ကျန်းမာလန်းဆန်းသော အရေပြားနှင့် တည်ကြည်ခန့်ညားသော ရုပ်ရည်ရူပကာရရှိစေရေး (အပိုင်း - 1)
ယနေ့ခေတ် အမျိုးသမီးများနှင့် အမျိုးသားများ၏ တစ်နေ့တာအတွက် မလုပ်မဖြစ်ရသောအလုပ်သည် မျက်နှာပြင်အလှဆင်ခြင်းဖြစ်ပါသည်။ ရုပ်ဆင်းသွင်းပြင် လှပရေးအတွက် မလုပ်မဖြစ်လုပ်ရန်လိုအပ်သော အလုပ်ပင်ဖြစ်ပါသည်။
ဤဆောင်းပါးသည် မျက်နှာအရေပြားထိန်းသိမ်းခြင်းအတွက် ပြုလုပ်သင့်သော လုပ်ငန်းအဆင့်ဆင့်နှင့် အသုံးပြုရာတွင် ပါ၀င်သောပစ္စည်း အချို့တို့ကိုတင်ပြထားပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အရေပြားသည် အလွန်အရေးပါသော အစိတ်အပိုင်းအဖြစ် ပါ၀င်လျက်ရှိပါသည်။ လူတစ်ဦး တစ်ယောက်ကိုတွေ့သောအခါ မျက်နှာပြင်ကို စတင်၍ကြည့်ကြပါသည်။ ထို့ကြောင့် ရုပ်ဆင်းသွင်ပြင်တွင် ကျန်းမာသောအရေပြား ပိုင်ရှင်၊ နုပျိုလန်းဆန်းသော အရေပြားပိုင်ရှင် ဖြစ်ရန်အလွန်မှပင် အရေးပါပါသည်။
တစ်နေကုန်အလုပ်ရှုပ်၊ စိတ်ဖိစီးမှုများနေပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်သောအခါ သင်၏ရုပ်ဆင်းသွင်ပြင်သည် တောက်ပမှုမရှိနိုင်တော့ပါ။ ထို့ကြောင့် သင်၏ရုပ်ဆင်းသွင်ပြင်သည် လန်းဆန်းနေရမည်။ ကြည့်သောသူ၏ အမြင်မှာလည်း လန်းဆန်းနေရမည်။ တည်ကြည်ခန့်ညားသော ရုပ်သွင်ရှိနေရမည်။
သဘာ၀အားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် အရေပြားထိန်းသိမ်းခြင်းကို ပို၍စိတ်၀င်စားကြသည်။ အရေပြားထိန်းသိမ်းခြင်းသည် “ရုပ်ဆင်းရူပကာ” လှပတင့်တယ်စေရုံသာမက မိမိကိုယ်ကို ယုံကြည်မှုလည်းတိုးတက်စေပါသည်။ အရေပြားကျန်းမာနေစေရေးနှင့် ကြည့်ရှုကောင်းမွန်စေရန်အတွက် နေ့စဉ် အရေပြားထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရမှာဖြစ်ပါသည်။
အရေပြားသည် ခန္ဓာကိုယ်၏ အကြီးဆုံးသောအင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။ ခန္ဓာကိုယ်၏ အကြီးဆုံးအင်္ဂါတွေဖြစ်သော အသည်းထက်ပို၍ကြီးမားပါသည်။ ခန္ဓာကိုယ်အလေးချိန်၏ 15 ရာခိုင်နှုန်းခန့် ရှိပါသည်။ အရေပြား တစ်လက်မပတ်လည်တွင် ချေွးဂလင်းပေါင်း 650၊ သွေးကြောလေးပေါင်း 20၊ မယ်လနိုဆိုက် (Mealnocyte) အရောင်ခြယ်ဆဲလ်ပေါင်း 6000 ကျော်နှင့် အာရုံကြော အမျှင်ပေါင်းသောင်းနှင့်ချီ၍ရှိပါသည်။ အရေပြားကိုဖြတ်ကြည့်လျှင်တော့ -
1. အရေပြား၏ အပေါ်ဆုံးအလွှာ (Epidermis)
2. အရေပြားလွှာ (Dermis)
3. အရေပြားအောက်ဆုံးတစ်ရှူး (Subcutaneous tissue) ဟူ၍ သုံးလွှာပါရှိသည်။
ထိုသုံးလွှာသည် အရေပြားဖြစ်တည်မှုအတွက် အလွန်မှအရေးပါ ပါသည်။
အရေပြား၏ လုပ်ငန်းဆောင်တာများအနေဖြင့် -
1. အရေပြား၏ ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးခြင်း
2. အပူချိန်ကို ထိန်းညှိပေးခြင်း
3. ဗီတာမင် D ကို ထုတ်လုပ်ပေးခြင်း
4. ခရမ်းလွန်ရောင်ခြည်၏ဒဏ်ကို ကာကွယ်ပေးခြင်း
5. ခန္ဓာကိုယ်အင်္ဂါများ၏ ထိမှု၊ သိမှု၊ အာရုံခံစားမှုများကို အာရုံကြောမျှင်လေးများမှ တစ်ဆင့် ဆောင်ရွက်ပေးခြင်း
6. ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တည်ဆောက်ပေးခြင်းတို့ဖြစ်ပါသည်။
အရေပြားကို အခြေခံပြုစု ထိန်းသိမ်းခြင်းဖြင့် ဘ၀တစ်လျှောက်လုံးမှာ ကောင်းကျိုးကိုရရှိစေမှာဖြစ်ပါသည်။
အရေပြားထိန်းသိမ်းခြင်းကို ဆောင်ရွက်ရန်အတွက် အရေပြားအမျိုးအစားကို သိရှိရန်လိုအပ်ပါသည်။ အရေပြားအမျိုးအစားပေါ်မူတည်၍ ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွဲပြားသွားမည်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အရေပြားများကို ဖစ်ခ်ပက်ထရစ် အရေပြားအမျိုးအစားခွဲခြားခြင်း (Fitzpatrick Classsification) အရ အမျိုးအစား 6 မျိုးခွဲခြားထားပါသည်။
ပထမအမျိုးအစားမှာ အသားဖြူသော (Fair Skin) ဖြစ်သည်။ နီကိုကစ်မင်း၊ ဂျူလီယံမိုးတို့၏ အသားအရေ အမျိုးအစားဖြစ်ပြီး အသားအရေ အမျိုးအစား (1) ဟု သတ်မှတ်ပါသည်။
အသားအရေ ဒုတိယအမျိုးအစားမှာ အန်ဂျလီနာဂျိုလီနှင့် ဂျူလီယာရောဘတ်တို့တွင် တွေ့ရသော အဖြူ ရောင် (Light) ဖြစ်ပါသည်။
ဂျနီဖာအန်နီစတန်၊ ပဲရစ်ဟီလတန်တို့တွင်တွေ့ရသော အလယ်အလတ်ဖြူသော အသားအရေ (Medium Light) ကို အသားအရေ တတိယတန်းစားဟုခေါ်သည်။
အလယ်အလတ်ထက်ပို၍မဲသော အသားအရေ (Medium dark of olive) ကို စတုတၳတန်းစားအသားအရေ ဟုခေါ်ပါသည်။ ထင်ရှားကျော်ကြားသူများထဲတွင် ဂျက်စီကာ အယ်လ်ဘာ၊ ဂျေလိုတို့တွင် တွေ့ရသည်။
ကျွနု်ပ်တို့နိုင်ငံများနှင့် မြောက်အမေရိကတိုက်၏ မူရင်းလူမျိုးများတွင် တွေ့ရသော အညိုရောင် (Brown) အသားအရေ အမျိုးအစားကိုတော့ ပဉ္စမအမျိုးအစားဟုခေါ်ပါသည်။ ၎င်းအသားအရေမျိုးကို ဘီယွန်းစေး၊ ဟယ်လီဘာရီတို့တွင် တွေ့နိုင်ပါသည်။
စတားဂျုန်း၊ တိုင်ရာဘင့်စ်တို့တွင် တွေ့ရသော အသားအရေမျိုးကို အသားအရေ အမျိုးအစား (6) ဟု သတ်မှတ်ပြီး အနက်ရောင် အမျိုးအစားဖြစ်ပါသည်။
အရေပြားအမျိုးအစားပေါ်မူတည်၍ နေရောင်ခြည်နှင့်ထိတွေ့သောအခါ အရေပြား၏ တုန့်ပြန်မှု အမျိုးမျိုးကို တွေ့ရှိရပေသည်။ အမျိုးအစား (1) သည် နေရောင်ခြည်နှင့်ထိတွေ့သောအခါ နေလောင်ခြင်း ကို ဖြစ်ပေါ်စေပြီး မည်သည့်အခါတွင်မှ အရောင်ခြယ်ဆဲလ် (Melano-cytes) များ၏ အကာအကွယ်ကို မရရှိပေ။ အမျိုးအစား (2) သည် လည်း နေလောင်ခြင်းကို လွယ်လင့်တကူဖြစ်ပေါ်စေပြီး နေရောင်ခြည် ကြောင့် အရေပြားအောက်ရှိ အရောင်ခြယ်ဆဲလ်များ၏ တုန့်ပြန်မှုအဖြစ် ဝါညိုရောင်ဖြစ်ပေါ်ခြင်း (Tan) ကို အနည်းငယ်သာဖြစ်ပေါ်စေပါသည်။ အမျိုးအစား (3) သည် ဝါညိုရောင်ဖြစ်ပေါ်ခြင်းကို တစ်ညီတစ်ညာတည်းဖြစ်ပေါ်စေပြီး အမျိုးအစား (4) သည် Tan ကို အမြဲတမ်းဖြစ်ပေါ်စေပါသည်။ အမျိုးအစား (6) သည် မည်သည့်အခါတွင်မျှ နေလောင်ခြင်းကိုမဖြစ်ပေါ်စေဘဲ အမျိုးအစား (5) သည် တစ်ခါတစ်ရံမျှသော နေလောင်ခြင်းကိုဖြစ်ပေါ်စေသည်ကို တွေ့ရသည်။
ထို့အပြင် မျက်နှာ၏ အရေပြားတွင် ရေပါ၀င်မှုအနည်းအများ၊ အဆီပါ၀င်မှုနှင့် မျက်နှာပြင်အရေပြား၏ ခံနိုင်ရည်ကို မူတည်ပြီး
1. ပုံမှန်အရေပြားအမျိုးအစား (Normal Skin)
2. အဆီအထွက်များသော ချေွးပေါက်ကျယ်သော အရေပြားအမျိုးအစား (Oil Skin)
3. ခြောက်သွေ့သောအရေပြား အမျိုးအစား (Dry Skin)
4. အထက်ပါအချက်များစုပေါင်း ပါ၀င်သော အရေပြားအမျိုးအစား (Combination Skin) ဟူ၍ 4 မျိုး ထပ်မံ ခွဲခြားနိုင်ပါသည်။
၎င်းတို့ခွဲခြားချက်များကိုမူတည်ပြီး အရေပြားအား ကုသချက်ပေးရမည်ဖြစ်ပါသည်။
အရေးကြီးသော ပုံမှန်အရေပြားထိန်းသိမ်းခြင်း (Essential Routine Skin Care)
အရေးကြီးသော ပုံမှန်အရေပြား ထိန်းသိမ်းခြင်းလုပ်ငန်းတွင် တစ်နေ့တာအတွက် နံနက်ပိုင်းနှင့်ညပိုင်းဟူ၍ ဆောင်ရွက်ရမှာဖြစ်ပါသည်။ အထူးသဖြင့် မျက်နှာကို ထိန်းသိမ်းခြင်းလုပ်ငန်းဖြစ်ပါသည်။
အရေပြားကို ပုံမှန်ထိန်းသိမ်းခြင်းလုပ်ငန်းများ
နံနက်ပိုင်း
1. အရေပြားကို သန့်ရှင်းအောင် ဆေးကြောခြင်း
(1) မျက်နှာသစ်ဆေးရည် အသုံးပြုခြင်း
(2) မျက်နှာရှိဆဲလ်အသေများ ဖယ်ရှားခြင်း
2. မျက်နှာ၏ ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်း
3. အရေပြားကို နေရောင်ကာခရင်လိမ်းပေးခြင်း
4. မျက်နှာခြယ်သခြင်း (မိတ်ကပ်၊ သနပ်ခါး)
ညနေပိုင်း
1. အရေပြားကိုသန့်ရှင်းအောင် ဆေးကြောခြင်း
(1) မျက်နှာသစ်ဆေးရည် အသုံပြုခြင်း
(2) မျက်နှာရှိဆဲလ်အသေများ ဖယ်ရှားခြင်း
2. မျက်နှာ၏ ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်း
3. မျက်နှာခြယ်သခြင်း (သနပ်ခါး)
အဆင့် (1) (2) (3) ကို ပြုလုပ်ရန်ဖြစ်ပါသည်။
အရေပြားကို အထူးထိန်းသိမ်းခြင်းလုပ်ငန်းများ
နံနက်ပိုင်း
1. အရေပြားကို သန့်စင်ခြင်း
(1) မျက်နှာသစ်ဆေးရည် အသုံးပြုခြင်း
(2) မျက်နှာသန့်ရှင်းခြင်းနှင့် ချေွးပေါက်များကျဉ်းစေရန် ပြုလုပ်ခြင်း
(3) မျက်နှာရှိဆဲလ်အသေများ ဖယ်ရှားခြင်း
2. မျက်နှာအရေပြားကို ကုသမှုပေးခြင်း (ဥပမာ - ၀က်ခြံ၊ အရေးအကြောင်းများ)
3. မျက်နှာအရေပြားကို အာဟာရဖြည့်ပေးခြင်း
(1) မျက်နှာပြင်ရှိအရေးအကြောင်းများကို ကုသမှုပေးခြင်း (Anti-wrinkle Cream)
(2) မျက်နှာအရေပြားနုပျိုအောင် အားဖြည့်ခြင်း (Anti-aging Cream)
4. မျက်နှာပြင်၏ ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်း
5. အရေပြားကို Sunscreen လိမ်းခြင်း၊ နေလောင်ခြင်းမှ ကာကွယ်ပေးခြင်း
6. မျက်နှာပြင်ကို ခြယ်သခြင်း (မိတ်ကပ်၊ သနပ်ခါး)
ညပိုင်း
1. အရေပြားကို သန့်စင်ခြင်း
(1) မျက်နှာသစ်ဆေးရည် အသုံးပြုခြင်း
(2) မျက်နှာသန့်ရှင်းခြင်းနှင့် ချေွးပေါက်များကျဉ်းစေရန် ပြုလုပ်ခြင်း
(3) မျက်နှာရှိဆဲလ်အသေများ ဖယ်ရှားခြင်း
2. မျက်နှာအရေပြားကို ကုသမှုပေးခြင်း (ဥပမာ - ၀က်ခြံ၊ အရေးအကြောင်းများ)
3. မျက်နှာအရေပြားကို အာဟာရဖြည့်ပေးခြင်း
(1) မျက်နှာပြင်ရှိအရေးအကြောင်းများကို ကုသမှုပေးခြင်း
(2) မျက်နှာအရေပြားနုပျိုအောင် အားဖြည့်ခြင်း
4. မျက်နှာပြင်၏ ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်း
5. မျက်နှာပြင်ကို ခြယ်သခြင်း (မိတ်ကပ်၊ သနပ်ခါး)
အရေပြားပြုပြင်ထန်းသိမ်းရေးလုပ်ငန်းစဉ်များကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပြုပြင်ခြယ်သပေးရမည်။ ပြုပြင်ခြယ်သသည့် လုပ်ငန်းစဉ်အားလုံးကိုလိုအပ်သည့် အပိုင်းကိုသာ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ အရေပြားကို သန့်စင်ခြင်းတွင် အဆင့် (3)ဆင့်ရှိသော်လည်း သုံးဆင့်စလုံးမလိုပါ။ ၀က်ခြံများ၊ အရေးအကြောင်းများအတွက် ကုသမှုပေးခြင်းသည် ၀က်ခြံရှိသူများအတွက်သာ ဖြစ်ပါသည်။ မျက်နှာအရေပြားကို အာဟာရဖြည့်တင်းပေးခြင်းသည် အသက် 30 ကျော် 40 လောက်မှသာ လိုအပ်မည်ဖြစ်သည်။ မျက်နှာပြင်၏ ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့် တင်းခြင်းတို့လိုအပ်မည်ဖြစ်သည်။ ညပိုင်းတွင် Sunscreen လိမ်းရန်မလိုအပ်ပါ။
ထို့ကြောင့် အရေပြားထိန်းသိမ်းခြင်းအတွက် အဓိကလိုအပ်သော အဆင့်များမှာ -
1. အရေပြားကို သန့်စင်းခြင်းမှ တစ်မျိုးသို့မဟုတ် နှစ်မျိုး
2. မျက်နှာပြင်ရေဓာတ်ထိန်းသိမ်းခြင်းနှင့် ရေဓာတ်ဖြည့်တင်းခြင်း
3. မျက်နှာအရေပြားကို အာဟာရဖြည့်တင်းပေးခြင်း
4. နေပူထဲသွားမည့်သူများ၊ နံနက်ပိုင်းတွင် Sunscreen လိမ်းခြင်းနှင့် ၎င်းအပေါ်မှ
5. မျက်နှာပြင်ကို မိတ်ကပ်၊ သနပ်ခါး တို့ဖြင့် ခြယ်သခြင်းတို့သည်အဓိက လုပ်ဆောင်ရမည့်လုပ်ငန်းများဖြစ်ပါသည်။
ဆယ်ကျော်သက်များ အသက် 20 ကျော်များအတွက် ပုံမှန်အသားအရေထိန်းသိမ်းခြင်း ကို ဆောင်ရွက်နိုင်ပါသည်။ ဆယ်ကျော်သက်အရွယ်များတွင် ၀က်ခြံများထွက်တတ်သဖြင့် အဆီမပါသော Moisturizer (Oil Free Moisturizer) များကိုသုံးပါ။ အဆီများသော အလှကုန်ပစ္စည်းများ (Greasy Cosmetics) ကို ရှောင်ကြဉ်သင့်ပါသည်။ မျက်နှာမှ မိတ်ကပ်များကို မဖယ်ရှားဘဲ မအိပ်သင့်ပါ။ ထို့အပြင် အရေးအကြောင်းပျောက်သော ခရမ်များ၊ အရေပြားကို အသေးစားဒဏ်ရာရစေသော မိုက်ခရိုဘာရေးရှင်း (Microderma-bration) မလိုအပ်ပါ။
အသက် 30 ကျော်လာသောအခါ Moisturizer များတွင် Anti-oxidant ၊ ဗီတာမင် C များ ပါ၀င်သင့်ပါသည်။ ညဘက်တွင် လိမ်းသောခရင်မ်များတွင်လည်း ဗီတာမင် A ပါသော ခရင်မ်များ သို့မဟုတ် Glycolic ပါသော သို့မဟုတ် Salicylic အက်ဆစ်ပါသော ခရင်မ်များကို အသုံးပြုသင့်ပါသည်။
အသက် 40 ကျော်လာလျှင် gel အစား Cream ဖြစ်သော Cleanser များသုံးသင့်ပါသည်။ ထို့အပြင် အမြှုပ် သိပ်မထွက်သော ခရင်မ်များ၊ မခြောက်လွယ်သော Cleanser (Non-drying Cleanser) များ သုံးသင့်ပါသည်။ Moisturizer များတွင်လည်း SPF 15 သို့မဟုတ် 20 ပါသော ခရင်မ်များ၊ Serum တွင်လည်း Leucopene သို့မဟုတ် Green Tea တို့ပါ၀င်သည့် Serum ကို လိမ်းသင့်ပါသည်။
အသက် 50 ကျော်လာလျှင်တော့ ဆပ်ပြာမဟုတ်သော Cleanser (non-soap cleanser) များ သို့မဟုတ် ခရင်မ်များကို သုံးခြင်းဖြင့် ရေဓာတ်ဖြည့်ပြီးသားဖြစ်ပါသည်။ Serum တွင်လည်း Peptides သို့မဟုတ် ဗီတာမင် C ပါသော ခရင်မ်များလိမ်းသင့်သည်။ ညဘက်တွင် ဗီတာမင် A (Retin-A) ပါသော ခရင်မ်များလိမ်းသင့်ပါသည်။
အသက် 50၊ 60 ကျော်နှင့် 70 ကျော်တို့၏ Skin Care အတွက် လိမ်းရမည့် ပစ္စည်းများသည် အနည်းနှင့် အများ အတူတူပင်ဖြစ်ပါသည်။ သို့သော် အသက် 60 ကျော်လာသောအခါ အရေပြား၏ Sensitivity သည် ပို၍များ လာပါသည်။
ကုသမှုပေးသောလုပ်ငန်းများ (Targeted Treatment)
မျက်နှာကို အရေပြားအထူး ထိန်းသိမ်းခြင်းလုပ်ငန်းအနေဖြင့် မျက်နှာ၏ အခြေအနေအပေါ်တွင် မူတည်၍ ကုသမှုပေးသော လုပ်ငန်းများ (Targeted Treatment) ပေးရမှာဖြစ်ပါသည်။ ဥပမာအားဖြင့် မျက်နှာပေါ်တွင် ၀က်ခြံ များ (Acne)၊ အနီရောင် အမှတ်များ (Red Marks)၊ အရေးအကြောင်းများ (Wrinkles)၊ နေလောင်ကွက်များ (Sun damage)၊ အညိုရောင်အကွက်များ (Brown Spots) နှင့် မျက်နှာနီမြန်းရောဂါ (Acne Rosacea) စသည်တို့တွင် ရောဂါကိုအခြေတည်၍ ကုသပေးခြင်းများပေးရန် လိုအပ်ပါသည်။ ယင်းသို့သော အခြေအနေမျိုးတွင် မျက်နှာကို အောက်ပါအတိုင်း ကုသမှုပေးရန် လိုအပ်ပါသည်။
ဥပမာ - မျက်နှာတွင် ၀က်ခြံ (Acne) ရှိနေပါက ၀က်ခြံအတွက် လိုအပ်သော ဘင်ဇိုင်းပါအောက်ဆိုဒ် (Benzyl Peroxide-BOP)၊ ရတီနော (Retinol) ပါသော ဆေးများကို ယခုအဆင့်တွင် အသုံးပြုလိမ်းရမည်။
လှနိုင်ကြပါစေ။
ဆက်ရန်
Credit; ဒေါက်တာ၀င်းဇော် (အရေပြား)
Health Digest Journal
Vo-13, No-21, 17-2-2016
















