ကုလားအုတ်တုပ်ကွေး (MERS)
ဗိုင်းရပ်စ်ပိုးတွေထဲက အသက်ရှူလမ်းကြောင်းကို ၀င်ရောက်ပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုဖြစ်စေတဲ့ ဗိုင်းရပ် စ်ပိုးတွေကို Coronavirus တွေလို့ခေါ်တယ်။ Coronavirus တွေဟာ RNA ပါတဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။ သူတို့မှာ Nucleocapsid လို့ခေါ်တဲ့ ထုပ်တဲ့အိတ်ကလေးတစ်ခုဖြစ်ပါတယ်။ အဲဒီအပေါ်က Envelope လို့ခေါ်တဲ့ အခွံတစ်ခုပါတယ်။ အဲဒီအခွံကနေ ပတ်ပတ်လည် အတက်ကလေးတွေကြောင့် Electron Microscope နဲ့ကြည့်တဲ့အခါ ဗိုင်းရပ်စ်ပိုး အလုံးကနေ ရောင်ခြည်ဖြာထွက်တဲ့ သဏ္႑ာန်တွေ့ရတယ်။ ဒါကြောင့် သူ့ကို Coronavirus လို့ခေါ်တယ်။ Coronavirus တွေဟာ အသက်ရှူလမ်းကြောင်းနဲ့ အစာအိမ်လမ်းကြောင်းကို ၀င်ရောက်တယ်။ နှာစေး၊ ချောင်းဆိုး၊ အအေးမိ ရောဂါတွေဖြစ်သလို အဆုတ်ရောင်ရောဂါလည်းဖြစ်နိုင်တယ်။ မိုးရာသီ၊ ဆောင်းရာသီတွေမှာ ဖြစ်လေ့ရှိတယ်။ သူဟာ အမျှင်လေးတွေပါတဲ့ အသက်ရှူလမ်းကြောင်းကို အပေါက်တစ်ခုကနေ ၀င်ရောက်တယ်။ နို့တိုက်သတ္တဝါတွေနဲ့ ကြက်ငှက်တွေမှာ အဖြစ်များတယ်။ ဒါပေမယ့် လူမှာဖြစ်တဲ့ Coronavirus 6 မျိုး လောက်တွေ့နေပြီ။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးဖြစ်တဲ့ Human Coronavirus 229E နဲ့ OC 43 နှစ်မျိုးရှိတယ်။ ဟောင်ကောက်နဲ့ တရုတ်ပြည်မှာ အကြီးအကျယ်ဖြစ်သွားတဲ့ အသက်ရှူလမ်းကြောင်းရောဂါရရှိပြီး သေဆုံးရတဲ့ SARS ဆိုတဲ့ရောဂါပိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို SARS-CoV လို့ခေါ်တယ်။ 2003 ခုနှစ်မှာ အာရှမှာစခဲ့ပြီး တစ်ကမ်ဘာလုံးကို ပြန့်သွားတဲ့ SARS ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ အသက်ရှူလမ်းကြောင့်ဖြစ်တယ်။ အသက်ရှူလမ်းကြောင်းက ကူးတယ်လို့ WHO က ထုတ်ပြန်ခဲ့တယ်။ 2004 ခုနှစ်မှာ Coronavirus အသစ်တစ်ကောက်တွေ့တယ်။ အမေရိကန်မှာ တွေ့ခဲ့တယ်။ 2005 ခုနှစ်မှာ ဟောင်ကောင်မှာ C အဆုတ်ရောင်ရောဂါပေးနိုင်တဲ့ Coronavirus အသစ်တစ်ကောက်တွေ့ပြန်တယ်။ ဒါကို Human Coronavirus (HKU1) လို့ ခေါ်ပြန်တယ်။ 2012 ခုနှစ် စက်တင်ဘလမှာ Novel Coronavirus 2012 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကို တွေ့ခဲ့တယ်။ အခုအခါမှာ အရှေ့အလယ်ပိုင်းဒေသက စတင်ခဲ့တဲ့အတွက် Middle East Respiratory Syndrome Coronavirus (MERS-Co Coronavirus) လို့ပြောင်းခေါ်ခဲ့ကြတယ်။ အစောပိုင်းမှာ လူကလူ မကူးဘူးလို့ဆိုတယ်။ 2013 ခုနှစ် မေလမှာတော့ ပြင်သစ်နိုင်ငံကျန်းမာရေးဌာနက နီးနီးကပ်ကပ်နေရင် လူကနေ လူကူးတယ်လို့ဆိုတယ်။ တူနီးစီးယား၀န်ကြီးဌာနကလည်း အလားတူတွေ့ရှိတယ်လို့ဆိုတယ်။ ဖခင်ဆီက MERS ကူးစက်ခံရတဲ့ သားနှစ်ယောက်ဟာ တစ်ယောက်က ကာတာနိုင်ငံမှာ နေမကောင်းဖြစ်တယ်။ တစ်ယောက်က ဆော်ဒီအာရေဗျနိုင်ငံမှာ နေမကောင်းဖြစ်တယ်။ 2013 ခုနှစ်မှာ ဆော်ဒီအာရေဗျမှာ MERS ဖြစ်နေတဲ့လူ 124 ယောက်ရှိနေပြီး 52 ယောက်သေဆုံးတယ်။ 2015 ခုနှစ် မေလမှာ တောင်ကိုရီးယားက လူတစ်ယောက်က အရှေ့အလယ်ပိုင်းဒေသကို ခရီးသွားတယ်။ အပြန်မှာ နေမကောင်းဖြစ်ပြီး ဆေးရုံ 4 ခုကို တက်တယ်။ ကိုရီးယားမှာ MERS ရောဂါစတင်ဖြစ်တော့တယ်။ ကိုရီးယားမှာဖြစ်တဲ့ MERS ကပ်ဟာ ပိုပြီးကျယ်ပြန့်ပြီး ပိုပြီးရှုပ်ထွေးမယ့်သဘောရှိတယ်။ 14-6-2015 ရက်နေ့မှာ MERS ဖြစ်သူ 145 ယောက်အနက် 15 ယောက်မြောက် အသက် 61 နှစ်ရှိတဲ့ လူတစ်ယောက် သေဆုံးသွားတယ်။ ဆောဒီအာရေဗျပြီးရင် MERS အဖြစ် အများဆုံးနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံဖြစ်လာတယ်။ ဆေးရုံတချို့ပိတ်တယ်။ အရေးပေါ်လူနာများကိုသာ ကြည့်တော့တယ်။ အမျိုးသမီးသမ္မတပတ်ဂွန်ဟေးရဲ့ ဝါရှင်တန်ခရီးစဉ် ဖျက်သိမ်းရတဲ့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာတယ်။ ကိုရီးယားနိုင်ငံမှာ ကျွန်တော်တို့နိုင်ငံလိုပဲ ကိုယ့်ဆရာ၀န်၊ သူ့ဆရာ၀န်ပုံသေ မထားဘဲ ကောင်းနိုးရာရာ ဆရာ၀န်ကို ပြောင်းပြတတ်တဲ့ဓလေ့ရှိတယ်။ Shopping လို့ခေါ်တယ်။ အရေးပေါ်ခန်းတွေကလည်း လူနာများလွန်းအားကြီးတယ်။ တစ်ခန်းထဲမှာလူနာနှစ်ယောက်၊ သုံးယောက်နေရတယ်။ မြန်မာပြည်မှာလိုပဲ နေမကောင်းတဲ့လူရှိရင် ဆွေမျိုးမိတ်သင်္ဂဟတစ်အုံကြီး လာမေးလေ့ရှိတယ်။ ဒါတွေဟာ ထိန်းချုပ်ဖို့ခက်တဲ့ အလေ့အထဖြစ်မှာပဲ။ ၀မ်းလျှောတယ်၊ ပျို့တယ်၊ အန်တယ်၊ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ်၊ မောတယ်၊ အဆုံးမှာ ဆီးမထွက်တော့ဘူး။ 10 ယောက်မှာ 3၊ 4 ယောက်သေဆုံးတယ်။ နဂိုရောဂါခံရှိရင် ပိုဆိုးတယ်။ တချို့လူတွေမှာတော့ နှာစေး၊ ချောင်းဆိုးလေးဖြစ်ပြီး ပကတိပြန်ကောင်းသွားတယ်။ အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေဗျ၊ အီရတ်၊ အီရန်၊ အစ္စရေး၊ အနောက်ဖက်ကမ်းမြှောင်ဒေသ၊ ဂါဇာ၊ ဂျော်ဒန်၊ ကူ၀ိတ်၊ အိုမန်၊ ဆီးရီးယား၊ ယူအေအီး၊ ရီမန်တစ်၀ိုက်မှာဖြစ်တယ်လို့ဆိုတယ်။ အခုတောင်ကိုရီးယားမှာဖြစ်နေတယ်။
MERS ဟာ အတိုင်းအတာနဲ့ကူးတဲ့ရောဂါဖြစ်တယ်။ လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူ မကူးဘူး။ အတူနေ အနီးကပ်ပြုစုကူးနိုင်တယ်။ စနစ်တကျသေသေချာချာလိုက်နာရင် လူနေလူကိုကူးမှုကို တားနိုင်တယ်လို့ဆိုတယ်။ ဥရောပနဲ့ အီဂျစ်နိုင်ငံတွေကိုလည်း နည်းနည်းပျံ့နှံ့တယ်လို့ ထင်ရတယ်။ တရုတ်၊ မလေးရှား၊ ယူကေ၊ ယူအက်စ်တို့မှာလည်း တွေ့ရတယ်လို့ဆိုတယ်။ တိရစၧာန်ကကူးတဲ့ရောဂါလို့ထင်ခဲ့ကြတယ်။ ဆိတ်၊ နွား၊ သိုး၊ ၀က်၊ ငှက်တွေမှာ စမ်းကြည့်ခဲ့ပေမယ့် ဒီပိုးနဲ့ဆင်တာကိုမတွေ့ဘူး။ ကုလားအုတ်နဲ့ လင်းနို့မှာတွေ့တယ်။ ဒါကြောင့် ကုလားအုတ်တုပ်ကွေးလို့တောင်ခေါ်ကြတယ်။ ကုလားအုတ်ကလည်း တိရစၧာန်ရုံထဲမှာ ကြည့်သလိုအလှကြည့်ရတာ မဟုတ်ဘူး။ စီးဟယ်၊ သယ်ဟယ်၊ နို့ညှစ်ဟယ်၊ အညစ်အကြေးသိမ်းဟယ်နဲ့ ပြုစုရတာ၊ ကုလားအုတ်သားနဲ့ ကုလားအုတ်နို့ကို ကောင်းကောင်း မကျိုချက်ဘဲ သောက်ရင်ဖြစ်နိုင်တယ်။ ကုထုံးမရှိဘူး။ ကာကွယ်ဆေးမရှိဘူး။ အသက်ရှူ လမ်းကြောင်းကမ၀င်နိုင်အောင်၊ မျက်စိကမ၀င်နိုင်အောင်တားရမယ်။ ကိုယ်သွားတဲ့နေရာကိုသိ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကိုသိ၊ ဖျား၊ ၀မ်းလျှော၊ ချောင်းဆိုး၊ မောပန်းတာကိုသိ၊ MERS ကိုလည်းသိ၊ ပြီးရင်သံသယဖြစ်ရင် ကျန်းမာရေးဌာနကိုအကြောင်းကြားရမယ်။
Credit; ပါမောက္ခဒေါက်တာသံစစ်
Health Digest Journal (Vol: 12, No: 37)















