ကိုယ့်အသည်းကိုယ် ဖျက်ဆီးနေပါသလား
ဇီ၀ ။ ။ ကိုဒီဃရေ လူတွေဟာ ကိုယ့်အသည်းကိုယ့်ဘာသာကိုယ်တိုင် ပျက်စီးသွားအောင် ဖျက်နေမှန်း မသိကြဘူးတဲ့ဗျ။
ဒီဃ ။ ။ ရော် …. ကိုဇီ၀ ဘယ်သူက ကိုယ့်ရောဂါကိုယ်ရှာမှာလဲဗျာ။ ခင်ဗျား ဘာကိုပြောချင်တာလဲဟင်
ဇီ၀ ။ ။ အခုခေတ်မှာ လူအများစုကြားထဲ ကြော်ငြာအားအတော်လေးကောင်းပြီး ထဲထဲ၀င်၀င်လည်းရောင်းကောင်းလှတဲ့ ဟာ ဘယ်အားဆေး၊ သဘာ၀ဆေးဖက်၀င်အားဆေးတွေ (Herbal Supplements တွေ)၊ အချိုနဲ့ သကြားအလွန်အကျွံများလှတဲ့ အစားအစာတွေပေါ့ဗျာ။ အဲဒီဟာတွေက လူ့ခန္ဓာကိုယ်ထဲက အတွင်းအင်္ဂါတွေအနက် အရေးကြီးတဲ့အသည်းကိုမှ ခွဲရက်ဖျက်ဆီး ရက်တာဗျ။
ဒီဃ ။ ။ ဟုတ်လား။ ဆေးဘက်၀င်အပင်က ထုတ်လုပ်တဲ့ အားဆေးတော့ အသာထားပါဦး။ သကြားတွေက အသည်းကို ဘယ်လိုပျက်စီးအောင်လုပ်နိုင်တာလဲ။ ကျွန်တော်က အချိုနဲ့ သကြားကို အလွန်ကြိုက်တာဗျ။ မုန့်လက်ကောက်ကို သကြားရည်၊ ထန်းလျက်ရည်နဲ့တို့စားတာတို့၊ အုန်းသီးနဲ့ သကြားကို မြန်မာမုန့်တွေပေါ် ဆမ်းစားတာတို့ အရမ်းကြိုက်တယ်လေ။ သွားတွေတော့ အဲဒါကြောင့် မကောင်းဘူး။
ဇီ၀ ။ ။ အော် ကိုဒီဃရေ အသက် 50 ကျော် 60 တွင်း ၀င်လာတဲ့ အရွယ်ဟာ 16 နှစ်သားအသက် 20 အရွယ်တွေ မဟုတ်တော့ဘူးနော်။ မှန်ထဲပြန်ကြည့်ဦး။ လူတွေဟာ အသက်သာကြီးတာ စိတ်ကတော့ ကိုယ့်ကိုယ်ကို လူငယ်လေးထင်ပြီး အစားအသောက် မဆင်ခြင်တဲ့အခါ ရောဂါဘယတွေ ဖြစ်လာမှ ပြန်နုတ် ယူလို့ မရဖြစ်တတ်တယ်။
ဒီဃ ။ ။ အေးဗျာ ပြောလည်း ပြောချင်စရာပါပဲ။ ဘူဖေးလို အစာတွေအများကြီး တန်းစီချထားတာ မြင်လိုက်ရင် စိတ်မထိန်းနိုင်သေးဘူး။ ပုံမှန်စားနေကျထက် ပိုစားမိသေးတယ်ဗျ။ ဒါကြောင့် သတိဆိုတာ ပိုတယ်မရှိဘူးဆိုတာ သိပ်မှန်တာပဲ။ ကဲ …. ဆက်ပါဦး သကြားအကြောင်း။
ဇီ၀ ။ ။ သကြားအများကြီး စားခြင်းက သွားတွေကို ချက်ချင်းကြီးတော့ မဆိုးဝါးသေးဘူးဗျ။ အခု ခင်ဗျားပြောသလို ကြာလာမှ သွားပိုးစားအပေါက်ဖြစ် ကိုက်ခဲတာတွေ ဆက်တိုက်ဖြစ်လာတော့မှာ။ အဲဒီလိုပဲ အချိုဓာတ်မြင့်ခြင်းက အသည်းကို အန္တရာယ်ပေးတော့တာပါပဲ။ ဥပမာ ဖရပ်တို့စ်ခေါ် သကြားဓာတ်မြင့်မားရင် အသည်းက အကြိုက်ပဲဗျ။ အသည်းက အဲဒီသကြားဓာတ်ကို သူ့ဆီဆွဲယူအသုံးချတော့တာပဲ။ ဖြူဖွေးနေအောင် ကြိတ်ထား၊ ချက်ထားတဲ့ သကြားတွေရယ်၊ ပြောင်းမှုန့်တွေကရတဲ့ ဖရပ်တို့စ်မြင့်မားတဲ့ သကြားရယ်တို့က အသည်းအဆီစုပြီး အသည်းအဆီဖုံးရောဂါဖြစ်လာတော့တာပဲ။ နောက်တစ်ခုကတော့ သကြားတွေဟာ အရက်လိုပဲ အသည်းကို ဖျက်ဆီးနိုင်တယ်ဗျ။
ဒီဃ ။ ။ အသည်းအဆီဖုံးတာ အရမ်း၀တဲ့လူတွေမှာမှ တွေ့ရတာမဟုတ်လားဟင်။
ဇီ၀ ။ ။ ခင်ဗျားအရမ်းမ၀ပေမယ့်လည်း သကြားဓာတ်မြင့်တဲ့ အစားအစာတွေ နေ့စဉ်အများကြီး စားမိမယ်ဆိုရင် ကြာလာ တဲ့အခါ အသည်းမှာ အဆီအဖြစ် သကြားတွေကိုစုထားတော့မှာဗျ။ ဒါကြောင့် သကြားလုံး၊ ဂျယ်လီ၊ ကင်ဒီမုန့်၊ ရေခဲမုန့်၊ အချိုမှန်သမျှ၊ ဆိုဒါ စသည်တို့ကိုကြည့်ပြီး သင့်တင့်မျှတအောင် စားတတ်တဲ့ အလေ့အကျင့်လုပ်ပေတော့ဗျို့။ ဒါမျိုးဟာ ငယ်ငယ် ကတည်းကလေ့ကျင့်ထားရင် ပိုကောင်းလိမ့်မယ်။
ဒီဃ ။ ။ အေးဗျာ အချိုသကြားဓာတ်တော့ လျှော့စားပါတော့မယ်။ ဒါနဲ့ သဘာ၀ဆေးဖက်၀င် အားဆေးတွေက ဘာကြောင့် လဲဗျာ။
ဇီ၀ ။ ။ အပင်ပေါင်းစုံက ထုတ်လုပ်ထားတဲ့ အားဆေး ဘာညာဆိုပြီး ကြော်ငြာအားကောင်းကောင်းနဲ့ ထုတ်လုပ်ရောင်း ချလာတာ ရာစုနှစ်တစ်ခုထက်မကတော့ဘူးဗျ။ ဒါပေမယ့် တိုင်းရင်းဆေးတင် မကဘူး။ နိုင်ငံတကာကပါ ထဲထဲ၀င်၀င် ရောင်းချပြီး စားသုံးသူအတော်များလာနေပြီမဟုတ်လား။ သူတို့က သဘာ၀အားတိုးဆေးဆိုပြီး ပြောဆိုရောင်းကြပေမယ့် ကိုယ့်ဖို့အိုကေချင်မှ အိုကေမှာကိုးဗျ။ ဥပမာ သွေးဆုံးကိုင်တဲ့ အမျိုးသမီးကြီးတွေအတွက် ေ၀ဒနာရောဂါသက်သာစေတယ်ဆိုပြီး ရောင်းပေးတဲ့ အားဆေးတစ်မျိုးကို တကယ်သုတေသနလုပ်ကြည့်လေ့လာလိုက်တဲ့အခါ သူတို့ကြော်ငြာသလိုမဟုတ်ဘဲ အသည်းရောင် အသားဝါရောဂါဖြစ်စေပြီး နောက်ဆုံးအသည်းတောင် အလုပ်မလုပ်တော့တဲ့ အထိ ဖြစ်တာတွေ့ရသတဲ့ဗျာ။ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်ကြောင့်လေး” ပြီး ဒုက္ခရောက်ရတာနဲ့ အဆုံးသတ်တာမျိုးတွေ့ရသတဲ့။ ဒါကြောင့် အချို့တိုင်း ပြည်တွေမှာ တိုင်ရင်းဆေး သို့မဟုတ် နွယ်မြက်သစ်ပင်က ထုတ်လုပ်တဲ့ ဆေးဝါးအချို့ကို ကန့်သတ်လာပြီဗျ။ ဒါတောင် အမေရိကန်လို နိုင်ငံမျိုးမှာ တိုးတိုးတိတ်တိတ်ရောင်းချဖောက်ကားနေတုန်းတဲ့ဗျ။
ဒီဃ ။ ။ အော် ဒါကြောင့်ကိုး တလောက ကျွန်တော့်သူငယ်ချင်းတစ်ယောက် သူ့ဆေးကောင်းလှချည်း ညွှန်းလွန်းလို့ နောက် သူငယ်ချင်းက ၀ယ်သောက်သတဲ့။ မကြာပါဘူး အသည်းရောင်၊ အသည်းအလုပ်မလုပ်လို့ဆိုပြီး မနည်းဆေးကုလိုက်ရသေးတယ်။ ခုတောင် မကောင်းလှသေးဘူးဗျ။ ကျွန်တော့်တောင် အတင်းတိုက်နေတာ ကိုဇီ၀ ရှင်းပြထားလို့ မနည်းတောင်းပန်လိုက်ရ သေးတယ်။
ဇီ၀ ။ ။ အားနာပါနာလည်း မသောက်မိစေနဲ့ဗျ။ ကိုယ့်အတွက်တကယ်လုံခြုံစိတ်ချမှုရှိရဲ့လားဆိုတာ ကိုယ့်ဆရာ၀န်ကို မေးကြဗျာ။
ဒီဃ ။ ။ ဒါနဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးရောဂါရတဲ့လူတွေ အတော်ကြားကြားလာရသလိုပဲဗျာ။
ဇီ၀ ။ ။ အဲဒါလည်း အစားတွေမဆင်မခြင်စားပြီး အသည်းကလာပ်စည်းတွေမှာ မလိုအပ်ဘဲ အဆီတွေစု၊ များများလာပြီး ရောင်ရမ်းလာတာပေါ့။ ရောင်ရမ်းခြင်းတွေ အချိန်ကြာလာတာနဲ့အမျှ အသည်းဟာမာလာပြီး အနာရွတ်တွေနဲ့ ပြည့်လာတော့ တာပေါ့။ အဲဒါကို ဆရာ၀န်တွေက Cirrhosis စီရိုးစစ် (အသည်းကြွပ်နာ) လို့ ပြောလေ့ရှိသဗျ။ အရက်မသောက်ဘဲနဲ့ အသည်းမှာ ကိုယ်အလွန်အကျွံစားတဲ့ အဆီတွေ၊ သကြားတွေ၊ အပင်ကရတဲ့ အားဆေးတွေကြောင့် ပြဿနာပေါ်လာရတာပဲဗျ။ ခင်ဗျား ကြည့်ထားဗျာ။ အ၀လွန်တဲ့လူတွေ၊ ကိုယ်အလေးချိန်များတဲ့လူတွေမှာ အဲဒီပြဿနာက မသေးလှဘူး။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ကြပါ။ မစစေနဲ့။ ၀ိတ်လျှော့ကြပါဆိုတဲ့ စကားသံတွေ အတော်ကြီးကျယ်လောင်လာတာပေါ့။ ဒီကြားထဲ လူလတ်ပိုင်းအရွယ် ဆီးချိုသွေးချိုရောဂါအခံပါရှိနေရင် ပိုတောင် အသည်းအဆီဖုံးတတ်သေးတယ်။
ဒီဃ ။ ။ အေးဗျာ ကိုဇီ၀ ရှင်းပြတော့လည်း ကိုယ့်လောဘနဲ့ ကိုယ်စားမိတာကြောင့် ကိုယ့်ကျန်းမာရေး ထိခိုက်ရတာပါလားဆိုတဲ့ အသိ၀င်လာတယ်။ လူလတ်ပိုင်းအရွယ်ဟာ စဉ်းစားဉာဏ်ရင့်သန်မှဆိုတာကိုး။ အသက် 30 ကျော် 40 မှာ လူတွေဟာ ငွေရှာရလွယ်။ ငွေရလွယ်တော့ အစားကို ပိုမက်လေ့ရှိတဲ့ အရွယ်ပဲ။ စိတ်ဖိစီးမှုကို အစားနဲ့ ဖြေရတာအလွယ်ဆုံးကိုဗျ။ ဒါနဲ့ဗျာ ဗီတာမင် အားဆေးတွေ စားတာ မကောင်းဘူးလားဗျာ။
ဇီ၀ ။ ။ အမှန်ကတော့ သစ်သီးအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ အသား၊ ငါး၊ ပဲအမျိုးမျိုးတို့က ဗီတာမင်တွေပါပဲဗျာ။ သို့သော် ဗီတာမင်အားဆေးတွေက အလွယ်၀ယ်ယူလို့ရတာကိုး။ ဒီတော့ အရောင်အမျိုးမျိုးရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက် တွေ လတ်လတ်ဆတ်ဆတ်စားရမယ့် အစား၊ လွယ်တဲ့ ဗီတာမင် အားဆေးတွေ သောက်ကြတာပါ။ သို့ပေမယ့် ဗီတာမင် A လို အားဆေးက ဆေးပမာဏပါ၀င်မှု သိပ်များသွားပြန်ရင် အသည်းကို ထိခိုက်စေတယ်လေ။ ဒါကြောင့် ကိုယ်စားမယ့် အားဆေးတွေထဲ လိုတာထက် ပိုနေတဲ့ ဗီတာမင်တွေပါနေလားဆိုတာ ဆရာ၀န်နဲ့ မေးမြန်းပြီးမှ စားပေါ့။ တချို့က ဆရာ၀န်နဲ့ မမေးမမြန်းဘဲ ကိုယ့်သဘောနဲ့ ကိုယ်ဆက်သောက်နေတာမျိုးက သတိထားဗျို့။
ဒီဃ ။ ။ နောက်ကောဗျာ။
ဇီ၀ ။ ။ အကိုက်အခဲပျောက်ဆေးတွေ၊ ဆိုဒါအချိုရည်တွေကို ကိုယ့်သဘောနဲ့ကိုယ် ကြိုက်သလောက်သောက်နေတဲ့ သူတွေပေါ့။ တန်ဆေးလွန်ဘေးပေါ့ဗျာ။ နောက်ပြီး ထရန်းစ်ဖက်ခေါ်တဲ့ အသွင်ပြောင်းဆီတွေ ဥပမာ မာဂျရင်း၊ ဆီချက်ချက်ပြီး ဆီကြော်ပြီး အပူပြင်းဆီတွေ စားသုံးမှုများရင်လည်း အသည်းကို ရှေ့မှာပြောသလို အန္တရာယ်ဖြစ်စေကြောင်းပြောရင်း နိဂုံးချုပ်ကြပါစို့လို့ဗျာ။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 32, 18-5-2016















