/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကြွက်နို့-viral-warts-ဆိုတာ-ကြောက်စရာလား

ကြွက်နို့ (Viral Warts) ဆိုတာ ကြောက်စရာလား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

       “ဒေါက်တာရေ ကျွန်မမေမေရဲ့မျက်နှာပေါ်က အဖုကလေးက အမွေးလိုလိုအမျှင်အမျှင်တွေ ထွက်လာလို့”

          “ကျွန်မသားလေးရဲ့ ခြေဖဝါးမှာ အသားမာဖြစ်လို့ဆရာမ”

          “ကျွန်မမျက်နှာကိုကြည့်ပါဦးဒေါက်တာရယ်၊ မဲ့ှခြောက်တွေအရမ်းကိုများလာလို့”

          “ဆီးစပ်မှာ အဖုစိုစိုတွေပေါက်နေလို့ဆရာမရယ် ကာလသားရောဂါဖြစ်ပြီလားမသိဘူး”

          “ဒီအဖုက ထိရင်သွေးထွက်တယ်၊ နည်းနည်းလည်းယားတယ်၊ အရေပြားကင်ဆာများလားဟင်”

          အထက်ပါအရေပြားပြဿနာများသည် လူနာနှင့် လူနာရှင်များထင်သလို မှဲ့ခြောက်၊ အသားမာ၊ ကာလသားရောဂါနှင့် အရေပြားကင်ဆာများမဟုတ်ကြပါ။ ဤပြဿနာအားလုံး၏ အမည်မှန်မှာ “ကြွက်နို့” ဖြစ်ပါ သည်။ ကြွက်နို့ကို အင်္ဂလိပ်လို Viral Warts ဟုခေါ်သည်။

 

          ကြွက်နို့ဆိုသည်မှာ ယေဘုယျအားဖြင့် မျက်နှာပြင်ကြမ်းတမ်းပြီး သေးငယ်သောအဖုမာမာကလေး များဖြစ် ပေါ်သည့်အရေပြားပြဿနာတစ်ခုဖြစ်သည်။ Human Papilloma Virus (HPV) ခေါ် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ အရေပြားတစ်နေရာမှ တစ်နေရာသို့ ပွားများလာတတ်သလို တစ်ဦးမှတစ်ဦးသို့လည်း ကူးစက်တတ် ပါသည်။ အချို့လူများတွင် လအနည်းငယ်ကြာလျှင် ပျောက်သွားတတ်သော်လည်း အချို့တွင်မူ နှစ်ပေါင်းများစွာ ကြာသည်အထိ ရှိနေတတ်သည်။

 

ကြွက်နို့ဘာကြောင့်ဖြစ်တာလဲ

        Human Papilloma Virus (HPV) ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်သည်။ HPV အမျိုးအစားရာကျော် ရှိပြီး ကြွက်နို့အမျိုးအစားများလည်း အမျိုးမျိုးကွဲပြားလေသည်။ အချို့သော HPV Type များသည် ကင်ဆာရောဂါ ကို ဖြစ်ပေါ်စေနိုင်သည်။ ဥပမာ HPV 16, 18, 31, 33 စသည်တို့သည် သားအိမ်ခေါင်းကင်ဆာ (Ca Cervix) ကိုဖြစ်ပေါ်စေနိုင်သည်။

          ကြွက်နို့အမျိုးအစားအမျိုးမျိုးရှိပါသည်။ HPV Type နှင့်ဖြစ်ပေါ်သောနေရာပေါ်လိုက်၍ ပုံသဏ္႑ာန်နှင့်အမျိုး အစားကွဲဲပြားပါသည်။ ထို့ကြောင့်လည်း ကြွက်နို့ကို အခြားသောအရေပြားအဖုများနှင့် မှားယွင်းတတ်ကြပါသည်။

 

အတွေ့ရများသော ကြွက်နို့အမျိုးအစားများ

(1)    ရိုးရိုး သို့မဟုတ် အဖြစ်များကြွက်နို့ (Common Warts)

        လူအများစုတွေ့ကြုံဖူးကြသော ကြွက်နို့အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် တွေ့ရတတ်သည်။ ထိခိုက်မိလျှင်နာပြီး သွေးထွက်တတ်သည်။ တစ်ခါတစ်ရံ အဖုထိပ်ပိုင်းတွင် အမွှေးအမျှင်လေးများ ဖွာထွက်နေ တတ်သည့် Filiform Warts များအဖြစ်တွေ့ရတတ်သည်။

          ၎င်းနှင့်မှားနိုင်သော အရေပြားပြဿနာများတွင် ကင်ဆာအကြိုအဆင့် (Pre-cancerous Lesions) ဖြစ်သည့် Keratoacanthoma, Actinic Keratosis တို့အပြင် ကင်ဆာအဆင့်ဖြစ်သော Squamous Cell Carcinoma (SCC) တို့ပါ၀င်ပါသည်။

 

(2)    ခြေဖဝါး၊ လက်ဖဝါးကြွက်နို့ (Plantar Warts)

        ခြေဖဝါးနှင့် လက်ဖဝါးတို့တွင်တွေ့ရပြီး အသားမာနှင့်ဆင်တူသည်။ ဘေးသို့ကျယ်ပြန့်လာပြီး လမ်းလျှောက်လျှင် နာတတ်သည်။ လမ်းလျှောက်ရာတွင် အားပြုရသည့် ခြေမ၊ ခြေဖနောင့်စသည့်နေရာများတွင် အတွေ့ရများသည်။ ၎င်းနှင့်မှားနိုင်သောအရေပြားပြဿနာမှာ အသားမာ (Corn)ဖြစ်ပါသည်။

 

(3)    ကြွက်နို့အပြား (Flat Warts)

        မျက်နှာ၊ လက်ဖမိုး၊ ခြေဖမိုးစသည်တို့တွင် တွေ့ရတတ်သည်။ 1-2mm ခန့်ရှိသောအသားရောင် သို့မဟုတ်  အညိုရောင်အဖုကလေးများဖြစ်ပြီး မှဲ့ခြောက်နှင့်ခပ်ဆင်ဆင်တူသည်။ ကုတ်ခြင်းပွတ်ခြင်းဖြင့် ပိုမိုပွားလာပြီး အကျည်းတန်အရုပ်ဆိုးစေသည်။

 

(4)    လိင်အင်္ဂါကြွက်နို့ (Genital Warts)

        လိင်အင်္ဂါ၊ စအိုနှင့် တစ်ခါတစ်ရံပါးစပ်ထဲတွင် တွေ့ရှိရပြီး လိင်ဆက်ဆံခြင်းအားဖြင့် ကူးစက်သည်။ အစပိုင်းတွင် ကာလသားရောဂါ (Secondary Syphilis) တွင်တွေ့ရသော လိင်အင်္ဂါအဖု (Condylomata) နှင့် ဆင်တူနိုင်ပါသည်။ ခုခံအားကျဆင်းသူများ၊ HIV/AIDS ေ၀ဒနာရှင်များတွင်အတွေ့ရများသည်။ အရေပြားကင်ဆာ (SCC) သို့လည်း ကူးပြောင်းသွားနိုင်သည်။

 

ကြွက်နို့ကို ကုသရန်လိုသလား

        သာမန်ကျန်းမာနေသူများတွင် ဖြစ်ပေါ်တတ်သော ကြွက်နို့များသည် အများအားဖြင့်အချိန်ကာလတစ်ခု ကြာသောအခါ သူ့အလိုလိုပျောက်သွားတတ်သော်လည်း အချို့တွင်မူ ကာလရှည်ကြာသည်အထိ မပျောက်နိုင်ဘဲ ပွားများလာတတ်ပါသည်။ ကြွက်နို့အချို့မှာ အရေပြားကင်ဆာနှင့် ဆင်တူတတ်ပြီး ကိုယ်ခံစားနည်းသူများတွင် အရေပြားကင်ဆာအဖြစ်သို့လည်း ပြောင်းလဲသွားနိုင်သောကြောင့် နားလည်တတ်ကျွမ်းသော ဆရာ၀န်နှင့်ပြသပြီး ကုသမှုခံယူသင့်ပါသည်။

 

ကုသနည်းများ

        ကြွက်နို့ကုသနည်းများ၏ အဓိကရည်ရွယ်ချက်မှာ HPV ကူးစက်နေသော ကြွက်နို့အဖုကို ဖျက်ဆီးပစ်ရန် ဖြစ်ပါသည်။ မည်သည့်နည်းကိုသုံးသည်ဖြစ်စေ နာကျင်ခြင်း၊ အမာရွတ်ထင်ခြင်းနှင့် တစ်ခါတစ်ရံ ကြွက်နို့့ပြန်ဖြစ် ခြင်းစသည်တို့ကို ကြုံတွေ့ရနိုင်ပါသည်။

 

(1)     ဓာတုနည်းဖြင့် ဖျက်ဆီးခြင်း

          Salicylic Acid, Lactic Acid, Podophyllin, Imiquimod စသည့် တို့ဆေး၊ လိမ်းဆေးများဖြင့် ကြွက်နို့ဖု ကိုပျက်စီးပျောက်ကင်းစေနိုင်သည်။ လူနာကိုယ်တိုင်လုပ်ရသည့်နည်းဖြစ်ပြီး လက်မှန်းမတည့်ပါက ကြွက်နို့မဟုတ် သောဘေးမှအသားကောင်းများပါ ပျက်စီးပြီး အမာရွတ်ထင်နိုင်သည်။

(2)     အေးခဲခြင်း (Cryosurgery)

(3)     လျှပ်စစ်အပူနည်း (Electrosurgery)

(4)     လေဆာနည်း (Laser)

(၅)     ခွဲစိတ်ခြင်း (Surgery)

          နံပါတ် (2) မှ (5) အထိနည်းလမ်းများသည် ကျွမ်းကျင်သောဆရာ၀န်နှင့် ကုသရသောနည်းများဖြစ်ပြီး အထူးကိရိယာ၊ ခွဲခန်းစသည်တို့လိုအပ်သည်။

 

ရှောင်ရန်၊ ဆောင်ရန်များ

ရှောင်ရန်

-      လက်သည်းဖြင့်ကုတ်ဖဲ့ခြင်းသည် လက်သည်းကြားတွင် ကြွက်နို့့ဖြစ်ပေါ်ပွားများနိုင်သဖြင့် အထူးရှောင်ကြဉ်ပါ။

-      မည်သည့်အရာ၀တၳုနှင့်မှ ပွတ်တိုက်ကုတ်ဖဲ့ခြင်းမပြုရ။ အခြားနေရာများသို့ ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်။ ဗက်တီးရီးယားပိုး၀င်၍ ပြည်တည်နာဖြစ်လာနိုင်သည်။

-      ကြွက်နို့သတ်ဆေး၊ တို့ဆေးများကို ဆရာ၀န်ညွှန်ကြားချက်မပါဘဲမသုံးရ။ ဘေးမှအရေပြားအကောင်းများ လောင်၍ အမာရွတ်ကြီးတတ်သည်။

 

ဆောင်ရန်

-      မျက်နှာသုတ်ပဝါနှင့် အသုံးအဆောင်များကို သီးသန့်သုံးခြင်းဖြင့် တစ်ဦးမှတစ်ဦးသို့ မကူးစက်အောင် ကာကွယ်ပါ။

-      ဆရာ၀န်၏ ညွှန်ကြားချက်ကို တိကျစွာလိုက်နာပါ။

        ကြွက်နို့သည် ယေဘုယျအားဖြင့် အန္တရာယ်မရှိသောအရေပြားပြဿနာဖြစ်သော်လည်း တစ်ခါတစ်ရံ အလွန်အမင်းပွားများလာတတ်ခြင်း၊  အရေပြားကင်ဆာတချို့နှင့် ဆင်တူခြင်း၊ အလွန်ဖြစ်ခဲသော်လည်း အရေပြား ကင်ဆာအဖြစ်ပြောင်းလဲသွားနိုင်ခြင်းစသည်တို့ကြောင့် နားလည်တတ်ကျွမ်းသည့် ဆရာ၀န်နှင့်ပြသ၍ ထိရောက်သော ကုသမှုခံယူသင့်သည်။

 

 

Credit; ဒေါက်တာစုရီဌေး (အရေပြား)