/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အရိုးပွရောဂါ

အရိုးပွရောဂါ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးချစ်စိုး (ပါမောက္ခ)

        အရိုးပွရောဂါဟာ အဖြစ်လည်းများ၊ သူ့ကြောင့် အရိုးကျိုးပြီး ဒုက္ခရောက်ရတာလည်းများပေမယ့် ဒီမှာ သိပ်ပြီး အလေးမထားကြသေးတာကြောင့် ဆရာ၀န်တွေအတော်များများက ထပ်ကာထပ်ကာ ရေးသားတင်ပြနေရတဲ့ရောဂါ တစ်ခုပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလကတောင် မလေးရှားနိုင်ငံတက္ကသိုလ်တစ်ခုက ဖိတ်ခေါ်လို့ကျောင်းသားတွေ၊ ဆရာတွေကိုရော၊ တက္ကသိုလ်ရေဒီယိုကတစ်ဆင့်ရော အရိုးပွရောဂါ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ် ကုသရမှာလဲဆိုတာ ဟောပြောခဲ့ရတော့ ဒီမှာလည်း ထပ်ပြောချင်မိပါတယ်။

          အရိုးပွရောဂါဟာ ထိခိုက်ဒဏ်ရာရောဂါ အပါအ၀င်ဖြစ်တဲ့ အရိုးအကြောရောဂါတွေကြောင့် လူသားတွေ ထိခိုက်မှုကို တွက်ချက်တဲ့အခါ သေဆုံးနှုန်းအပြင် နာတာရှည်ခံစားရလို့ ငွေကုန်ကာ အလုပ်မလုပ်နိုင်၊ လမ်းမလျှောက်နိုင်လို့ ဘ၀အရည်အသွေး လျော့ပါးရတောတွေပါ ထည့်တွက်လာကြပါတယ်။ ကွာလတီ (Quality Adjusted Life Year) လို့ ခေါ်ပါတယ်။ ဒီအခါအရင်တုန်းက ကျန်းမာရေးပြဿနာတွေရဲ့ ထိပ်ဆုံးလို့ ထင်ထားကြတဲ့ သေနှုန်းများတဲ့ ငှက်ဖျား၊ တီဘီကူးစက်ရောဂါတွေဟာ အောက်နားရောက်သွားကြပြီး အဖြစ်လည်းများ၊ နာတာရှည်လည်း ဖြစ်တဲ့ နှလုံးရောဂါတွေက ထိပ်ရောက်လာပါတယ်။ အရိုး၊ အကြော၊ အဆစ်ရောဂါတွေကတော့ နံပါတ် နှစ်ပေါ့။ အရိုး၊ အကြော၊ အဆစ်ရောဂါ တွေကြောင့် လူသားတွေကုန်ဆုံးသွားတဲ့ ငွေဟာ တစ်နှစ်ကို ဒေါ်လာပေါင်း ၂၃၀ ဘီလီယံ ရှိပါသတဲ့။ ဒါကြောင့် ၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခါ၊ နောက်ဆက်ပြီး ၂၀၀၁ ကနေ ၂၀၁၀ အထိ ဆယ်စုနှစ်တစ်ခု အရိုး၊ အကြော၊ အဆစ် ဆယ်စုနှစ်ဆိုပြီး ဒီရောဂါတွေအကြောင်းကို အလေးပေး သုတေသနလုပ်ဖို့၊ ဟောပြော အသိပေးကြဖို့ ကမ်ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းလုပ်ဆောင်ခဲ့ကြပါတယ်။

အရိုးပွရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုသိနိုင်မှာလဲ။

        အရိုးပွရောဂါဆိုတာ အရိုးက ခိုင်သင့်သလောက် မခိုင်တော့ဘဲ နည်းနည်းထိရုံနဲ့ ကျိုးနိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့ရောဂါပါ။ ပုံမှန်အားဖြင့် သစ်ပင်ပေါ်က ကျ၊ ကားတိုက်ရင် အရိုးကျိုးတယ် ဆို်တာ ဖြစ်တတ်တဲ့သဘာ၀ဖြစ်ပေမဲ့ ငယ်တုန်း၊ အရိုးတွေ ခိုင်တုန်းဆိုရင် ကစားရင် ချော်လဲလို့ အရိုးမကျိုးပါဘူး။ ကလေးတွေဆို လှေကားနှစ်ထစ်၊ သုံးထစ်က လိမ့်ကျ၊ ကုပ်ပေါ်က ပြုတ်ကျလည်း မကျိုးပါဘူး။ ဒါပေမဲ့ အသက် ၅၀ ကျော်လို့ အရိုးတွေပွလာတဲ့အခါ ရေချိုးခန်းထဲမှာ ချော်လဲရုံနဲ့ အရိုးကျိုးတာတို့၊ လှေကားဆင်းရင်း တစ်ထစ်ချော်ပြီး ချော်လဲတာတောင်မဟုတ်ဘဲ ဟန်ချက်ပျက်လို့ ထိန်းလိုက်တာနဲ့တင် အရိုးကျိုးတာတို့ ဖြစ်လာတာက အရိုးတွေကမခိုင်တော့လို့ပါ။

          အရိုးတွေဟာ အနေအထိုင်၊ အစားအသောက်နဲ့ ဟော်မုန်းတွေပေါ်မူတည်ပြီး ငယ်ရာကနေ တဖြည်းဖြည်းကြီး ထွားလာတာအသက် ၃၀ အရွယ်လောက်မှာ အခိုင်ဆုံး၊ အထူဆုံး ဖြစ်လာပါတယ်။ အဲဒါကို “အရိုး သိပ်သည်းဆ အကောင်းဆုံးအချိန်” လို့ခေါ်ပါတယ်။ အဲဒီကနေ ကိုယ်ခန္ဓာရဲ့ သွေးသားဟော်မုန်းတွေကလည်း အားနည်းလာ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုကလည်း နည်းလာတာနဲ့အမျှ အရိုးတွေက တဖြည်းဖြည်းပြန်ပါးလာ၊ ခိုင်မာမှု လျော့လာလိုက်တာ ၅၀ ကျော် သွေးဆုံးပြီဆိုရင် ဖြည်းဖြည်းလျော့ရာကနေ မြန်မြန်လျော့လာလို့ ၅၅-၆၀ ဆိုရင် နည်းနည်းထိတာနဲ့တင် ကျိုးနိုင်တဲ့ အခြေအနေကို ရောက်လာတတ်ကြပါတယ်။

          အသက် ၅၅ ကျော်ရင် လူ ၁၀၀ မှာ ၅၀ လောက်က အရိုးပုံမှန်သိပ်သည်းဆမရှိတော့ဘဲ ကျိုးဖို့လွယ်တဲ့ အခြေအနေ၊ တစ်နည်း အရိုးပွရောဂါရှိတဲ့ အခြေအနေကို ရောက်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ ဒီအခြေအနေမှာ ကျိုးမှ ကုတာထက်ကြိုတင်စစ်ဆေးကြည့်ပြီး အရိုးပွနေပြီဆိုရင် ဆေးကြိုသောက်ထားတာက ပိုကောင်းမယ်လို့ သဘောတူကြပါတယ်။

          အရိုးပွ ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ ဓာတ်မှန်တစ်မျိုးဖြစ်တဲ့ DEXA လို့ခေါ်တဲ့ အရိုးသိပ်သည်းဆ တိုင်းစက်နဲ့ ရိုက်ကြည့်တဲ့နည်းပါ။ အဖြေက ကားမီးပွိုင့်လိုပဲ။ အစိမ်း၊ အဝါ၊ အနီ သုံးလိုင်းနဲ့ ထွက်ပါတယ်။ အစိမ်းထဲမှာဆို စိတ်ချရသေးတယ်၊ အဝါထဲမှာဆို နည်းနည်းပါးနေပြီ၊ အနီထဲမှာဆိုရင်တော့ အရိုးပွရောဂါဖြစ်တဲ့အခြေအနေ ဖြစ်နေပြီလို့ သိနိုင်ပါတယ်။ ဒါကို ဂဏန်းနဲ့လည်း ပုံမှန်ကနေ လျော့ကျသွားတာကို အနုတ် ၁.၅ မှ -၂.၅ အထိကို အရိုးပါးတာ(အဝါရောင်)၊ (-၂.၅) အောက်လျော့တာကို အရိုးပွရောဂါအဆင့် (အနီရောင်)လို့လည်း အသေးစိတ် ဖော်ပြနိုင်ပါတယ်။ ကုန်ကျစရိတ်က (၅၀၀၀၀ိ)လောက် ကျပါတယ်။

          နောက်တစ်နည်းကတော့ အရိုးကို အသံလှိုင်း (Ultrasound) နဲ့တိုင်းတဲ့နည်းပါ။ သူကတော့ ဈေးသက်သာ(၅၀၀၀ိ/- ခန့်) ပေမဲ့ အမှားများတတ်လို့ချင့်ယုံရပါတယ်။ တစ်ဖက်ကလည်း သွေးတိုး၊ ဆီးချိုကုတဲ့အခါမှာ သွေးပေါင် ချိန်တစ်ခုတည်း၊ သွေးတွင်းသကြားဓာတ်မြင့်တက်မှု တစ်ခုတည်းကိုကြည့်ပြီး ကုတာမဟုတ်ဘဲ နှလုံးရောဂါ၊ လေဖြတ် ရောဂါတွေကိုကာကွယ်ဖို့ ဦးတည်ပြီး အဆီ၊ ဆေးလိပ်၊ အရက် စတာတွေကိုပါ တွဲကုရသလို အရိုးပွရောဂါမှာလည်း အရိုးသိပ်သည်းဆတစ်ခုတည်း မကြည့်ဘဲ အရိုးကျိုးခြင်းကို ဖြစ်စေတတ်တဲ့ တခြားအကြောင်းတွေကိုလည်း ထည့် တွက်ပြီးမှ အရိုးကျိုးနိုင်တဲ့အလားအလာကို ချိင့်ချိန်ပြီး ဆေးစပေးဖို့၊ မပေးဖို့ စဉ်းစားရပါတယ်။ သာမန်အားဖြင့် အနီရောင် (-၂.၅)အောက် လျော့မှ ဆေးစပေးပေမဲ့ စတီးရွိုက်သောက်တဲ့သူ၊ လေးဖက်နာရှိသူ၊ ပိန်တဲ့သူ၊ မိသားစုထဲမှာ အရိုးကျိုးဖူးတဲ့သူရှိသူ၊ ဆေးလိပ်သောက်သူ စတာတွေဆိုရင် အဝါရောင် (-၁.၅) ထဲက ဆေးစကုတာတွေလည်းရှိပါတယ်။

ကုလို့ရပါသလား

        ရပါတယ်။ ဒါပေမဲ့ ကြာပါတယ်။ ၂ နှစ်ကနေ ၄ နှစ်လောက်သောက်မှ အရိုးက သိသိသာသာ ပြန်မာလာပြီး ကွာခြားမှုကို တိုင်းတာနိုင်ပါတယ်။ ဒါကြောင့် ဆေးစသောက်ပြီး လပိုင်းနဲ့ DEXA ပြန်ရိုက်ကြည့်ရင်ထူးမှာမဟုတ်ပါဘူး။ အသုံးအများဆုံးဆေးကတော့ ဘိုင်ဖောစဖိုနိတ်ပါ။ အယ်လင်ဒရိုနိတ်နဲ့ ရိုစီဒရိုနိတ်တွေကို တစ်ပတ်တစ်ခါသောက်ရ ပါတယ်။ သတိထားရမှာက မနက်စောစော၊ ရေတစ်ခွက်နဲ့ သောက်ရပြီး၊ သောက်ပြီးရင်လည်း နာရီ၀က် ပြန်မအိပ်ဘဲ ထိုင်နေ၊ ရပ်နေရမှာပါပဲ။ အခုတော့ အဲဒီကရိကထကို မခံချင်တဲ့သူတွေအတွက် တစ်လ တစ်ခါ၊ တစ်နှစ်တစ်ခါ ထိုးရတဲ့ ထိုးဆေးတွေလည်း ပေါ်လာပါပြီ။ ဈေးကတော့ ကြီးနေပါသေးတယ်။

          သွေးဆုံးပြီးစ အမျိုးသမီးတွေမှာဆိုရင်တော့ မဟော်မုန်း အစားထိုးပေးခြင်းကုထုံးကို သုံးနိုင်ပါတယ်။ ကိုယ်၀န် ဆောင်တားဆေးလိုပါပဲ။ ဒါပေမဲ့ ပါ၀င်တဲ့ အီစထရိုဂျင်မဟော်မုန်းက အတော်နည်းတော့ ဆိုးကျိုးနည်းပြီး ရေရှည် သောက်လို့ကောင်းပါတယ်။

          ဒါပေမဲ့ ဒီနှစ်မျိုးလုံးရဲ့ ပြဿနာက ၄ နှစ်ထက် ပိုသောက်လို့မရတာပါပဲ။ အသက် ၅၀ မှာ အရိုးပွဖြစ်လို့ ဆေးသောက်ပြီး ၄ နှစ်ပြည့်တဲ့အခါ ဘာဆက်ပေးရမလဲဆိုတာ ဆရာ၀န်တွေခေါင်းခဲရတဲ့ အချက်ပါပဲ။ “ဘိုင်ဖော့” က သွားဖုံးဆွေးတာ၊ ကျိုးနေကျမဟုတ်တဲ့နေရာမှာ အရိုးကျိုးတာတွေ ဖြစ်တတ်သလို မဟော်မုန်းကလည်း ကြာရင်နှလုံး ရောဂါနဲ့ သားအိမ်ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တာမို့ ရေရှည်သုံးဖို့ မတိုက်တွန်းကြပါဘူး။

          ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင်ဒီဆေးပြားတွေကတော့ အာနိသင် နှေးပေမဲ့ရေရှည်သုံးလို့ရပါတယ်။ ကယ်လ်ဆီ ယမ် ၁၅၀၀ မီလီဂရမ်နဲ့ ဗိုက်တာမင်ဒီ ၄၀၀ ယူနစ်လောက် နေ့စဉ်စားရင် အရိုးကျိုးတာကို ကာကွယ်နိုင်ပါတယ်။

          နောက်ပိုင်းပေါ်လာတာတွေကတော့ ဗိုက်တာမင်ကေ (ဂလာကေး)နဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ စထရန်တီယန် (ပရိုတော့) တို့ဖြစ်ပါတယ်။ အ၀င်ကောင်း၊ အကျိုးများ၊ ဆိုးကျိုးနည်းပေမဲ့ တစ်နေ့ တစ်ထောင်လောက် ကျမှာဆိုတော့ ဈေးက ကြီးနေပါတယ်။

          နောက်ဆုံးပေါ်လာတာကတော့ အရိုးတွေကို စားတတ်တဲ့ ဆဲလ်တွေကို ဟန့်တားပေမယ့် ဇီ၀ကုထုံးပါ။ ဒေါ်နိုး ဆူမက် (Denosumab) လို့ခေါ်ပါတယ်။ ခြောက်လတစ်ခါ ထိုးရတဲ့ဆေးကို စင်ကာပူက မှာထိုးနေတဲ့သူတွေလည်း ရှိနေပါပြီ။

          အရေးကြီးတာကတော့ အသက် ၅၀ ကျော်မှ အရိုးပွလေ့ရှိတယ်ဆိုပေမဲ့ လည်ပင်းကြီးရောဂါရှိသူ၊ စောစော စီးစီး သွေးမဆုံးသူ၊ ပန်းနာရင်ကျပ်ရှိလို့ စတီးရွိုက်ရှူ၊ ဆေးရှူရသူ စတာတွေမှာ အသက် ၄၀ လောက်မှာတင် အရိုးပွ တာတွေ တွေ့နေရတာမို့ မသင်္ကာရင် ဆရာ၀န်နဲ့တိုင်ပင်ပြီး စစ်ဆေးဖို့လိုပါတယ်။

          ပိုအရေးကြီးတာက အသက် ၅၀ ကျော်မှာ အရိုးမပွဖို့၊ အသက် ၃၀ မှာ အရိုးသိပ်သည်းဆအကောင်းဆုံးဖြစ် ရပါမယ်။ အသက် ၃၀ မှာ အရိုးအကောင်းဆုံးဖြစ်ဖို့ ကလေး၊ လူငယ်ဘ၀ကတည်းက ကယ်လ်ဆီယမ်၊ ဗိုက်တာမင်ဒီ အပြည့်အ၀စားဖို့၊ (နို့၊ ကြက်ဥ စသဖြင့်)၊ နေရောင်ခြည် တစ်နေ့ မိနစ် ၂၀ လောက်ရဖို့၊ ကိုယ်လက်လှုပ်ရှား တစ်နေ့ နာရီ၀က်လုပ်ဖို့ စတာတွေ လုပ်ထားရပါမယ်။ ဒါမှ ၅၀ ကျော်လို့ အရိုးပွပြီး ကျိုးမယ့် ၅၀% မှာ ကိုယ်မပါမှာပါ။

          အစားအစာတွေနဲ့ တစ်နေ့တာ ကယ်လ်ဆီယမ်လိုအပ်ချက်ရဲ့ ဘယ်လောက်ရာခိုင်နှုန်းပါတယ် ဆိုတာကို ဖော်ပြလိုက်ပါတယ်။

-  တို့ဟူး သုပ်တစ်ပန်းကန်                                   -    ၂၀%

-  ပဲနို့ရည်တစ်ပုလင်း                                          -    ၂၅%

-  အရိုးပါစားလို့ရသော ငါးဟင်း ၂ တုံး                      -    ၃၀%

-  ပဲကြီးနှပ် ၁ ပန်းကန်                                        -    ၁၅%

-  ကယ်လ်ဆီယမ်ဖြည့်ထားသောလိမေ္မာ်ရည် ၁ ခွက်     -    ၂၀%

-  ပန်းဂေါ်ဖီ တစ်ပန်းကန်                                    -    ၁၀%

Credit: ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ်အထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 241, February 2015

www.drmyanmar.com