထပ်ကာ 2 ပတ်တစ်ကြိမ်ကျေွးပြီး အပတ်ပေါင်း အတော်ကြာ သုတေသနစောင့်ကြည့်တဲ့အခါ အူမကြီးကင်ဆာအကျိတ်တွေ သိသိသာသာလျော့ကျသေးငယ်လာတာ တွေ့ခဲ့ပြန် ပါတယ်။ ထိုတွေ့ရှိချက်ဟာ တောင်ကိုရီးယားနိုင်ငံ၊ အာလ်ဆန် ဓာတ်ခွဲခန်းမှာ သုတေသန လုပ်ခဲ့တာဖြစ်တယ်။ သူတို့ရဲ့ သုတေသနအရ အူမကြီးကင်ဆာရောဂါရှင်တွေရဲ့ 10 ရာခိုင်နှုန်းအား ကုသနိုင်တော့မယ်လို့မျှော်လင့်ချက် ရှိလာပါပြီ။

          ကိုရီးယားသုတေသန ဆေးပညာရှင်တို့၏ တွေ့ရှိချက်အသစ်ဟာ အူမကြီးကင်ဆာကုသရာမှာ အနာဂတ်တွင် ထူးထူးခြားခြား အံ့သြဖွယ်ရာ ဖြစ်လာရုံမက DNA MMR ချို့တဲ့မှုရှိသော အဖုအကျိတ်ကင်ဆာ လူနာတွေအတွက်ပါ ကုသမှုပေးရန်ရွေးချယ်စရာကုထုံးသစ် ဖြစ်လာတော့မယ်လို့ အသိပေးတင်ပြလိုက် ရပါတယ်။

Ref: Healthcare Asia (20 June 2016)

 

 

 

Credit: ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 38, 29-6-2016