ခန္ဓာဗေဒဆရာ၏ အကျိတ်ကင်ဆာ (အပိုင်း - 1+2)
လူငယ်လေးတစ်ယောက် အမောဖောက်ပြီး ကင်ဆာဆောင်ထဲရောက်လာသည်။ အခြားဆေးရုံတစ်ရုံက လွှဲ လိုက်တာပါ။ လည်ပင်းမှာလည်း အကျိတ်တွေအများကြီး။ ရင်ဘတ်ဓာတ်မှန်ကို ကြည့်လိုက်တော့ ရင်ခေါင်းထဲ အလည်တည့်တည့်မှာ ဖြူဖွေးနေသည့် အလုံးကြီး တစ်လုံး။ လူနာနှင့် တပါတည်းပါလာသည့် လည်ပင်းအကျိတ် အသားစအဖြေကို ကြည့်လိုက်တော့ ထင်သည့်အတိုင်းပါပဲ။ ဟော့ဂျ်ကင်းအကျိတ်ကင်ဆာ (Hodgkin’s disease) ပါ။ ဒီကောင်လေးကို အမြန်ဓာတ်ရောင်ခြည်ပေးရမည်။ ကင်ဆာဆေးများသွင်းရမည်။ တတ်နိုင်ရင်တော့ ကင်ဆာဆေး များ မသွင်းခင်မှာ ကောင်လေး၏သုတ်သွေး (Sperm) တွေကို ကြိုတင်ထုတ်ယူပြီး သိုလှောင်ထားရမည်။ ဟော့ဂျ် ကင်းရောဂါကိုကုလိုက်ပြီဆိုတာနှင့် ကောင်လေးအဖို့ သားသမီးရချင်မှ ရနိုင်တော့မည်လေ။ ကင်ဆာကုထုံးက အလွန်ကြမ်းမဟုတ်လား။
လူနာ့အတွက် ကုသမှုအစီအစဉ်ကို ချရေးပေးပြီးနောက် ကျွန်တော့်အတွေးတွေက အတိတ်ဆီရောက်သွား သည်။ ဘာလို့ ဟော့ဂျ်ကင်းရောဂါလို့ ခေါ်ပါသလဲ။ ဟော့ဂျ်ကင်း လင်ဖိုးမားအကျိတ်ကင်ဆာကို ကင်ဆာဆောင်ထဲ စတင်သွတ်သွင်းခဲ့သူက သောမတ်ဟော့ဂျ်ကင်း (Thomas Hodgkin) အမည်ရ 19 ရာစုအင်္ဂလိပ်လူမျိုး ခန္ဓာဗေဒ ပညာရှင်တစ်ဦးပါ။ အရပ်ခပ်ပျပ်ပျပ်၊ လူကပိန်ပိန်နှင့်၊ နှာခေါင်းကောက်ကောက်၊ မုတ်ဆိတ်မွှေးထူလပျစ်နှင့် ပုဂ္ဂိုလ် ဖြစ်ပါသည်။ ဟော့ဂျ်ကင်းကို 1798 ခုနှစ်မှာ လန်ဒန်မြို့ပြင် ရွာကလေးတစ်ရွာမှာ မွေးခဲ့သည်။ ငယ်ငယ်တုန်းက အလွန်ထွားသည့် ကလေး။ ပထ၀ီ၀င်ဘာသာရပ်မှအစ သချၤာဘာသာအလယ်၊ ဓာတုဗေဒဘာသာအဆုံး အကုန်စိတ် ၀င်စားသူဖြစ်သည်။ ဖြစ်ချင်တာက ပထ၀ီပညာရှင်။ နောက်ဆုံးတော့ အီဒင်ဘာရာတက္ကသိုလ်မှ ဆရာ၀န်ဘွဲ့ရခဲ့သည်။
ဆရာ၀န်ဖြစ်လာတော့ ဟော့ဂျ်ကင်းက ခန္ဓာဗေဒပညာကို အလွန်စိတ်၀င်စားသည်။ အထူးသဖြင့်ရောဂါ ေ၀ဒနာခံစားနေကြရသည့် လူ့ခန္ဓာတွေကို စိတ်၀င်စားတာပါ။ 1825 ခုနှစ်မှာ လန်ဒန်မြို့ပေါ်ရှိ အထင်ကရဆေးရုံ ကြီးဖြစ်သည့် စိန့်သောမတ်ဆေးရုံ နှစ်ခြမ်းကွဲသည်။ ခွဲထွက်သည့် ဆေးရုံအမည်က ဂိုင်း(Guy’s) ဆေးရုံပါ။ ဆေးရုံမှာ ရှိသည့် ခန္ဓာဗေဒဌာနကြီးကိုလည်း ခွဲပေးရမလား၊ မခွဲဘူးလား ပြဿနာတွေဖြစ်သည်။ ဌာနထဲမှာက အနှစ်နှစ် အလလ စုဆောင်းထားခဲ့သည့် လူ့နှလုံးတွေ၊ ဦးနှောက်တွေ၊ အစာအိမ်တွေ၊ အရိုးစုတွေကို ကြာရှည်ခံအောင် ဖော်မလင်ဆေးရည်ဖြင့်စိမ်ပြီး စုဆောင်းထားတာရှိသည်။ ဆေးကျောင်းသားတွေကို စာသင်ပေးဖို့ စုဆောင်းခဲ့ကြတာ ပါ။ တကယ်တမ်းကွဲကြတော့ စိန့်သောမတ်က သူ့ဆေးရုံ၏ ပိုင်ဆိုင်မှုတွေကို ခွဲထွက်မည့် ဂိုင်းဆေးရုံသို့ လုံး၀ခွဲမပေးနိုင်ဟုငြင်းသည်။ ဒီတော့ ဂိုင်းဆေးရုံအနေဖြင့် ကိုယ်ပိုင်ခန္ဓာဗေဒဌာနဖွင့်ပြီး လူ့အင်္ဂါတွေကို စုဆောင်းဖို့ဖြစ်လာတော့သည်။
ထိုအချိန်မှာ ဟော့ဂျ်ကင်းက ပါရီမြို့မှာ ပြန်ရောက်ကာစ။ ပါရီမှာ လူသေအလောင်းများကို ဘယ်လိုခွဲစိတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဘယ်လိုထုတ်ယူရမလဲဆိုသည်ကို သင်ယူလာခဲ့သည်။ “ဂိုင်း” ဆေးရုံအတွက် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ စုဆောင်းဖို့နှင့် ခန္ဓာဗေဒပြခန်းအသစ် ထူထောင်ဖို့ ဟော့ဂျ်ကင်းလုံးပန်းသည်။ သူ့ကိုယ်သူ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းပြတိုက်တာ၀န်ခံနှင့် လူသေများအတွက် စုံထောက်ကြီးဟု အမည်ပေးထားသေးသည်။
ဟော့ဂျ်ကင်း၏ လူသေစုံထောက်လုပ်ငန်းက အတော်လေးအလုပ်တွင်ပါသည်။ နှစ်အနည်းငယ်မှာပင် “ဂိုင်း” ဆေးရုံ၊ ခန္ဓာကိုယ်ဗေဒဌာနပြခန်းအတွက် ရာနှင့်ချီသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စုမိဆောင်းမိရှိလာခဲ့ပြီ။ နိစ္စဓူ၀ လူသေအလောင်းတွေကို ခွဲစိတ်နေရသည့် အလုပ်က တကယ်တော့ မလွယ်ပါ။ ဟော့ဂျ်ကင်းသည် ခန္ဓာဗေဒ ပညာရှင်အလုပ်မှာ ပါရမီအထုံပါသူဖြစ်သည်။ အချိန်ကြာလသည်နှင့်အမျှ ဟော့ဂျ်ကင်းသည် ပြခန်းတာ၀န်ခံ တစ်ဦး၊ စာကြည့်တိုက်မှူး တစ်ဦးဖြစ်လာသလို ရောဂါဗေဒပညာရှင်တစ်ဦးပါ ဖြစ်လာလေတော့သည်။ ဟော့ဂျ်ကင်း၏ “ဂိုင်း” ဆေးရုံရှိ ခန္ဓာဗေဒပြခန်းနေရာမှာ အခုမရှိတော့ပါ။ ဒါပေမယ့် သူစုဆောင်းထားခဲ့သည့် သူ့လက်ရာ လူ့ခန္ဓာကိုယ် အစိတ်ပိုင်းများကိုတော့ ယနေ့တိုင်း သိမ်းဆည်းထားရှိလေသည်။
ဟော့ဂျ်ကင်းသည် သူစုဆောင်းထားသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အမျိုးတူရာစုစည်းထားသည်။ အဆုတ်တန်းမှာဆိုရင် လူ့အဆုတ်တစ်စုံချင်းစီကို ဖန်ပုလင်းကြီးထဲထည့်ပြီးဖော်မလင်ဖြင့် စိမ်ထားသည်။ ဒီလိုပဲ နှလုံးတွေချည်း စုထားသည့် နှလုံးတန်း၊ ဦးနှောက်တွေချည်း စုထားသည့် လူ့ဦးနှောက်တန်း၊ ကျောက်ကပ်တွေချည်း စုထားသည့် ကျောက်ကပ်တန်းစသဖြင့် အမျိုးစုံသည်။ လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုတာ တစုံတယောက် ကွယ်လွန် ပြီးမှသာ ထုတ်ယူခွင့်ရှိတာပါ။ မတော်တဆသေလွန်သူတွေရှိသလို ရောဂါေ၀ဒနာခံစားရပြီး ကွယ်လွန်ကြသူများလည်း ရှိပါလိမ့်မည်။ ထိုသူအသီးသီးမှ ရရှိလာသည့် ကိုယ်အင်္ဂါများသည် အမျိုးအစားတူညီသည့် တိုင်အောင် နောက်ခံ ရောဂါအခြေအနေအရ ကွဲပြားနေတာလေးတွေရှိနိုင်ပါသည်။ ဥပမာ အဆုတ်တွေချည်းစုထားသည့့် အဆုတ်တန်းမှာ ကင်ဆာဖြစ်နေသည့်အဆုတ်တွေလည်း ပါမည်။ တီဘီရောဂါကြောင့် လှိုက်စားပြီးအခေါင်းပေါက်ဖြစ်နေသည့် အမာ ရွတ်ဖြစ်နေသည့် အဆုတ်တွေလည်းရှိမည်။ ထိုသိုသောရောဂါ ဖြစ်ပွားနေသည့် ကိုယ်အင်္ဂါများကို မျက်မြင်လေ့လာ ခြင်းအားဖြင့် ဟော့ဂျ်ကင်း သည် ရောဂါဗေဒကျွမ်းကျင်သူ၊ ခန္ဓာဗေဒပညာရှင်ကြီး တစ်ယောက်ဖြစ်လာလေတော့သည်။
1832 ခုနှစ်၊ ဆောင်းရာသီတွင် ဟော့ဂျ်ကင်းက သူအနှစ်နှစ်အလလ စုဆောင်းထားခဲ့သမျှမှ တွေ့ရှိချက် တစ်ချို့ကို ထုတ်ပြန်ကြေညာသည်။ ထိုတွေ့ရှိချက်ထဲမှာ တကိုယ်လုံးပျံ့နှံ့ဖြစ်ပွားသည့် ရောဂါတစ်မျိုးကြောင့် ကွယ်လွန်သွားသည့် လူငယ်လေးတွေချည်းစုစည်းထားသော မှတ်တမ်းတစ်ခုပါသည်။ ပြန်ရည်ကျိတ်တွေ ကြီးမား ရောင်ကိုင်းပြီး ဖြစ်ရသည့်ရောဂါဟု သူက အကြမ်းဖျဉ်းအမည်ပေးထားသည်။ ထိုအချိန်ကာလ 19 ရာစုအတွင်းမှာ အကျိတ်တွေကြီးပြီဆိုရင် တီဘီရောဂါနှင့် ဆစ်ဖလစ်ရောဂါများကြောင့် ဖြစ်ရသည်ဟု လက်ခံထားကြသည်။ တကယ်လည်း အဖြစ်များသည့်ရောဂါကြီးနှစ်ခုပါ။ ဒါပေမယ့် သူ့တွေ့ရှိချက်ထဲက လူငယ်လေးတွေ တကိုယ်လုံး အကျိတ်တွေကြီးပြီး ကွယ်လွန်ရသည့်ကိစ္စကိုတော့ တီဘီနှင့် ဆစ်ဖလစ်ကြောင့်ဟု မထင်။
ထိုလူငယ်လေး 7 ယောက်၏ ခန္ဓာကိုယ်များကို လေ့လာသုံးသပ်ပြီး ဟော့ဂျ်ကင်းက စာတမ်းတစ်စောင်တင် သွင်းခဲ့ခြင်းဖြစ်ပါသည်။
“ပြန်ရည်ကျိတ်နှင့် ဘေလုံးတို့ရောင်ပြီး ကွယ်လွန်ကြသည့်ကိုယ်ခန္ဓာများအား လေ့လာခြင်း” ဟု အမည်ပေး ထားသည်။ လူသေအလောင်းထဲက ကိုယ်အင်္ဂါများကို ထုတ်ယူပြီး ဖန်ပုလင်းများထဲထည့်၊ ဆေးရည်စိမ်ရသည့် အလုပ်ကို လုပ်နေရသူ လူငယ်ဆရာ၀န်တစ်ဦး တင်သွင်းသည့် စာတမ်းကို လာနားထောင်သူ ရှစ်ဦးသာရှိပါသည်။ ဟော့ဂျ်ကင်း တင်ပြသမျှနားထောင်ပြီး အခမ်းအနားတက်ရောက်သူမှတ်တမ်းမှာ လက်မှတ်ထိုးလျက် ပြန်သွားကြသည်။ စိတ်၀င်စားဟန်လည်း မပြုကြ။
ဟော့ဂျ်ကင်းကိုယ်တိုင်လည်း စိတ်ပျက်သွားသည်။ သူ့ကိုယ်သူလည်း အားမရ။ နောက်တော့ သူကထိုအတွေ့ အကြုံကို ဒီလိုပြန်ရေးပါသည်။ “ရောဂါဗေဒဆိုင်ရာတွေ့ရှိချက်များသည် ကုသမှုတစုံတရာနှင့် တွဲပြီးမတင်ပြလျှင် တန်ဖိုးမရှိဖြစ်တတ်သည်။ လုံး၀ပျောက်ကင်းစေမည့် ကုသမှုပဲဖြစ်ဖြစ်၊ တစ်ပိုင်းတစ်စပျောက်ကင်းစေမည့် ကုသမှုနှင့်ပဲဖြစ်ဖြစ် တွဲဖက်ဆက်စပ်တင်ပြဖို့လို သည်။” နောက်ပိုင်းမှာ ဟော့ဂျ်ကင်းတစ်ယောက် “ဂိုင်း” ဆေးရုံမှ အလုပ်ထွက်သည်။ စိန့်သောမတ်ဆေးရုံမှာ ခေတ္တအလုပ်ပြန်၀င်သည်။ 1844 ခုနှစ်မှာတော့ ဟော့ဂျ်ကင်းသည် သူ့ခန္ဓာဗေဒသုတေသနလုပ်ငန်းများအားလုံးမှ အနားယူသွားလေတော့သည်။
1898 ခုနှစ် ဟော့ဂျ်ကင်း ကွယ်လွန်ပြီး နှစ်ပေါင်း 30 အကြာမှာ သြစတြီးယန်းလူမျိုး ရောဂါဗေဒဆရာ၀န် တစ်ဦးဖြစ်သည့် ကားလ်စတန်းဘဂျ် (Carl Stemberg) က လူနာတစ်ဦး၏ ပြန်ရည်ကျိတ်များကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ပြီးလေ့လာသည်။ (ဟော့ဂျ်ကင်းတို့ ခေတ်က အဏုကြည့်မှန်ပြောင်း မပေါ်သေး။) အဲဒီမှာ ထူးထူး ခြားခြား ဆဲလ်တွေကို သွားတွေ့သည်။ ထိုဆဲလ်တွေက အရွယ်လည်းကြီး၊ ပုံစံလည်းပျက်နေသည်။ ညူကလီးယပ်စ် နှစ်လုံးပါသည်။ ဇီးကွက်မျက်လုံး (Owl’s eyes) နှင့် တူသည်။ တစ်ချိန်က ဟော့ဂျ်ကင်းတင်ပြခဲ့သည့် ခန္ဓာဗေဒပုစၧာ၏ နိဂုံးအဖြေကို အခုမှရသည်။ ထိုဇီးကွက်မျက်စိသဏ္႑ာန်ဆဲလ်များမှာ ကင်ဆာဆဲလ်များဖြစ်ပါသည်။ ကင်ဆာသွေးဖြူဥ (Lymphocytes) များဖြစ်ပါသည်။ ဟော့ဂျ်ကင်းမှ ပထမဆုံးစတင်တွေ့ရှိ သတိပြုမိခဲ့သည့်အတွက် ပြန်ရည်ကျိတ်ထဲ မှာ သွေးဖြူဥဆဲလ်များကင်ဆာဖြစ်ခြင်းကို ဟော့ဂျ်ကင်းလင်ဖိုးမား (Hodgkin’s Lymphoma) ဟု အမည်ပေးလိုက်ပါတော့သည်။
ခန္ဓာကိုယ်ထဲမှာ ဖြစ်ပွားကြသည့် ကင်ဆာများက တစ်ခုနှင့်တစ်ခုသဘောသဘာ၀ချင်းမတူ။ ဥပမာ အဆုတ် ကင်ဆာကိုပဲကြည့် လေပြွန်ထဲကနေရာလေး တစ်နေရာမှာ ကင်ဆာအစပျိုးမည်။ အဲဒီအကျိတ်ကလေးက သိသိသာသာကြီးမားမလာခင်၊ အနီးအနားသို့ မပျံ့နှံ့ခင်မှာပဲ ဦးနှောက်ထဲထိ ကင်ဆာဆဲလ်တွေက ခုန်ပျံကျော်လွှားပြီး ရောက်သွားနိုင်သည်။ မုန့်ချိုအိတ်ကင်ဆာမှာဆိုရင်လည်း မုန့်ချိုအိတ်မှာအလုံးအကျိတ်ပီပီပြင်ပြင် မဖြစ်ခင်မှာကိုပဲ အရိုးနှင့် အသည်းများဆီပျံ့နှံ့နေ တတ်သည်။ ဟော့ဂျ်ကင်းလင်ဖိုးမားကင်ဆာများကျတော့ ဒီလိုမဟုတ်။ နေရာတစ်နေရာမှ ပြန်ရည်ကျိတ်အုပ်စု တစ်စုမှာ အရင်ဖြစ်မည်။ ပြီးမှအနီးအနားရှိ အခြားအကျိတ်အုပ်စုတစ်စုဆီသွားမည်။ တစ်နေရာမှ တစ်နေရာသို့ အဆင့်လိုက်သာ ပျံ့နှံ့လေ့ရှိသည်။ ဟိုမှသည်မှ ခုန်ပျံကျော်လွှားတာမျိုး နည်းပါးပါသည်။ ဒါကြောင့်လည်း ခန္ဓာဗေဒဆရာကြီး ဟော့ဂျ်ကင်းမှ အဲသလိုကြီးနေသည့် အကျိတ်အုပ်စုတစ်နေရာကို ရှာတွေ့ခဲ့ခြင်းဖြစ်ပါသည်။ အကယ်၍ သူသာလူ့ခန္ဓာဗေဒသုတေသနများကို စိုက်လိုက်မတ်တတ် ဆက်လက်လေ့လာခဲ့မည်ဆိုပါလျှင် ဟော့ဂျ်ကင်း ကင်ဆာ၏ ရောဂါဗေဒနောက်ခံအခြေအနေများ ကို စောစီးစွာဖော်ထုတ်နိုင်ခဲ့လိမ့်မည်ဟု ခန့်မှန်းရပါသည်။
1950 ပြည့်လွန်နှစ်များက ဟန်နရီကပ်ပလန် (Henry Kaplan) သည် ကယ်လဖိုးနီးယားပြည်နယ်၊ စတန့်ဖို့ဒ် တက္ကသိုလ်၊ ဓာတ်မှန်ပညာဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပါသည်။ တစ်ရက် ကော့တေးပါတီတစ်ခုမှာ သူသတင်းတစ်ခု ကြားလာသည်။ သူတို့တက္ကသိုလ်ဆေးရုံမှာ Linear Accelerator (LA) ဓာတ်ရောင်ခြည် စက်ကြီးတစ်လုံး တည်ဆောက်ဖို့ရှိသည်ဟူသော သတင်းပါ။ LA ဆိုသည့် စက်ကြီးက ဓာတ်မှန်စက် အမျိုးအစားပါပဲ။ X-ray ဆိုသည့် ရောင်ခြည်တန်းတွေကို ထုတ်ပေးသည့် စက်ကြီးပါ။ ဒါပေမယ့် သမားရိုးကျဓာတ်မှန်ရိုက်စက်များနှင့် မတူတာက သူကအရှိန်ပြင်းသည့် X-rays တွေကို ထုတ်လွှတ်ပေးနိုင် တာပါ။ ပုံမှန်ဓာတ်မှန်ရိုက်စက်ဆိုရင် X-ray တွေက ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး နောက်ဖက်က ဖလင်ချပ်ပြား ကြီးမှာ ပုံရိပ်သွားပေါ်သည်။ LA စက်ကြီးတွေက ထုတ်လွှတ်လိုက်သည့် X-rays များမှာမူ အရှိန်ပြင်းလွန်း သဖြင့် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားရုံမျှမက သူဖြတ်သွားသည့် လမ်းကြောင်းပေါ်က ဆဲလ်တွေ၊ တစ်သျှူးတွေ ကိုပါ သေကြေစေနိုင်သည်။
ဒေါက်တာကပ်ပလန်က အမေရိကန်ပြည် အမျိုးသားကင်ဆာ အင်စတီကျူ (NCI) မှာ ပညာသင်ယူခဲ့သည်။ NCI မှာရှိနေစဉ် သွေးကင်ဆာရောဂါများကို X-ray အသုံးပြုပြီး ကုသဖို့ တိရစၧာန်များမှာ သုတေသနပြုခဲ့ဖူးသည်။ ဒါပေမယ့် သူစိတ်၀င်စားသည်က သွေးကင်ဆာလို အရည်ကင်ဆာမျိုးတွေမဟုတ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာလို အရည်ကင်ဆာမျိုးတွေမဟုတ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် လင်ဖိုးမားအကျိတ်ကင်ဆာများလို အစိုင်အခဲကင်ဆာများကိုသာ သူစိတ်၀င်စားသည်။ အစိုင်အခဲ ကင်ဆာတွေက များသောအားဖြင့် ဓာတ်ရောင်ခြည်ပေးပြီး ကုသလို့ရသည်။ အစိုင်အခဲကင်ဆာတွေကို သတ်နိုင်ဖို့ သာမန်ဓာတ်မှန်ရိုက်စက်က ထုတ်ပေးမည့် X-ray လောက်နှင့် မရ။ ပြင်းအားမြင့် ဓာတ်ရောင်ခြည်စက်ကြီးများ ထုတ်လုပ်ဖို့လိုအပ်သည်ဟု သူနားလည်ထားသည်။
သူတို့ဆေးရုံမှာ တပ်ဆင်တော့မည် LA စက်ကြီးက လူ့တစ်သျှူး၊ အသွေးအသားတွေအကြားမှာ ပုန်းအောင်း နေတတ်သည့် ကင်ဆာဆဲလ်တွေထိရောက်အောင်သွားပြီး သတ်ပစ်နိုင်စွမ်းရှိသည်။ 1953 ခုနှစ်တွင် စတန်းဖို့ဒ်ရှိ ရူပဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများကို ဦးဆောင်တိုက်တွန်းပြီး သူ့စိတ်ကြိုက် LA စက်ကြီးတစ်လုံးကို တီထွင်နိုင်ဖို့ဒေါက်တာကပ်ပလန် ကြိုးစားပါသည်။ 1956 ခုနှစ်မှာ ဆန်ဖရန်စစ္စကိုမြို့ရှိ ဂိုဒေါင်ကြီးတစ်ခုထဲမှာ LA ဓာတ်ရောင်ခြည် စက်သစ်ကြီးကို စတင်စမ်းသပ်နိုင်ခဲ့သည်။
ကောင်းပြီ။ LA စက်ကြီးလည်း တပ်ဆင်ပြီးသွားပြီ။ ဘယ်လို ကင်ဆာတွေကို ကုသပေးကြ မလဲ။ သေချာတာက သွေးကင်ဆာလို တစ်ကိုယ်လုံး လှည့်ပတ်နေသည့် ကင်ဆာမျိုးမှာတော့ ဓာတ်ရောင်ခြည်နှင့် ကုသလို့မရ။ ဓာတ်ရောင်ခြည် LA စက်ကြီးကတစ်ကြိမ်ပေးလျှင် လူ့ခန္ဓာကိုယ်၏ နေရာတစ်နေရာတည်း ကိုသာ ပေးလို့ရသည်။ ဟော့ဂျ်ကင်းအကျိတ်ကင်ဆာလို ရောဂါမျိုး ဆိုရင်တော့ အလွန်အသုံးတည့်မှာသေချာသည်။
ကင်ပလန်သည် ဟော့ဂျ်ကင်းလင်ဖိုးမားအကျိတ်ကင်ဆာကို X-ray ဓာတ်ရောင်ခြည်ဖြင့် ပထမဆုံးစတင် ကုသခဲ့သည့် ဆရာ၀န်တော့မဟုတ်ပါ။ ဒါပေမယ့် ဟော့ဂျ်ကင်းရောဂါနှင့် ပတ်သတ် လာလျှင်တော့ ဖိဖိစီးစီး၊ စနစ် တကျဖြင့် ကုသသုတေသနပြုသူဖြစ်ပါသည်။ 1930 ပြည့်လွန်နှစ်များအတွင်းက ဆွစ်လူမျိုး ရီနီဂဲလ်ဘတ် (Rene Gilbet) အမည်ရဓာတ်မှန်ဆရာ၀န်တစ်ဦးက ဟော့ဂျ်ကင်း ကင်ဆာရောဂါကြောင့် ကြီးနေသည့် အကျိတ်များကို ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ကျုံ့သွားစေနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ဒါပေမယ့် ဂဲလ်ဘတ်၏ လူနာတွေက ကုသပြီးတာနှင့် သိပ်မကြာခင်မှာ ရောဂါပြန်ဖြစ် ကြသည်။ ဖြစ်သည့်နေရာကလည်း သူဓာတ်ရောင်ခြည်ပေးထားခဲ့သည့် နေရာတ၀ိုက်က အကျိတ်နေရာတွေဖြစ်ပါသည်။
နောက်ပိုင်းမှာ တော်ရွန်တိုအထွေထွေဆေးရုံကြီးမှ ကနေဒါလူမျိုးအမျိုးသမီးခွဲစိတ်ဆရာ၀န်တစ်ဦးဖြစ် သည့် ဗီရာပီတာ (Vera Peters) က ဂဲလ်ဘတ်၏ သုတေသနကို ဆက်လုပ်သည်။ သူက ဓာတ်ရောင်ခြည်ပေးသည့် ဧရိယာကိုချဲ့လိုက်သည်။ အရင်လို အကျိတ်တစ်လုံးထဲကို ချိန်ပြီးပေးတာ မဟုတ်တော့ပဲ အကျိတ်တွေရှိနေသည့် နေရာတစ်ခုလုံးကို ကျယ်ပြန့်စွာဓာတ်ရောင်ခြည်ပေးလိုက်သည်။ ဗီရာက သူ့ကုထုံးကို Extended Field Radiation ဟု အမည်ပေးသည်။ နေရာချဲ့ထွင် ဓာတ်ရောင်ခြည်ပေးခြင်းပေါ့။ 1958 ခုနှစ်မှာ ဗီရာက သူပြုလုပ်ထားခဲ့သည့် ဓာတ်ရောင်ခြည်ကုထုံး သုတေသနကို ပြန်လည်အနှစ်ချုပ်သုံးသပ်သည်။ ရလဒ်က သူမ၏ကုထုံးသည် ရောဂါဖြစ်ခါစ ဟော့ဂျ်ကင်း အကျိတ်ကင်ဆာလူနာများ၏ အသက်ကိုပိုရှည်စေကြောင်း အဖြေထွက်လာသည်။ ဒါပေမယ့် သုတေသနကို ပိုခိုင်မာအောင် သက်သေနိုင်ဖို့တော့ လိုနေပါသေးသည်။ (ထိုအချိန်ကာလများက ပြုလုပ်သည့် လက်တွေ့သုတေသနများ၏ အားနည်းချက်တစ်ခုက သုတေသနမှာပါ၀င်မည့် လူနာကိုကြုံသလို (Random) ရွေးချယ်တာမျိုး မဟုတ်ပဲ ကောင်းလောက်မည်ဟုယူဆသည့် လူနာများကိုသာ ထည့်သွင်းရွေးချယ်ကြသည့်ပြဿနာဖြစ်ပါသည်။)
ဗီရာ၏ တွေ့ရှိချက်ကို ကပ်ပလန်က လက်ခံသည်။ သူ့ယုံကြည်ချက်အတိုင်းဆိုရင် ဒီလိုသာ ဓာတ်ရောင်ခြည် ကိုကျယ်ကျယ်ပြန့်ပြန့်ပေးမည်ဆိုပါက အသက်ရှည်ရုံမှမက ရောဂါလုံး၀ပျောက်ကင်း သွားလိမ့်မည်ဟုပင်ထင်သည်။ ဒါပေမယ့် ထုံးစံအတိုင်းသက်သေပြဖို့တော့ လိုပါလိမ့်ဦးမည်။ 1962 မှာ ကပ်ပလန်က သူ့ယုံကြည်ချက်ကို သက်သေပြနိုင်ဖို့ ကြိုးစားသည်။ ပထမဆုံးသုတေသန စမ်းသပ်ချက်ပြုလုပ်ရန် လူနာကို အုပ်စုနှစ်စုခွဲလိုက်သည်။ ပထမအုပ်စုကို နေရာကျယ်ကျယ် ဓာတ်ရောင်ခြည်ပေးသည်။ ဒုတိယအုပ်စုကိုတော့ အကျိတ်နေရာကိုသာ အဓိကထား၍ နေရာကျဉ်းကျဉ်းသာ ဓာတ်ရောင်ခြည်ပေးသည်။ နောက်တော့ ဘယ်လိုအဖြေထွက်လာသလဲ စောင့်ကြည့်သည်။ အဖြေက ရှင်းပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ဓာတ်ရောင်ခြည်အပေးခံရသူတွေက ရောဂါပြန်ကြွနိုင်မှု အခွင့်အလမ်းပိုနည်းကြောင်း တွေ့ရသည်။
Credit; ဒေါက်တာလွှမ်းမိုးဟန်
Health Digest Journal
Vol-13, No-21, 17-2-2016















